ကမ္ဘာ့အမြင်အာရုံနေ့ - မျက်စိကျန်းမာဖို့ ဘယ်လိုနေထိုင်ကြမလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မျက်စိကောင်းနေတဲ့ သူတွေအတွက်တော့ မျက်စိကျန်းမာရေး ဆိုတာ သိပ်ပြီး အလေးထား စဉ်းစားတဲ့ အထဲ မပါပါဘူး။
လူတွေဟာ မျက်စိကို စဖွင့်လိုက်တဲ့ အချိန်က စပြီးပိတ်တဲ့ အချိန်ထိ မရပ်မနားအသုံးပြုကြတယ်၊ တကယ်တော့ မျက်စိ မျက်လုံးတွေဟာလည်း နှလုံးလိုပဲ မနေမနား အလုပ်လုပ်နေရတာ ဖြစ်တယ်လို့ တော်ဝင် မျက်စိမျက်လုံး သမားတော်များအဖွဲ့ Royal College of Ophthalmologists ရဲ့ အဖွဲ့ဝင်တယောက်ဖြစ်တဲ့ မျက်စိ ဆရာဝန်မကြီး ဆာရာမေးလင်း က ပြောပါတယ်။
တခုရှိတာက လူတွေ ပြေးတဲ့ အခါမှာ နှလုံးခုန်နှုန်းက မြန်လာပြီး နောက်ဆုံး အရှိန်လျှော့ပေးလိုက်ရတာမျိုး ရှိပေမယ့် မျက်လုံးတွေကိုကျ ဘယ်လောက် ပင်ပန်းနေနေ အနားပေးဖို့ မစဉ်းစားမိတာပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ပြီးတော့ ကိုယ့်မျက်စိ မျက်လုံး ဘယ်လောက် ကောင်းနေသေးသလဲ စစ်ဆေးကြည့်ဖို့လည်း သိပ် သတိမရကြဘူးလို့ ဆာရာမေးလင်း သူက ဆိုပါတယ်။
ဒီအချက်ကိုပဲ ကမ္ဘာ့ အမြင်အာရုံနေ့ကို ကျင်းပတဲ့ အဖွဲ့အစည်းကြီးက ပြောင်းလဲနိုင်ဖို့ ကြိုးစားနေတာပါ။ လူတွေကိုယ့်မျက်စိ ကျန်းမာရေးကို အလေးထားဖို့ အရေးကြီးကြောင်း၊ ဘယ်နေရာတွေမှာ ကုသမှု ပေးနိုင်ကြောင်းတွေကို သိနိုင်သမျှ သိစေဖို့ သတင်းစကား ပါးလိုကြောင်း အပြည်ပြည်ဆိုင်ရာ အမြင်အာရုံ ဆုံးရှုံးမှု ကာကွယ်ရေး အဖွဲ့ International Agency for the Prevention of Blindness (IAPB) ရဲ့ အကြီးအကဲ ဖြစ်တဲ့ ပီတာဟော်လန် က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lucy Owen/BBC
ဘီဘီစီက သတင်းထောက် တယောက်ဖြစ်သူ လူစီအိုဝင်ဆိုလည်း မကြာသေးခင်ကပဲ ပုံမှန် ဆေးစစ်မှုတခုကြောင့် သူ့အမြင်အာရုံ မဆုံးရှုံးဖို့ ကာကွယ်နိုင်ခဲ့တဲ့ အကြောင်း ရေးသားခဲ့ပါသေးတယ်။
လူစီဆို အသက် ၁၆ နှစ် အရွယ်ကတည်းက မျက်ကပ်မှန် တပ်လာခဲ့တာ ဖြစ်ပြီး အသက် ၅၀ ကျော်လာတဲ့ အခါမှာ သူ့ မျက်လုံးထောင့်မှာ အလင်းရောင်တွေ ဖြတ်ကနဲ တွေ့ တွေ့လာရပါတယ်။
ခဏခဏ ဖြစ်တာမျိုး မဟုတ်ဘဲ တနေ့ကို ၁ ခါ ၂ ခါလောက်ပဲ ဖြစ်တတ်တာ၊ နည်းနည်းတော့ ကသိကအောင့် ဖြစ်ပေမယ့် ချက်ခြင်း မျက်စိစစ်တာမျိုး မလုပ်မိခဲ့ဘူးလို့ သူက ဆိုပါတယ်။
အသက် ၅၂ နှစ် ပြည့်ခါနီးလာတော့ ဒါလည်း အရွယ်နဲ့ လိုက်ပြီး ရလာတဲ့ လက်ဆောင် တမျိုးလို့ပဲ တွေးထားခဲ့မိတယ်လို့ ဆိုပါတယ်။
လူစီက သူဟာ မျက်စိ မျက်လုံးတွေကို ပုံမှန်စစ်ဆေး ကြည့်လေ့ မရှိသလို တခါတလေ နှစ်စဉ် လုပ်နေကျ ဆေးစစ်တာမျိုးတောင် လုပ်ဖို့ မေ့နေတတ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လင်းကနဲ လက်ကနဲ ဖြစ်နေတာတွေက မရပ်တော့တဲ့ အဆုံးမတော့ မျက်စိ သွားစစ်ကြည့်ဖြစ်ပါတော့တယ်။ အဲဒီအခါကျမှ သူ့ မျက်လုံးထဲက မျက်စိအာရုံကြော အလွှာက ကွာချင်သလို ဖြစ်နေတာကြောင့် ဒီလိုတွေ မြင်နေရတယ်ဆိုတာကို သိခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lucy Owen/BBC
အဲဒါနဲ့ လူစီလည်း သူ့ ညာဘက် မျက်လုံးကို အရေးပေါ် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ခွဲစိတ်မှုက မိနစ် ၄၀ လောက်ပဲ ကြာခဲ့ပြီး နာရီ အနည်းငယ် အတွင်းမှာပဲ သူ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။
နောက် တပတ် ၇ ရက်လောက်တော့ အိပ်ရာထဲမှာ ဘေးတစောင်းလှဲနေရင်း အမြင်အာရုံတွေ အရင်လို ပြန်ရဖို့ စောင့်ခဲ့ရတယ်လို့ လူစီက ပြောပါတယ်။ အဲဒီနောက်တော့ တလပြီး တလ သူ့အမြင်အာရုံတွေ ပြန်လည် တိုးတက်လာခဲ့ပြီး အခုဆိုရင် လုပ်ငန်းခွင်တောင် ပြန်ဝင်နေပြီ ဖြစ်ပါတယ်။
သူကတော့ ကံကောင်းလွန်းတယ်လို့ပဲ ဆိုချင်တယ်၊ မျက်စိသွားစစ်မိတာနဲ့ ရောဂါကို ချက်ခြင်းတွေ့ပြီး ချက်ခြင်းကုသနိုင်ခဲ့တာ ဘယ်လောက် ကံကောင်းသလဲလို့ လူစီက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမယ့် လူစီ့လို မျက်စိကျန်းမာရေး စစ်ဆေးပေးတာမျိုးနဲ့ ကုသမှုပေးတာမျိုးတွေက တခြားဆင်းရဲ နွမ်းပါးတဲ့ တိုင်းပြည်တွေမှာ ရဖို့ မလွယ်ပါဘူး။
ကမ္ဘာ့အမြင်အာရုံ နေ့မှာ မီးမောင်းထိုးပြချင်တဲ့ အထဲမှာ ဒီပြဿနာလည်း ပါဝင်ပါတယ်။
ဝင်ငွေ နည်းတဲ့၊ အသင့်အတင့်ပဲ ရကြတဲ့ စီးပွားရေးတွေနဲ့ နိုင်ငံတွေမှာ မျက်စိကျန်းမာရေးနဲ့ ကုသမှုတွေ အတွက် အမျိုးသားအဆင့် စီမံကိန်းတွေ နဲ့ မူဝါဒတွေ ချမှတ်ကြဖို့ လိုနေတယ်လို့ ပီတာဟော်လန်က ယူဆပါတယ်။
အမျိုးသား ကျန်းမာရေး စီမံချက်တွေထဲမှာ မျက်စိကျန်းမာရေးနဲ့ ပတ်သက်လို့ပါ ထည့်သွင်းရေးဆွဲလာစေဖို့ ကြိုးစားရမယ်၊ ဒီတခုတည်းမှာသာ မကဘဲ ကျန်းမာရေး မူဝါဒနဲ့ စီမံချက်တွေထဲ ပြည့်ပြည့်စုံစုံ ထည့်သွင်းလာကြမှ လိုအပ်တဲ့ ကုသမှုတွေကို ရရှိနိုင်ကြမှာ ဖြစ်တယ်လို့ ပီတာဟော်လန်က ပြောပါတယ်။
နိုင်ငံတကာ အလုပ်သမား အစည်းအရုံး International Labour Organization (ILO) ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာထဲမှာ ကမ္ဘာပေါ်မှာ လူပေါင်း ၂.၂ ဘီလျံလောက်မှာ အမြင်အာရုံ အားနည်းတာနဲ့ လုံးဝ မမြင်ရတာမျိုးတွေ ရှိနေတယ်၊ အဲဒီထဲက ၁.၁ ဘီလျံဟာ ကာကွယ်နိုင်တာမျိုး သို့မဟုတ် မကုသဘဲ နေလို့ ဖြစ်ရတဲ့ အမြင်အာရုံ အားနည်းမှုမျိုးတွေကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။
လိုအပ်တဲ့ ကာကွယ်မှုတွေလုပ်နိုင်ဖို့ ပြည့်ပြည့်စုံစုံ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြရင်တော့ ဒီအရေအတွက် တိုးလာမယ်၊ အထူးသဖြင့် ဝင်ငွေနည်းတဲ့၊ အလယ်အလတ်တန်း ဝင်ငွေရှိတဲ့ နိုင်ငံတွေ၊ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ နေထိုင်ကြသူတွေနဲ့ ဌာနေတိုင်းရင်းသားတွေထဲမှာ ပိုပြီး ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
IAPB ကလည်း ဒီနှစ် ကမ္ဘာ့အမြင်အာရုံနေ့ရဲ့ ဆောင်ပုဒ်နဲ့ အညီ အလုပ်ခွင်မှာလည်း မျက်စိကျန်းမာရေး ဦးစားပေးဖို့ အားလုံး ပါဝင် ကြဖို့ လိုတယ်လို့ ပြောပါတယ်။
ILO က ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကမ္ဘာတဝန်းမှာ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ် ရှိတဲ့ လူပေါင်း ၁၃ သန်းလောက်ဟာ အလုပ်ကြောင့် ဖြစ်ရတဲ့ အမြင်အာရုံ အားနည်းမှုတွေကို ခံစားနေရတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အမြင်အာရုံ ထိခိုက်မှုတွေရဲ့ အကြောင်းရင်းတွေထဲမှာ အလုပ်ကြောင့် ဖြစ်ရတဲ့ အမြင်အာရုံ အားနည်းမှုတွေက တတိယ အများဆုံး ဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီ အစီရင်ခံစာထဲမှာ စိုက်ပျိုးရေး၊ သစ်တော၊ ဆောက်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေလို အမိုးအကာ ပြင်ပလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ရတဲ့သူတွေမှာ အမြင်အာရုံ ထိခိုက်စေတဲ့ အရာတွေထဲမှာ ခရမ်းလွန်ရောင်ခြည်နဲ့ အနီအောက် ရောင်ခြည်တွေကြောင့် တိမ်စွဲတာမျိုး ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။
စက်ပစ္စည်းတွေနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းခွင်တွေမှာလည်း လေထုထဲမှာ ပျံ့နှံ့နေတဲ့ အရာတွေရှိကြောင်း၊ အဲဒီအရာတွေက မျက်လုံးကို အရှိန်ကောင်းကောင်းနဲ့သော်လည်းကောင်း၊ မြင့်မားတဲ့ အပူချိန်နဲ့ သော်လည်းကောင်း တိုက်မိ၊ ဖောက်ဝင်တာမျိုး ရှိတတ်တာကြောင့် လုံလောက်တဲ့ အကာအကွယ်မျိုးတွေ ဝတ်ဆင်ဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
နောက်ပြီး ဒီနေ့ခေတ် လုပ်ငန်းခွင်က လူတွေမှာ ကြုံရတဲ့ ပြဿနာ နောက်တခုလည်း ရှိပါသေးတယ်။
ဒါကတော့ ကွန်ပျူတာ ကြည့်တာ ကြာလို့ မျက်ကြောတက်တတ်တဲ့ ပြဿနာ ဖြစ်ပါတယ်။ လူတွေဟာ မျက်စိနဲ့ ကွန်ပျူတာ အကြား အကွာအဝေး တခုမှာ အကြာကြီး ကြည့်ရင်း အလုပ်လုပ်တတ်ကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အဲဒါကြောင့် မျက်လုံး ကြွက်သားတွေဟာ ဒီအနေအထားကို အကြာကြီး ထိန်းထားကြရတယ်၊ ဒီလို ကွန်ပျူတာ အကြာကြီး ကြည့်တတ်ကြတာကြောင့် ကြာလာတဲ့အခါ မျက်စိ၊ အမြင်အာရုံတွေနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာကြတယ်လို့ ဖော်ပြထားပါတယ်။
ငွေကုန်ကြေးကျမများဘဲ အမြင်အာရုံ ကောင်းအောင် ဘယ်လို လုပ်ကြမလဲ
မျက်စိ ဆရာဝန်ကြီး ဆာရာမေးလင်း က အခုလို အကြံပြုထားပါတယ်။
- ကိုယ့်မွေးနေ့ ရောက်တိုင်း ကိုယ့်မျက်လုံးတွေကို သတိတရနဲ့ တနေတာလုံး ဂရုစိုက် အနားယူပေးကြပါ
- မျက်စိကောင်း မကောင်း သိအောင် စစ်ကြည့်ပါ။ တခုခုကို မျက်စိ နှစ်ဖက်လုံး ဖွင့်ပြီး ကြည့်ပါ။ ပြီးရင် တဖက်စီ ပိတ်ဖွင့်လုပ်ကြည့်ပါ။ တကယ်လို့ မြင်ရတာက မတူဘဲ ကွာခြားနေပြီ ဆိုရင်တော့ မျက်စိ ပြဖို့ လုပ်ရပါမယ်။
- ကိုယ့်မှာ ၇ နှစ်အောက် ကလေးရှိတယ်၊ မျက်စိဆေးရုံ ဆေးခန်းကလည်း ဝေးတယ်ဆိုရင် သူတို့ကို အဝေးက တခုခုကို ကြည့်ခိုင်းပြီး နှစ်ဖက်စလုံး သေချာ မြင်ရသလားဆိုတာ စစ်ကြည့်ပါ။ အဲ့ဒီလို လုပ်တဲ့အခါ ကလေးသူငယ်တွေမှာ ဖြစ်တတ်တဲ့ အမြင်အာရုံ အားနည်းတဲ့ ရောဂါမျိုးတွေ တွေ့လာတတ်ပါတယ်။ အဲဒီအခါကျရင်တော့ ကုသဖို့ လုပ်ရပါမယ်။
- နောက်တချက် အမြဲ မှတ်ထားရမယ့် အရာကတော့ မျက်စိကျန်းမာဖို့ အတွက် ကြိုတင်ကာကွယ်မှုဟာ အရေးကြီးဆုံး ဖြစ်တယ် ဆိုတာ ပဲ ဖြစ်ပါတယ်လို့ Royal College of Ophthalmologists က မျက်စိဆရာဝန်မကြီး ဆာရာ မေးလင်းက ပြောပါတယ်။








