ဖေဖော်ဝါရီ ၁၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - သိန္နီမြို့ထဲ တရုတ်လုပ်ငန်းတွေ ဝင်ရောက်လာ

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ်ထဲကို တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေ ကဏ္ဍပေါင်းစုံကနေ ဝင်ရောက်လာနေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
"စားသောက်ကုန်၊ လူသုံးကုန်အဝတ်အထည်နဲ့ အိမ်ဆောက်ပစ္စည်းဆိုင်အသစ်တွေ အများကြီးတိုးလာတယ်။ ပိုင်ရှင်တွေက တရုတ်တွေ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဆိုင်တွေ တိုးလာပေမယ့် ကုန်ပစ္စည်းဈေးနှုန်းတွေကတော့ ရှမ်းမြောက်က လားရှိုးနဲ့ ကွတ်ခိုင်မြို့တွေထက်စာရင် ဈေးနှုန်းမြင့်မြင့်ပေးဝယ်နေရတယ်လို့ သူက ဆိုပါတယ်။
"အိမ်ခန်းငှားခ၊ စားသောက်နေထိုင်စရိတ်တွေ သိန္နီမှာ အကုန်ဈေးကြီးပါတယ်" လို့ မြို့ခံတစ်ဦးက ထပ်ပြောပါတယ်။
တစ်ဖက်မှာလည်း သိန္နီမြို့ထဲ ကြာကန်ဘက်မှာလည်း သုံးထပ်၊ လေးထပ်ရှိတဲ့ အဆောက်အဦသစ်တွေထပ်ဆောက်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
"ကိုးကန့်တွေရဲ့ ဌာနဆိုင်ရာ ရုံးလုပ်မယ်လို့ သိရတယ်"လို့ ကိုးကန့်နဲ့ နီးစပ်သူတစ်ဦးက ဖြည့်ပြောပါတယ်။
ကိုးကန့်ကတော့ သိန္နီမြို့နယ်တစ်ခုလုံးဟာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့အပြင် ဒေသတွင်းအုပ်ချုပ်ရေးနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ သက်ဆိုင်တဲ့အခြေအနေတွေကို ကိုးကန့်တပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဆက်တိုက်ထုတ်ပြန်နေပါတယ်။
ကချင်က မြို့နယ် ၃ ခုမှာ တိုက်ပွဲဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Tarlin Mg
ကချင်ပြည်နယ်ထဲက ဖားကန့်၊ ဗန်းမော်နဲ့ ဝိုင်းမော်စတဲ့ မြို့နယ် ၃ ခုမှာ ကချင်လွတ်လပ်ရေးတပ်(KIA)၊ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ကြား စစ်ရေးတင်းမာနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ အတည်ပြုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖားကန့်မြို့နယ်ထဲမှာတော့ ဒီနေ့ မနက်ပိုင်းကစပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ တကျော့ပြန်ပြင်းထန်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
"သုံးနေရာလောက်မှာဖြစ်နေတယ်၊ လေယာဉ်တွေတက်လာတယ်လို့ ကြားတယ်။ ဗုံးကြဲတာတော့ အခုထိ မကြားမိသေးဘူး"လို့ သူက ဆိုပါတယ်။
လုံးခင်းကျေးရွာ၊ ငြိမ်းချမ်းသာယာကျေးရွာထဲက စစ်တပ်ရဲ့ နယ်မြေရဲစခန်းကို ဒီနေ့မနက်အစောပိုင်းကတည်းက KIA နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"ခွန်ဆာကုန်းကလူတွေ အကုန်စစ်ရှောင်နေရပြီ။ ရဲစခန်းကို တော်လှန်ရေးက ဝိုင်းပြီးပိတ်ဆို့ထားတယ်။ လမ်းတွေလည်းပိတ်လိုက်ပြီ" လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ရှင်းပြပါတယ်။
တိုက်ပွဲအတွင်း ခွန်ဆာကုန်းက ရခိုင်စုရပ်က နေအိမ်တစ်ခုပေါ်လက်နက်ကြီးကျည်ကျလို့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆိုင်းတောင်ဘက်မှာလည်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်ရှိနေပြီး ဖားကန့်-ဆိုင်းတောင်ဆက်သွယ်ထားတဲ့ ယူမာလမ်းပိုင်းကတော့ ဇန်နဝါရီလကုန်ပိုင်းကတည်းက နှစ်ဖက်တပ်တွေက ပိတ်ထားပါတယ်။
ဗန်းမော်မြို့တိုက်ပွဲကတော့ ဖားကန့်နဲ့ အင်းတော်ကြီးတို့ဘက်ကနေ စစ်ကူလာတဲ့ စစ်တပ်ရဲ့စစ်ကြောင်းတွေနဲ့ KIA တပ်တွေကြား တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
"တော်တော်များများနေရာမှာ တိုက်ပွဲတွေရှိနေပါတယ်။ ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာနေတဲ့အနေအထားပါ" လို့ သူက ဖြေကြားပါတယ်။
တစ်ဖက် ဝိုင်းမော်မြို့နယ်ထဲမှာလည်း မြို့စောင့်တပ်ဖြစ်တဲ့ စစ်တပ်ရဲ့ အမှတ် ၅၈ ခြေလျင်တပ်ရင်း (ခလရ)အနီးမှာ စစ်တပ်နဲ့ KIA တပ်တို့ကြား ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ခလရ-၅၈ နားက ကာကင်းစခန်းတွေကို KIA က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သိမ်းယူခဲ့ပြီး လက်ရှိမှာတော့ တပ်ရင်းကို ဆက်ပြီးထိုးစစ်ဆင်နေတာလို့ သူကဆက်ပြောပါတယ်။ စစ်ကော်မရှင်ကတော့ ကချင်ပြည်နယ်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။
နတ်တလင်းမှာ စစ်ရေး ဆက်တင်းမာ၊ နေအိမ်ရာချီ မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲမှာ စစ်တပ်နဲ့ နတ်တလင်းခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်အထိ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်တုန်းက နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်အနီးမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲအနီးနားက ကျေးရွာတချို့ကို စစ်တပ်စစ်ကြောင်းတွေဝင်ရောက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
"တိုက်ပွဲနားက ရွာတွေထဲဝင်ပြီး မီးရှို့တယ်" လို့ သူကဆိုပါတယ်။
မနေ့ကလည်း တောင်ညိုမြို့သစ်က အရပ်သားနေအိမ်နဲ့ ကွက်သစ်ဈေးတန်းတွေအပါ ရွာသာရွာ၊ ကွင်းစန်းရွာတို့က နေအိမ်တချို့ကို စစ်တပ်က မီးဆက်ရှို့ပြီး ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
"နှစ်ရက်ဆက်တိုက် စစ်တပ်က မီးရှို့နေတာ၊ ရှို့ခံရတဲ့ရွာအကုန်ပေါင်းရင် အိမ်ခြေ တစ်ရာအထက်ရှိတယ်" လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ဖေဖော်ဝါရီ ၉ ရက်တုန်းကလည်း စစ်တပ်နဲ့ ပြည်သူ့စစ် အရပ်အခေါ်(ပျူစောထီး)တို့ ပူးပေါင်းစစ်ကြောင်းထိုးလာချိန် နတ်တလင်းမြို့နယ်ထဲက အိမ်သုံးဆယ်၊ တာခွနဲ့ ဘန်ကောက်တန်းကျေးရွာတို့က အရပ်သားနေအိမ် ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်ကတော့ နတ်တလင်းက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
ကွတ်ခိုင်မှာ မြောက်ပိုင်းညီနောင် နှစ်ဖွဲ့ရန်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက တအာင်းတပ်(TNLA) နဲ့ ကိုးကန့်တပ်(MNDAA) တို့ရဲ့ တပ်ဖွဲ့ဝင်တချို့ ရန်ဖြစ်နေတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
MNDAA က ကွတ်ခိုင်မြို့ပေါ်မှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်နေတာကြောင့် TNLA ဘက်က မလုပ်ဖို့ပြောသလို မြို့ကနေပါ ဆုတ်ဖို့ပြောကြရင်းနဲ့ တပ်ဖွဲ့ဝင်တွေ ရန်ဖြစ်ကြတာလို့ တပ်နှစ်ခုလုံးနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ရုပ်သံဖိုင်ထဲမှာတော့ MNDAA တပ်ဖွဲ့ဝင်တစ်ဦး နှာခေါင်းတဝိုက်မှာ သွေးတွေပေကျံနေတာကိုတွေ့ရပါတယ်။
"အထိုးခံရလို့ နှာခေါင်းထိထားတာ" လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဘီဘီစီကို ဖေဖော်ဝါရီ ၁၄ ရက်မှာပြောပါတယ်။
ကွတ်ခိုင်မြို့ပေါ်ကို TNLA က ထိန်းချုပ်ထားပေမယ့် MNDAA ကလည်း ကွတ်ခိုင်မြို့ကို အထူးဒေသ (၁) အုပ်ချုပ်ရေးနယ်မြေထဲမှာ ထည့်သွင်းပြီး နယ်မြေအကန့်အသတ်တွေနဲ့ အုပ်ချုပ်နေကြတာဖြစ်ပါတယ်။
အလားတူ ကွတ်ခိုင်မြို့ပေါ်မှာ ကချင်လွတ်လပ်ရေးတပ်(KIA) ရဲ့ ဆက်သွယ်ရေးရုံးလည်းရှိသလို KIA တပ်ဖွဲ့ဝင်တွေကတော့ ၂၀၂၅ ခုနှစ်အထိ မြို့ပေါ်မှာသွားလာလှုပ်ရှားတာတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကတည်းက TNLA နဲ့ MNDAA ကြား ကွတ်ခိုင်မြို့နဲ့ပတ်သက်လို့ နယ်မြေအငြင်းပွားမှုတချို့ရှိခဲ့တယ်လို့ မြို့ခံတချို့က အတည်ပြုပါတယ်။
"အရင်ကဆိုရင် ဘယ်တပ်ဖြစ်ဖြစ် မြို့ပေါ်မှာ စစ်ဝတ်စုံအပြည့်နဲ့ အသွားအလာသိပ်မလုပ်ကြဘူး၊ ပြီးခဲ့တဲ့ရက်ပိုင်းအထိ MNDAA ရော TNLA ရော ဝတ်စုံပြည့်နဲ့တွေ့နေရတယ်" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ကေကေပါ့ခ် တူးပွိုင့်ဇီးရိုး က ကျားဖြန့်ခွင် အသစ်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျားဖြန့်လုပ်ငန်းတွေအခြေပြုတဲ့ အဆောက်အဦတွေကို အမြစ်ဖြတ်ဖို့ဆိုပြီး မြန်မာစစ်တပ်က ဖောက်ခွဲဖြိုချရှင်းလင်းရေးတွေ ပြုလုပ်ခဲ့တဲ့ KK Park အနီးမှာပဲ နောက်ထပ် ကျားဖြန့်လုပ်ငန်းဆိုက်သစ် ထပ်ပေါ်လာတယ်လို့ မြေပြင်သတင်းရင်းမြစ် ၅ ဦးခန့် က အတည်ပြုပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်အတွင်းက KK Park အနီးမှာ ထွက်ပေါ်လာတဲ့ ဒီကျားဖြန့် ( အွန်လိုင်းငွေလိမ်လုပ်ငန်း) အသစ်တွေကို ဒေသခံတွေကြား "ကေကေပါ့ခ် တူးပွိုင့်ဇီးရိုး (KK Park 2.0)" လို့ ခေါ်ကြပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ တင်ဆက်တဲ့ ဟောင်ကောင်အခြေစိုက် The Standard သတင်းဌာနကလည်း ကျားဖြန့် တူးပွိုင့်ဇီးရိုးခွင်အသစ်အကြောင်းကို မလေးရှားနိုင်ငံက တက်ကြွလှုပ်ရှားသူတစ်ဦး ရှာဖွေတွေ့ရှိခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းများနဲ့ ဖော်ထုတ်တင်ပြလာပါတယ်။
ဖေဖော်ဝါရီဒုတိယပတ်မှာဖော်ထုတ်တင်ပြလာတဲ့ The Standard ရဲ့ မှတ်တမ်းပုံတွေထဲမှာ အတွဲလိုက်ဆောက်ထားတဲ့ နှစ်ထပ်ဆောင်တိုက်တန်းလျားပုံစံတွေကိုတွေ့ရပါတယ်။
"KK Park တူးပွိုင့်ဇီးရိုး" က မြဝတီမြို့ရဲ့ ဘယ်နေရာမှာ ရှိနေတာလဲ။ အဲဒီဝင်းအတွင်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေ တကယ်ပဲ လည်ပတ်နေသလားဆိုတာကို မြေပြင်သတင်းရင်းမြစ် အနည်းဆုံး ငါးဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
ရွေးကောက်ပွဲရလဒ် ကန့်ကွက်လွှာတင်နိုင်တယ်လို့ ရွေး/ကော်ပြော

ဓာတ်ပုံ ရင်းမြစ်, MOI
ရွေးကောက်ပွဲရလဒ်မှာ ကိုယ်စားလှယ်လောင်းတွေနစ်နာမှုရှိတယ်လို့ ယူဆရင် ကန့်ကွက်လွှာတင်သွင်းနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပွဲမှာပြောလိုက်ပါတယ်။
တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲရလဒ်အသေးစိတ်တွေကို နိုင်ငံရေးပါတီခေါင်းဆောင်နဲ့ ကိုယ်စားလှယ်တွေ တာဝန်ရှိသူတွေ လေ့လာနိုင်ဖို့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ခင်းကျင်းပြသထားတယ်လို့လည်း ရွေး/ကော်က ဆိုပါတယ်။
ရွေးကောက်ပွဲ ၃ ပိုင်းလုံးအတွက် ရွေး/ကော်ထုတ်ပြန်ခဲ့တဲ့ အပြီးသတ်ရလဒ်တွေအရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)က အစိုးရဖွဲ့နိုင်တဲ့အထိ မဲအများဆုံး အနိုင်ရရှိထားပြီး လွှတ်တော်သုံးရပ်ပေါင်း ၇၃၉ နေရာအထိ နိုင်ခဲ့ပါတယ်။
ဒုတိယအများဆုံးအနိုင်ရတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ ၆၈ နေရာပဲနိုင်ထားတာဖြစ်ပါတယ်။
ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကတော့ မဲရလဒ်တွေနဲ့ ပတ်သက်လို့ "ကန့်ကွက်စရာမရှိပါဘူး" လို့ ဘီဘီစီကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောပါတယ်။












