ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့အရေးမှာ တရုတ်ရည်မှန်းတာ စစ်တပ်နဲ့ စီးပွားဘက်ဖြစ်ရေး ဆိုတဲ့ အနုတ်လက္ခဏာ ငြိမ်းချမ်းရေးလား
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ နေပြည်တော်ကို သြဂုတ်လ လလယ်ပိုင်းမှာ ရုတ်တရက် ရောက်လာပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် တရုတ်ရဲ့ စစ်ကောင်စီ အပေါ် ဆက်ဆံရေးဟာ အပြောင်းအလဲ သိသိသာသာ ဖြစ်လာပါတယ်။
တကျော့ပြန် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီဟာ တရုတ်ရဲ့ ကျောထောက် နောက်ခံပြုမှုကို အခုအချိန်မှာ အခိုင်အမာဆုံး ရရှိလာတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။ မကြာသေးခင်ကပဲ တရုတ်ဆီကနေ တိုက်လေယာဥ်ပျံတွေလည်း မြန်မာစစ်တပ် ထပ်ပြီး ရလာပါတယ်။
တရုတ်ရဲ့ ဖိအားကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ မပတ်သက်ပါဘူး၊ နိုင်ငံရေး အရ မြန်မာစစ်တပ်နဲ့ ဆွေးနွေးဖို့ အသင့်ပဲလို့ ကိုးကန့်တပ် MNDAA က ပြောနေတဲ့ကြားကပဲ စစ်ကောင်စီဟာ သူတို့ MNDAA နဲ့ တိုက်ပွဲမှာ စစ်ရေး ရှုံးနိမ့်ပြီး လက်လွှတ်ခဲ့ရတဲ့ လားရှိုးကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေပါတယ်။ ဒီတိုက်ခိုက်မှုတွေ အပေါ်မှာလည်း တရုတ်က နှုတ်ဆိတ် နေပါတယ်။
ဒီတော့ ဘေဂျင်း အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ရည်မှန်းချက်က ဘာလဲ ... ဘာကို တွေ့မြင်ရဖို့ ဦးတည်လုပ် နေတာလဲ ... စတာတွေ အပြင်၊ အမေရိကန်ဘက်ကို ကြည့်ရင်လည်း မြန်မာ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာရေးဘက် အလေးထား တိုက်တွန်းနေတာ ဖြစ်ပါတယ်။
သမ္မတအိုဘားမား လက်ထက် အာရှ အရှေ့ဖျားနဲ့ ပစိဖိတ် ဒေသတလွှားဆိုင်ရာ နိုင်ငံခြားရေးကို တာဝန်ယူခဲ့ပြီး၊ မြန်မာ စစ်တပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ကြား အလျှော့အတင်းတွေ လုပ်၊ တံခါးဖွင့်လာအောင် အဓိက ပြောဆို ညှိနှိုင်း ပေးခဲ့သူ ကာ့တ် ကင်းမ်ဘဲလ် Kurt Cambell လည်း အခုနှစ်ထဲမှာပဲ အမေရိကန်ရဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ပါတယ်။
ဒီတော့ အမေရိကန်အနေနဲ့ စစ်တပ်က ပြောနေတဲ့ ရွေးကောက်ပွဲ အပေါ် သဘောမတူဘူးလို့ ပြောထားပေမယ့် ရပ်တည်မှု အပြောင်းအလဲ ရှိလာနိုင်လား။ အခု တချီမှာရော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်၊ ရွေးကောက်ပွဲဝင် ဆိုတဲ့ ဘက်ကို သမိုင်း ရဟတ် တစ်ပတ်ပြန်လည်ပြီး တိုက်တွန်းမှာလား ... စတဲ့ စိတ်ဝင်စားဖွယ် အကြောင်းချင်းရာတွေကို ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု USIP ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။ တရုတ် အစိုးရရဲ့ နေပြည်တော် စစ်ကောင်စီ အပေါ် သဘောထားဟာ စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော် ၄ နှစ် အတွင်း ၊ အခုအချိန်မှာ အပြောင်းလဲ ကြီးကြီးမားမား ရှိလာပြီး စစ်ကောင်စီ အပေါ် ၁၀၀ ရာခိုင်နှုန်း ကျောထောက် နောက်ခံပြုပေးနေပြီလို့ ပြောနိုင်ပါသလား ဂျေဆင်ရေ။
ဂျေဆင်တာဝါ။ ။ မြန်မာ့အရေးမှာ ဘေဂျင်းရဲ့ အနေအထားဟာ အခု လတ်တလော ကာလတွေမှာပဲ အပြောင်းအလဲ ကြီးကြီးမားမား ရှိလာတယ်လို့ ပြောနိုင်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ် အချိန်ကနေ နှိုင်းယှဥ်ရင်တောင် မြန်မာ စစ်ကောင်စီနဲ့ ပိုပြီး လိုက်လျောညီထွေ သင့်မြတ်တဲ့ ရပ်တည်မှုမျိုးကို ဘေဂျင်းဘက်က ပြသလာပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်က ဆိုရင် တရုတ် အစိုးရ ဘက်က နံပါတ်တစ် ဦးစားပေး လိုလားခဲ့တာကတော့ မြန်မာနိုင်ငံထဲ အခြေစိုက်ထားတဲ့ အွန်လိုင်း အလိမ်အညာ ဒုစရိုက် ဂိုဏ်းတွေကို နှိမ်နှင်းနိုင်ရေး ဖြစ်ပါတယ်။ အဲဒီ အပေါ် မြန်မာ စစ်အာဏာပိုင်တွေ ဘက်က တာဝန်ရှိသူတွေက လိုလိုလားလား မရှိခဲ့ပါဘူး။
အဲဒီနောက်မှာတော့ ခင်ဗျား သိတဲ့ အတိုင်း၊ ညီနောင် ၃ ဖွဲ့ ၊ အထူး သဖြင့် ... မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် လို့ ခေါ်တဲ့ ကိုးကန့်တပ် MNDAA ရဲ့ အွန်လိုင်းဒုစရိုက်ဂိုဏ်းတွေကို နှိမ်နှင်းရေး အပေါ် တရုတ် အစိုးရက ကျောထောက် နောက်ခံ ပြုပေးခဲ့ပါတယ်။
အဲဒီ စစ်ဆင်ရေးတွေ ကနေ လောက်ကိုင် အပါအဝင် ကိုးကန့်ဒေသကို MNDAA က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဒုစရိုက်ဂိုဏ်းတွေကို ထိန်းချုပ်လည်ပတ်နေတဲ့ နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေကို တရုတ် အစိုးရ လက်ထဲ လွှဲအပ် ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်မှာလည်း စစ်ရှိန်က လျော့မသွားပဲ ပိုပြီး ကျယ်ပြန့် ပြင်းထန်လာပါတယ်။
အဲဒီအခါ တရုတ်နိုင်ငံထဲမှာ စိုးရိမ်စိတ်တွေ ရှိလာပါတယ်။ တရုတ် အကဲခတ်တွေနဲ့ တရုတ် အစိုးရပိုင် စီးပွားရေး လုပ်ငန်း ကုမ္ပဏီကြီးတွေ စိုးရိမ်မှုတွေကို ထင်ထင်ရှားရှား တွေ့လာရပါတယ်။ သူတို့နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံထဲက ဒေသတွေတလွှား တိုက်ပွဲတွေ ဆက်ပြီး ရှိနေမယ်၊ ပြင်းထန်နေမယ် ဆိုရင် နယ်စပ်ကုန်သွယ်ရေး ဘယ်လိုမှ ပုံမှန် အတိုင်း ပြန်လုပ်နိုင်မှာ မဟုတ်ဘူး ... မြန်မာနိုင်ငံထဲက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်မယ် ... အထူးသဖြင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း စီမံကိန်းတွေအားလုံး ထိခိုက်လိမ့်မယ် ဆိုပြီး ဆန်းစစ် လာကြပါတယ်။
အဲဒီမှာတင် အွန်လိုင်း ဒုစရိုက်ဂိုဏ်းတွေကို နှိမ်နှင်းရေး ခေါင်းစဥ်အောက် ညီနောင် ၃ ဖွဲ့နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးကနေ အပစ်ရပ်ရေး ဖြစ်လာဖို့ တရုတ်က ဖိဖိစီးစီး ပြောလာပါတယ်။ ဟိုင်ဂင် သဘောတူမှု ဆိုတာကို အခုနှစ်ဆန်းမှာ ရလာပြီး၊ မြန်မာစစ်တပ်နဲ့ ညီနောင် ၃ ဖွဲ့အကြား ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ကို တရုတ်က အာရုံစိုက် ပြောလာပါတယ်။
ပြီးခဲ့တဲ့ မေလ အထိတော့ တိုးတက်မှု သိသိသာသာ ရှိမလာခဲ့ပါဘူး။ စကားဝိုင်းတွေမှာ မြန်မာ စစ်တပ်ဘက်က လိုက်လျောတာတွေ၊ အလျှော့အတင်း လုပ်တာတွေ မရှိပဲ တင်းမာ နေခဲ့တဲ့ အပေါ် တရုတ် အစိုးရဘက်က အတော်လေး စိတ်ပျက်နေခဲ့ပါတယ်။ စကားဝိုင်း ဆွေးနွေးပွဲတွေလည်း ရပ်သွားပါတယ်။ ဒီနောက်မှာတော့ MNDAA က လားရှိုးကို ဦးတည် တိုက်ခိုက်လာပါတယ်။ မြန်မာစစ်တပ်ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တစ်ခုလုံး ဆုံးရှုံးသွားတဲ့ အထိ ဖြစ်လာပါတယ်။
အဲဒီလိုမျိုး လားရှိုးနဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို မြန်မာစစ်တပ်က လက်လွှတ်ခဲ့ပြီးနောက်မှာတော့ .... မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ အင်အားစုတွေ အနေနဲ့ မန္တလေးထိအောင် ထိုးစစ်ဆင်တာတို့ .... အဆုံးတစ်နေ့မှာ စစ်ကောင်စီကို စစ်ရေးနည်း သုံးပြီး ဖယ်ရှားတာတို့ ဆိုတာတွေဟာ တကယ့်ကို လက်တွေ့ ဖြစ်လာနိုင်ခြေ ရှိတဲ့ အရာတွေ ဆိုပြီး တရုတ် အစိုးရက ဆန်းစစ်လာပါတယ်။
ကျွန်တော့် အမြင်မှာတော့ ဒီ အချက်ဟာ ဘေဂျင်းရဲ့ ရပ်တည်မှု အနေအထားကို သိသိသာသာ ပြောင်းလဲ သွားစေခဲ့တာ ဖြစ်ပါတယ်။ ညီနောင် ၃ ဖွဲ့ အပေါ် ဖိအား အကြီးအကျယ် ပေးပြီး၊ လက်နက်ကိုင် တိုက်ခိုက်နေတာတွေကို ရပ်ဖို့ အပြင်းအထန် ပြောလာပါတယ်။ အထူးသဖြင့် MNDAA အနေနဲ့ မြန်မာ စစ်ကောင်စီနဲ့ကြား စကားပြောဆို ဆွေးနွေးပြီး သဘောတူမှု မဖြစ်မနေ ယူဖို့ တရုတ် အစိုးရက လိုလားနေပါတယ်။ လားရှိုးအထိ ထိန်းချုပ် သိမ်းပိုက်ထားတဲ့ MNDAA အနေနဲ့ အဲဒီလို စစ်ရေးကို ကိုယ်ရှိန်သတ်ပြီး လုံးဝ ရပ်တန့်ပစ်ရမှာကို သိပ်ပြီး လိုလိုလားလား မရှိလှပါဘူး။
ဒီအချိန်မှာပဲ ကျွန်တော်တို့ စပြီး ပြောခဲ့သလို၊ စစ်ကောင်စီနဲ့ ပိုပြီး နီးစပ်တဲ့ ရပ်တည်မှုမျိုး တရုတ်ဘက်က ပြသလာပါတယ်။ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရ အဖြစ် သဘောထားကြောင်း တရုတ်ဘက်က လက်တွေ့ ဆက်ဆံ ပြသလာပါတယ်။ လားရှိုးကို လေကြောင်းကနေ ဆက်လက် တိုက်ခိုက် နေတာတွေ ရပ်သွားအောင် စစ်ကောင်စီကို တစုံတရာ မပြောပဲ နေပါတယ်။ ဒါဟာ MNDAA က လားရှိုးကို သိမ်းတဲ့ အထိ လုပ်ခဲ့တဲ့ အပေါ်မှာရော၊ စစ်ကောင်စီ ဖယ်ရှားရေး လက်နက်ကိုင် တွန်းလှန်မှုတွေထဲ MNDAA ပါဝင် ပတ်သက်နေတာကိုပါ ဘေဂျင်းဘက်က မလိုလားကြောင်း ပြသနေတာလို့ နားလည်နိုင်ပါတယ်။
ဘီဘီစီ။ ။ ရုတ်တရက်ဆိုသလို တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ နေပြည်တော်ထိ ရောက်လာပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာမျိုး လုပ်ခဲ့တဲ့ နောက်ပိုင်း၊ တရုတ်ရဲ့ စစ်ကောင်စီ အပေါ် တိမ်းညွတ်တဲ့ ရပ်တည်မှု အပြောင်းအလဲ ပိုပြီး ထင်ရှား လာတယ်လို့ ထင်ပါတယ် ဝန်ကြီး ဝမ်ယိကိုယ်တိုင် ရောက်လာခဲ့ရလောက်အောင် ဘာတွေများ အရေးကြီးခဲ့တယ်လို့ ထင်ပါသလဲခင်ဗျ။
ဂျေဆင်တာဝါ။ ။ ဝန်ကြီး ဝမ်ယိ နေပြည်တော် ကို မသွားခင် လေးမှာတင် တရုတ် အထူးသံ တိန့်ရှီကျွင်း အရင် သွားပါတယ်။ တိန့်ရှီကျွင်း ခရီးစဥ်ကနေ တရုတ်ဘက်က မျှော်မှန်းထားသလောက် ရလာဒ်တွေ ထွက်လာခဲ့ပုံ မပေါ်ပါဘူး။ စစ်ကောင်စီဘက်က အဓိက အားဖြင့် အချက် ၂ ချက် လုပ်ဆောင်ဖို့ တရုတ်ဘက်က လိုလားပါတယ်။ ပထမ အချက်ကတော့ တရုတ်နဲ့ နယ်စပ် တလျှောက် ရှမ်းမြောက် ဒေသတွေမှာ တည်ငြိမ်ရေး ဘယ်လို ဖော်ဆောင်နိုင်မလဲ ဆိုတဲ့ တိတိကျကျ လမ်းစဥ် တစ်ခုကို စစ်ကောင်စီအနေနဲ့ အသေးစိတ် လေးလေးနက်နက်ထား စဥ်းစား ထားစေ့ ချင်ပါတယ်။ နောက်ပြီး စစ်ကောင်စီ ကိုယ်တိုင် ကြေညာထားတဲ့ ရှေ့ လုပ်ငန်းစဥ် ၅ ရပ် ဆိုတာကလည်း ဘာမှ အောင်မြင်အောင် စစ်ကောင်စီ အနေနဲ့ လုပ်ဆောင်နိုင်တာမျိုး မရှိ ဖြစ်နေပါတယ်။ ဒီ့အတွက်၊ အဲဒီ့ လမ်းပြ မြေပုံ အတိုင်း တကယ် ဖော်ဆောင်ဖို့ ဘာတွေ လုပ်ဆောင်မလဲ ဆိုတဲ့ နည်းနာတွေ စစ်ကောင်စီ ထံမှာ ခိုင်ခိုင်မာမာ ရှိတာကို တရုတ်က မြင်လိုပါတယ်။
နောက်ပြီး လားရှိုးနဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တိုတောင်းလှတဲ့ ကာလ အပိုင်းအခြား အတွင်းမှာပဲ မြန်မာ စစ်တပ်က လက်လွှတ် ဆုံးရှုံးသွားရတဲ့ ဖြစ်ရပ်ဟာ တရုတ်ကိုလည်း အတော်လေး အံ့အားသင့်သွား စေပါတယ်။ မြန်မာနိုင်ငံအတွက် အရေးပေါ် အခြေအနေဆိုပြီး တရုတ်က ဆန်းစစ် သုံးသပ်ပုံ ရပါတယ်။ မြန်မာအရေးနဲ့ ပတ်သက်ရင် ဒီမိုကရေစီ ပြန်လည် ထူထောင်ဖို့နဲ့ စစ်အာဏာပိုင်တွေကို ပြိုလဲ အောင် လုပ်ပြီး ဖယ်ရှားနိုင်ဖို့ လိုတယ် ဆိုတာမျိုး တရုတ်က ဘယ်တုန်းကမှ မသတ်မှတ်၊ မပြောဆို၊ မရပ်တည်ခဲ့ပါဘူး။
အွန်လိုင်း ဒုစရိုက်ဂိုဏ်း စင်ဒီကိတ်တွေကို နှိမ်နှင်ရေးမှာ မြန်မာ စစ်တပ်က လိုက်လိုက်လျောလျော မရှိခဲ့တဲ့ အပေါ် အတော်လေး စိတ်ပျက်ခဲ့တာမှန်ပေမယ့်၊ မြန်မာ့နိုင်ငံရေးကနေ စစ်တပ် ထွက်သွားမှ ဖြစ်လိမ့်မယ် ဆိုတာမျိုး အထိ တရုတ် အစိုးရက ဘယ်တုန်းကမှ မပြောခဲ့၊ စိတ်မဝင်စားခဲ့၊ ရည်မှန်းချက် မထားခဲ့ပါဘူး။
ဒီတော့ ဝန်ကြီး ဝမ်ယိရဲ့ ခရီးစဥ် အတွင်းမှာ မြန်မာ စစ်ခေါင်းဆောင်ကို လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေ အပေါ် အရင်းခံ အတိုင်း မျက်မှောက်ပြု သိမြင် လက်ခံဖို့ အဓိကထား ပြောပုံ ရပါတယ်။ အဲဒီ ပျက်ယွင်းနေတဲ့ အခြေအနေတွေ အပေါ် ကိုယ်တွယ် နိုင်ရေးမှာရော .... တရုတ်နဲ့ ကြား ဆက်ဆံရေး တည်ငြိမ်မှု ရှိစေဖို့ အပေါ်မှာပါ စစ်ကောင်စီ အနေနဲ့ ဘယ်နည်းဘယ်ပုံ လုပ်ဆောင်ကြမယ် ဆိုတဲ့ နည်းနာ လမ်းစဥ်တွေ အတိတကျ ရှိဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း လာပြီး ပြောတဲ့ ခရီးစဥ် အဖြစ် ဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော် ခရီးစဥ်ကို နားလည်နိုင်ပါတယ်။
ဒီ ခရီးစဥ် အပြီးမှာပဲ ခင်ဗျား ပြောသလို တရုတ် အစိုးရရဲ့ ရပ်တည်မှု အရွေ့တွေကို ထင်ထင်ရှားရှား မြင်လာရပါတယ်။ တရုတ် အစိုးရ ဦးဆောင်တဲ့ ဘက်ပေါင်းစုံ ဆက်ဆံရေး ဖိုရမ်တွေကနေ တဆင့် စစ်ကောင်စီနဲ့ကြား ဆက်ဆံရေးကို အရှိန်မြှင့် တိုးတက် စေပါတယ်။
ဝန်ကြီး အဆင့် ဆိုတာကတောင့် အနိမ့်ဆုံးလို ဖြစ်နေတဲ့ စစ်ကောင်စီရဲ့ ထိပ်တန်း အဆင့်မြင့် အရာရှိကြီးတွေဟာ အရင်က တခါမှ မမြင်ခဲ့ဖူးရတဲ့ အကြိမ်ရေ အရေအတွက်မျိုးနဲ့ ဆက်တိုက် ဆိုသလိုပဲ တရုတ်နိုင်ငံထဲက ဖိုရမ်တွေကို သွားတက်တာမျိုးတွေ လုပ်လာတာမှာ တရုတ်နိုင်ငံထဲက ဖိုရမ် ၅ ခုမှာ စစ်ကောင်စီ ထိပ်တန်းအရာရှိကြီးတွေ ပါဝင်ခဲ့တာ တွေ့ရပါတယ်။
ဒါကိုကြည့်ရင် မြန်မာ စစ်ကောင်စီ တည်ရှိမှု အပေါ် တရုတ်အစိုးရ အနေနဲ့ ဘယ်လို သဘောထားကြောင်း အလွန်ပဲ သိသိသာသာ ထင်ထင်ရှားရှား မြင်နေရတာလို့ ပြောနိုင်ပါတယ်။ တစ်ဘက်မှာလည်း MNDAA အပေါ် အပြစ်ပေး အရေးယူတဲ့ ပုံစံမျိုးတွေ တရုတ် အာဏာပိုင်တွေဘက်က လုပ်ဆောင် နေခဲ့ပါတယ်။ တရုတ်ဘက်က ကုန်စည်တွေ အပါအဝင် ရင်းမြစ်ပစ္စည်းတွေ မစီးစင်းစေဖို့ ရည်ရွယ်ချက်နဲ့ နယ်စပ်ကို တရုတ်ဘက်ခြမ်းမှာ ပိတ်ဆို့ပစ်တာမျိုးတွေ လုပ်ပါတယ်။ လျှပ်စစ်နဲ့ အင်တာနက်တွေကိုပါ ဖြတ်တောက်ပါတယ်။ MNDAA အကျပ်အတည်းတွေ့အောင် အတော်လေးပဲ လုပ်ဆောင် နေခဲ့ပါတယ်။
MNDAA ကိုသာမက ညီနောင် ၃ ဖွဲ့စလုံးကို NUG နဲ့ လက်တွဲ လုပ်ဆောင်တာမျိုး မလုပ်ဖို့ တရုတ်ဘက်က အတော်လေး ဖိအားပေးလာပါတယ်။ MNDAA ဟာ NUG ကို နာမည်တပ်ပြီး လက်တွဲ မလုပ်ဖူး ဆိုတာ ထုတ်ပြန်ရတဲ့ အထိ ဖြစ်လာတာကို ကြည့်ရင် ဖိအားပေးမှု ဘယ်လောက် ပြင်းထန်သလဲ ဆိုတာ သိသာစေပါတယ်။
ဒီ အချက်တွေကို ပြန်ပြီး ချုပ်ကြည့်လိုက်မယ် ဆိုရင် တရုတ်ဟာ စစ်ကောင်စီ ကျောထောက်နောက်ခံ ပြုပေးတဲ့ ရပ်တည်မှု ဆီကို အခု လပိုင်းတွေမှာပဲ ခိုင်ခိုင်မာမာ ပြောင်းလဲ ပြသလာတယ် ဆိုတာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။
ဘီဘီစီ။ ။ ဒီလို ဆိုတော့ သမ္မတဘိုင်ဒင်ရဲ့ အမေရိကန် အစိုးရရဲ့ မြန်မာ့အရေး မူဝါဒကရော ဘယ်လို ရှိလဲ။ တရုတ် အနေနဲ့ စစ်ကောင်စီ ပြိုလဲ သွားစေလိုတဲ့ ရည်မှန်းချက် မရှိဘူး ဆိုတော့ အမေရိကန်အနေနဲ့ရော စစ်ကောင်စီ ပြိုလဲအောင် ဖိအားပေးမယ် ဆိုတဲ့ ရည်မှန်းချက် ရှိလား ... မရှိဘူးလား။ အမေရိကန် အနေနဲ့လည်း ငြိမ်းချမ်းတဲ့ နည်းနာတွေနဲ့ပဲ အပြောင်းအလဲ ဖြစ်တာကို လိုလားတယ် ဆိုပြီး ကျွန်တော် နားလည် ထားပါတယ်။ ဒီတော့ မြန်မာ့အရေးမှာ အမေရိကန်ရဲ့ ရပ်တည်မှုနဲ့ အတိအကျ အစီအမံတွေက ဘာတွေလဲ။
ဂျေဆင်တာဝါ။ ။ အမေရိကန်ရဲ့ ရပ်တည်မှု ဘာလဲ ဆိုတာကို တရုတ် ရည်မှန်းနေတာတွေနဲ့ နှိုင်းယှဥ် ကြည့်ရမယ် ဆိုရင် ... အတော်လေး ထင်ထင် ရှားရှား တွေ့ရမှာက တရုတ် လိုချင်တဲ့ မြန်မာနိုင်ငံထဲက ငြိမ်းချမ်းရေး ဆိုတာဟာ “အနှုတ်လက္ခဏာ ငြိမ်းချမ်းရေး” “negative peace” ဆိုပြီး ကျွန်တော် သုံးနှုံးချင်ပါတယ်။ အဓိပ္ပာယ်ကတော့ တိုက်ပွဲ မရှိတော့ဘူး ... အပစ်ရပ်သွားတယ် ဆိုရင်တောင် နိုင်ငံအတွက် ရေရှည်မှာ ကောင်းနိုင်မှာ မဟုတ်တဲ့ အကျိုးဆက်တွေ နောက်ဆက်တွဲ ပေါ်ပေါက် လာစေနိုင်ပါတယ်။
တရုတ်ဟာ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ကို စားပွဲဝိုင်းဆီ မရောက် ရောက်လာအောင် “coercive tactics” လို့ ခေါ်တဲ့ အတင်းအဓမ္မ နည်းနာတွေနဲ့ ခေါ်ကောင်း ခေါ်နိုင်ပါလိမ့်မယ်။ အဲဒီကနေ အပစ်ရပ်ရေး ဖော်ဆောင်နိုင်ပြီဆို သူတို့ရဲ့ အမြင့်မားဆုံး မျှော်လင့်ချက်ကတော့ မြန်မာနိုင်ငံထဲ ကျွန်တော်တို့ ဆယ်စုနှစ်များစွာ အစဥ်အဆက် တွေ့မြင် နေခဲ့ရတဲ့ “အပစ်ရပ် စီးပွားရေး” ဆိုတာကို လုပ်နိုင်ဖို့ပါပဲ။ အဲဒါကို “ceasefire capitalism” လို့ ခေါ်ပါတယ်။
မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ပေါ်ကနေ အကျိုးအမြတ် ခွဲဝေ ရယူကြမယ့် စစ်တပ်နဲ့ အပစ်ရပ် အဖွဲ့တွေကြားက သဘောတူချက်တွေ ဆိုတာဟာ အဆုံးတစ်နေ့မှာ တရုတ် ကုမ္ပဏီကြီးတွေရဲ့ အကျိုးစီးပွား အတွက်ပဲ ဖြစ်ပါတယ်။
ဒီတော့ မြန်မာနိုင်ငံထဲ တည်ငြိမ်မှု ရဖို့ တရုတ် အစိုးရက မလိုလားဘူးလား ဆိုရင် လိုလားပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေး လုပ်ငန်း ပရောဂျက်ကြီးတွေ ရှေ့ဆက် တိုးနိုင် လောက်တဲ့ အထိ အခြေခံ အာမခံချက် ရှိလာစေမယ့် တည်ငြိမ်မှုမျိုးကို တရုတ်အစိုးရက လိုလားပါတယ်။ ဒီ စီးပွားရေး ရည်မှန်းချက်သာလျင် သူတို့ရဲ့ အန္တိမ ရည်မှန်းချက်လို့ ပြောချင်ပါတယ်။
အမရိကန်အနေနဲ့ ဘာတွေ လုပ်ဆောင်နေသလဲ ဆိုတာကို ကြည့်ရင်တော့ .... အခုန ပြောခဲ့တာတွေနဲ့ နှိုင်းယှဥ်ရင် မြန်မာပြည်အတွက် ရေရှည်သဘော အဖြေရနိုင်ဖို့ အပေါ် ပိုပြီး ရှေးရှုပါတယ်။ အဲဒီထဲမှာ ဘယ်လို အချက်မျိုးတွေ ပါဝင်သလဲ ဆိုရင် မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီ စနစ် လမ်းပွင့် သွားဖို့ ကြိုးပမ်းနေကြ တာတွေကို အမေရိကန် အနေနဲ့ ဘယ်လို အကူအညီမျိုးတွေ ပေးနိုင်သလဲ ဆိုတာကို ကြည့်ပါတယ်။
တခါ၊ နိုင်ငံထဲ ရေရှည်တည်တံ့နိုင်မယ့် ... အားလုံး ပါဝင် ပတ်သက်နိုင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ဘယ်လို အကူအညီမျိုးတွေ ပေးရမလဲ ဆိုတဲ့ အပေါ် အာရုံ စိုက်ပါတယ်။ ဒီတော့ ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံး ပါဝင်တဲ့ အဓိပ္ပာယ်ရှိတဲ့ ညှိနှိုင်းတိုင်ပင် ဆွေးနွေးမှုမျိုးတွေ ပေါ်ပေါက် လာနိုင်ရေးကို အမေရိကန်က အားပေး ပံ့ပိုးပါတယ်။ ဒါတွေ အားလုံးရဲ့ အန္တိမကတော့ မြန်မာနိုင်ငံထဲ ဒီမိုကရေစီ ဖြစ်ထွန်း အခြေကျ နိုင်ရေးပဲ ဖြစ်ပါတယ်။
အခု လောလောဆယ် မြန်မာ့အရေးမှာ အမေရိကန် အနေနဲ့ အစိုးရိမ်ဆုံး ဖြစ်နေတဲ့ အရာကတော့ မြန်မာစစ်တပ် အခု အလေးပေး လုပ်ဆောင် ပြလာနေတဲ့ ရွေးကောက်ပွဲ အပေါ် ဖြစ်ပါတယ်။ တရုတ်နဲ့ ဆက်ဆံ တိုးတက်လာ အပြီးမှာ စစ်ကောင်စီဟာ သူတို့ ကတိပေးထားတဲ့ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်မယ် ဆိုတဲ့ ပြောဆိုမှုတွေနဲ့ လူဦးရေ စာရင်း ကောက်ယူတာလိုမျိုး လက်တွေ့ ပြင်ဆင်မှုတွေကို အားထည့် လုပ်ဆောင်ပြလာပါတယ်။
အဲဒီ ရွေးကောက်ပွဲဟာ အနှစ်သာရရှိတဲ့ ပြောင်းလဲမှုနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးကို အာမ မခံနိုင်ရုံတင်မက၊ အတုအယောင် ရွေးကောက်ပွဲ၊ အလိမ်အညာ ရွေးကောက်ပွဲ အဖြစ် အမေရိကန် အစိုးရက ရှုမြင်ထားပါတယ်။
တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေတွေမှာ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ကျင်းပပေးတယ် ဆိုပြီး လက်ညှိုးထိုး ပြနိုင်ရုံသက်သက် ဟန်ပြ ရွေးကောက်ပွဲ တစ်ရပ်ကို ဇွတ်တိုး လုပ်မယ် ဆိုရင် ၊ အခြေအနေတွေဟာ ပိုပြီးလို့တောင်မှ ဆိုးရွားသွားနိုင်ပြီး၊ ပဋိပက္ခတွေလည်း ပိုပြီးတော့တောင် ပြင်းထန် လာစေနိုင်တယ် လို့ အမေရိကန် အစိုးရက ပြောထားပါတယ်။ အဲဒီလိုသာဆိုရင် မြန်မာ့အကျပ်အတည်းဟာ ဒေသတွင်း တည်ငြိမ်ရေးကို ဆက်ပြီး ပျက်ယွင်း နေစေဦးမယ်လို့လည်း အမေရိကန်က ထောက်ပြထားပါတယ်။
အခြေခံ အနေနဲ့ကတော့ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးဖို့ရာ အာဏာသိမ်း စစ်တပ်ထံမှာ ဘယ်လို အခွင့်အာဏာနဲ့ တရားဝင်မှုမျိုးမှ ရှိမနေပါဘူး။ တရားဝင်မှု မရှိတဲ့ အဖွဲ့အစည်းတစ်ခုက တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးနိုင်ဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နောက် အရေးကြီး ဆုံးကတော့ သူတို့ မှာ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပဖို့ရာ သူတို့မှာ အခြေခံ ဖို့ရာ ဘယ် လို ဥပဒေ မျိုးမှ ရှိမနေပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာကို သူတို့ လက်ညှိုးထိုးပြရင်တောင် အဲဒီ ဖွဲ့စည်းပုံ ဥပဒေထဲမှာ အခု ရွေးကောက်ပွဲ ကျင်းပဖို့ရာ အခြေခံ ကိုးကားနိုင်တဲ့ အချက်အလက်တွေ ရှိမနေပါဘူး။
ဒါ့ကြောင့် စစ်ကောင်စီ အပေါ် တရုတ် အစိုးရက ပိုပြီး ကျောထောက် နောက်ခံ ပြုပေးတဲ့ ရပ်တည်မှု အပြောင်းအလဲရဲ့ နောက်မှာ စစ်ကောင်စီဘက်ကလည်း ရွေးကောက်ပွဲ ပြင်ဆင်မှုတွေ ဆိုပြီး တွန်းပြီး လုပ်လာတဲ့ အပေါ် အမေရိကန် ဘက်က စိုးရိမ်စိတ် ရှိနေပါတယ်။
ဘီဘီစီ။ ။ အမေရိကန်မှာ ကာ့တ် ကင်းမ်ဘဲလ် Kurt Campbell ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာတဲ့ အချက်ကရော မြန်မာ့အရေး အမေရိကန် အစိုးရရဲ့ မူဝါဒ အပိုင်းအပေါ် သက်ရောက်မှု တစုံတရာ ရှိနိုင်လား။ သူဟာ သမ္မတ အိုဘားမား လက်ထဲ အာရှ အရှေ့ဖျားရေးရာနဲ့ ပစိဖိတ် ဒေသအတွက် နိုင်ငံခြားရေး မူတွေကို အဓိက တာဝန် ယူခဲ့သူ ဖြစ်ပါတယ်။ အဲဒီကနေ အမေရိကန်ဟာ မြန်မာ နိုင်ငံ စစ်အာဏာပိုင်တွေနဲ့ကြား ထိတွေ့ ဆက်ဆံရေး ပြန်လည် တည်ဆောက်ခဲ့ပြီး၊ အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ ... ရွေးကောက်ပွဲ ဝင်တာတွေ ဖြစ်လာခဲ့တယ် မဟုတ်လား။ အခုရော ... ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်၊ ရွေးကောက်ပွဲ ဝင် ဆိုတဲ့ လမ်းကြောင်းမျိုးကို အမေရိကန်က တိုက်တွန်းမှာလား။ သမိုင်းဘီး တကျော့ပြန်လည်တာကို ကျွန်တော်တို့ မြင်လာရဖွယ် ရှိပါသလား။
ဂျေဆင်တာဝါ။ ။ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားဟာ မြန်မာနိုင်ငံထဲက နိုင်ငံရေး အကျဥ်းသားတွေ အားလုံး လွတ်မြောက်ရေး အတွက် မြန်မာ စစ်တပ် အပေါ်မှာ ဖိအားတွေ ပေးနေတာကတော့ သေချာလှပါတယ်။ မြန်မာနိုင်ငံထဲက အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ဆိုရင် နိုင်ငံရေး အကျဥ်းသား အားလုံး ပြန်လည်လွတ်မြောက်ဖို့ ဆိုတာ အခြေခံ အကျဆုံး၊ ပထမဆုံး မဖြစ်မနေ စတင်ပြီး လုပ်ဆောင် ရမယ့် အချက် ဖြစ်ပါတယ်။ အဲဒီ အချက် ပြည့်မြောက်မလာပဲနဲ့တော့ အဓိပ္ပာယ်ရှိတဲ့ ဖြစ်ထွန်း တိုးတက်မှုတွေ ဘာတစ်ခုမှ ရှိလာမှာ မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဥ်းသား အများအပြားကို ဓားစာခံတွေ သဖွယ် ဆက်လက် ဖမ်းထားရင်းသား၊ နိုင်ငံရေး နည်းနဲ့ အဖြေရှာမယ် ဆိုတဲ့ စကားမျိုး စစ်တပ်အနေနဲ့ ဘယ်လို ပြောပြော အဓိပ္ပာယ် ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေ အားလုံး လွတ်မြောက်ရေး အတွက် မြန်မာ စစ်တပ် အပေါ် အမေရိကန် အနေနဲ့ ဖိအားတွေ အပြင်းအထန် ဆက်လက် ပေးနေဦးမှာ ဖြစ်ပါတယ်။ စစ်တပ် အနေနဲ့ ကတော့ အဲဒီလို နိုင်ငံရေး အကျဥ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ် ဆိုတဲ့ အရိပ်အယောင် တစွန်းတစမှ ပြသ မနေပါဘူး။
အခုဆို ပိုပိုပြီး ထင်ရှားလာတာက ... စစ်ကောင်စီ အနေနဲ့ အလွန်ဆုံး လုပ်မှ အယောင်ပြ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးဖို့ပဲ ဖြစ်တယ် ဆိုတာကို သူတို့ အပြုအမူ အပြောအဆိုတွေကနေ ပိုပြီး သိသာ လာစေပါတယ်။ ပြည်သူလူထု အများစုကို ကိုယ်စားပြုတဲ့ သူတွေရဲ့ ပါဝင်ပတ်သက်နိုင်မှုကို ငြင်းပယ် ထားဆဲ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD အပါအဝင် ပြည်သူလူထု အများစုကို ကိုယ်စားပြုမှု ရှိတဲ့ နိုင်ငံရေး ပါတီ အများအပြားကို ဖျက်သိမ်းတာမျိုးတွေ ပြုလုပ်ထားပါတယ်။
အဲဒီ ပါတီတွေ အနေနဲ့ကလည်း စစ်ကောင်စီ ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲ အပေါ် နိုင်ငံရေး အရလည်း သဘောမတူ အယုံအကြည်မရှိ၊ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့လည်း မသတ်မှတ်၊ သူတို့ အနေနဲ့ ပါဝင် ပတ်သက်လိုခြင်း မရှိဘူး ဆိုတဲ့ ရပ်တည်မှုနဲ့ အခုလို ဖျက်သိမ်းကြောင်း ကြေညာခံရတာမျိုးထိ ဖြစ်လာခဲ့တာပါ။ အခြေခံ အကျဆုံး ရပ်တည်မှုကတော့ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရအောင် စစ်ကောင်စီဟာ တရားဝင်မှု မရှိ၊ အခွင့်အာဏာမရှိဘူး ဆိုတဲ့ ကျွန်တော်တို့ ပြောထားနှင့်ပြီးတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒီတော့ အမေရိကန် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးဖို့ စစ်အစိုးရ အပေါ် ဖိအားတွေ ပေးနေပါတယ်။ ဒါပေမယ့် စစ်တပ်ဘက်က လိုက်လျောမယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။ ပြန်လွှတ် သည့်တိုင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ အပေါ် ဘယ်လို သဘောထားမလဲ ဆိုတာ မသိနိုင်ပါဘူး။ လူအများရဲ့ သဘောဆန္ဒ ဘယ်လို ရှိမလဲ ဆိုတာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆန်းစစ် ပိုင်းခြား ကြည့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ဖြစ်မလာသေးပဲ ပြောဖို့ရာ အတော်လေး စောလွန်း နေပါသေးတယ်။
အချက်အလက်ကတော့ အခု စစ်တပ် အပေါ် မြန်မာ ပြည်သူ အများစု ဘယ်လို သဘောထားမျိုး ရှိနေလဲ ဆိုတာကတော့ အထင် အရှားပါပဲ။ စစ်တပ် ဘာတွေ ကျုးလွန်နေလဲ ဆိုတာ မြန်မာပြည်သူတွေ အသိဆုံးပဲ ဖြစ်ပါတယ်။ နေရာ အနှံ့ ဆေးရုံလား၊ စာသင်ကျောင်းလား၊ အရပ်သားတွေလား ဆိုတာကို မခွဲခြားပဲ အဆင်ခြင်မဲ့ ဗုံးကြဲ တိုက်ခိုက်နေတဲ့ စစ်တပ် ဖြစ်ပါတယ်။ အဲဒီလို စစ်တပ်မျိုးဟာ သူတို့ အနာဂတ်ကို ဆုံးဖြတ် ပေးတဲ့ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပေးမယ့် သူတွေလား ... သူတို့ကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ် နေတဲ့ စစ်တပ်လား ဆိုတာ မြန်မာ ပြည်သူတွေ ကိုယ်တိုင် အသိဆုံးပဲ ဖြစ်ပါတယ်။