ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖရိက ဂါဘွန်နိုင်ငံမှာ စစ်တပ်အာဏာသိမ်း
အာဖရိက အနောက်ကမ်းရိုးတန်းက ဂါဘွန်နိုင်ငံမှာ သမ္မတ အာလီဘွန်ဂို ပြန်လည်ရွေးကောက်ခံရတယ်လို့ ကြေညာပြီး မကြာခင်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီလို့ကြေညာလာပါတယ်။
အာဏာသိမ်းတဲ့အကြောင်း စစ်ဘက်အရာရှိကြီး ၁၂ ဦးက နိုင်ငံပိုင်ရုပ်သံကနေ ကြေညာတာဖြစ်ပြီး စနေနေ့တုန်းက ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲ မဲရလဒ်ကိုလည်း ပယ်ဖျက်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်က သမ္မတ ဘွန်ဂိုဟာ သူ့ပြိုင်ဘက်ကို မဲ ၂ ဆအသာနဲ့အနိုင်ရတယ်လို့ ကြေညာအပြီးမှာ အခုလိုစစ်တပ်က အာဏာသိမ်းလိုက်တာပါ။
နိုင်ငံ့နယ်စပ်တွေကို ပိတ်လိုက်ပြီလို့ ပြောသလို နိုင်ငံထဲက အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံတော်ရဲ့ အဖွဲ့အစည်းတွေအားလုံးကို လည်း ဖျက်သိမ်းတယ်လို့ ပြောပါတယ်။
အခုဆို အာဖရိကမှာ ပြင်သစ်ကိုလိုနီနယ်မြေဟောင်းတွေထဲက ၃ လအတွင်း အာဏာသိမ်းတဲ့နိုင်ငံ ၈ နိုင်ငံအထိ ရှိလာပါတယ်။
သမ္မတကို နေအိမ်အကျယ်ချုပ်ချထား
စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ဂါဘွန် သမ္မတ အလီဘွန်ဂို အိုဒင်ဘာကို နေအိမ်အကျယ်ချုပ်ချထားတယ်လို့ စစ်တပ်အရာရှိတွေကို ကိုးကားပြီး AFP သတင်းက ဆိုပါတယ်။
''သမ္မတ အလီဘွန်ဂိုကို နေအိမ်အကျယ်ချုပ်ချထားပါတယ်။ မိသားစုတွေရော၊ ဆရာဝန်တွေပါ ရှိပါတယ်'' လို့ နိုင်ငံပိုင်မီဒီယာကနေ စစ်တပ်အရာရှိတွေက ကြေညာချက်ထုတ်သွားတာပါ။
သမ္မတရဲ့သားတွေထဲက တစ်ယောက်ကိုတော့ နိုင်ငံတော်ပုန်ကန်မှု နဲ့ ဖမ်းဆီးထားတယ်လို့ အဲဒီကြေညာချက်မှာဖော်ပြထားတယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းမှုကိုထောက်ခံမှုတွေလည်းရှိနေ
ဂါဘွန်မြို့တော်မှာတော့ အာဏာသိမ်းပြီးလို့ စစ်တပ်ကကြေညာပြီး မကြာခင်မှာပဲ စစ်သားတွေကို လူတွေ လမ်းပေါ်တက် သြဘာပေးခဲ့ကြတာတွေလည်းရှိခဲ့ပါတယ်။
ရိုက်တာသတင်းထောက်တစ်ဦးကတော့ မြို့လယ်မှာဆိုရင် အာဏာသိမ်းတာကို ထောက်ခံသူ ရာနဲ့ချီ အောင်ပွဲခံနေကြတယ်လို့ ဆိုပါတယ်။ အဲဒီက မြင်ကွင်းအချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဂါဘွန် စစ်တပ် အာဏာသိမ်းမှု အချိန်ဇယား
စနေနေ့တုန်းက ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတ အာလီဘွန်ဂို အနိုင်ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီး မကြာခင်မှာပဲ အာဏာသိမ်းမှု စတင်ပါတယ်။
- ဒေသစံတော်ချိန် ၃ နာရီ ၃၀ မိနစ်မှာ တရားဝင်မဲရလဒ်တွေကို မထင်မှတ်ထားဘဲ ကြေညာလိုက်ပါတယ်။
- ဒေသစံတော်ချိန် ၄ နာရီ ၁၅ မိနစ်မှာ အကြီးတန်းစစ်ဘက်အရာရှိကြီးတွေ နိုင်ငံပိုင်ရုပ်သံမှာပေါ်လာပြီး အာဏာသိမ်းပြီလို့ကြေညာသလို နောက်ထပ် တစုံတရာ မထုတ်ပြန်မချင်း နယ်စပ်တွေကို ပိတ်လိုက်ပြီလို့ပြောပါတယ်။
- ဒေသစံတော်ချိန် ၆ နာရီ ၄၀ မိနစ်မှာ ဂါဘွန် မှာဖြစ်တဲ့စစ်အာဏာသိမ်းမှုဟာ ဒေသတွင်းမှာ ပိုပြီးမတည်ငြိမ်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ဥရောပသမဂ္ဂမူဝါဒရေးရာအကြီးအကဲက ပြောပါတယ်။
- ဒေသစံတော်ချိန် ၆ နာရီ ၅၀ မိနစ်မှာ အင်တာနက်ပြန်ရပြီဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ စနေနေ့ရွေးကောက်ပွဲအပြီးမှာ သတင်းမှားတွေ ပျံ့တာဟန့်တားဖို့နဲ့ အကြမ်းမှုတွေဖြစ်လာနိုင်တာကို ကာကွယ်ဖို့ဆိုပြီး နိုင်ငံတဝန်း အင်တာနက်ဖြတ်တောက်ထားတာပါ။
- ဒေသစံတော်ချိန် ၇ နာရီ ၃၀ မိနစ်မှာ မြို့တော် လီဘရာဗီးလ်က ပလန်စီရယ်အရပ်မှာတော့ ဂါဘွန်းနိုင်ငံသားတွေက လမ်းပေါ်တက်ပြီး လုံခြုံရေးအဖွဲ့ဝင်တွေကို အားပေးကြတဲ့ ပုံတွေကို AFP သတင်းဌာနက ဖော်ပြပါတယ်။
သမ္မတ အာလီဘွန်ဂိုဟာ ဘယ်လိုလူမျိုးလဲ
ဂါဘွန် က စစ်အာဏာသိမ်းမှုဖြစ်ကြောင်းကုန်စင်မှာ မပါမဖြစ်တဲ့အဓိက ဇာတ်ကောင် သမ္မတ ဘွန်ဂိုအကြောင်း အကျဥ်းချုံးကြည့်ရအောင်ပါ။
- သူ့ကို အိမ်နီးချင်း ကွန်ဂို-ဘရာဇာဗီးလ်မှာ ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာမွေးဖွားပါတယ်။
- ဖန့်ဂီတအဆိုတော်လည်းဖြစ်ဖူးတဲ့ သူဟာ ဖခင်သေဆုံးပြီးတဲ့နောက် ဖခင်ခြေရာနင်းလို့ သမ္မတဖြစ်လာပါတယ်။
- ရေနံကြွယ်ဝတဲ့ နိုင်ငံမှာ နိုင်ငံကိုအုပ်ချုပ်ဖို့ မွေးလာတဲ့ အလိုလိုက်ခံရတဲ့ ခပ်ဆိုးဆိုးမင်းသားတစ်ပါးလို သူ့ကိုရှုမြင်ကြပါတယ်။
- တချို့ကတော့ သူ့ကို နိုင်ငံ့စီးပွားရေးကို လမ်းသစ်ပြောင်းအောင်ကြိုးပမ်းတဲ့ ပြုပြင်ပြောင်းလဲရေးသမားလို့ မြင်ကြပါတယ်။
- ရာထူးရယူချိန်တလျှောက်လုံးမှာ သမ္မတ ဘွန်ဂိုရဲ့ တရားဝင်မှုကို အတိုက်အခံတွေက မေးခွန်းထုတ်ကြပြီး ၂၀၁၆ ရွေးကောက်ပွဲတုန်းကဆိုရင် မဲလိမ်ပြီးနိုင်ခဲ့တာလို့ စွပ်စွဲခံရမှုတွေရှိခဲ့ပါတယ်။
- ၂၀၁၈ ခုနှစ်မှာ ကျန်းမာရေးယိုယွင်းလာတာကြောင့် ရာထူးကနေ နုတ်ထွက်ဖို့တောင်းဆိုတဲ့အထိ မအောင်မြင်တဲ့စစ်အာဏာသိမ်းမှုကိုလည်း ကြုံခဲ့ရသူဖြစ်ပါတယ်။
ဂါဘွန် နိုင်ငံအကြောင်း သိသင့်သမျှ
အနောက်အာဖရိက ကမ်းရိုးတန်းက ဂါဘွန် နိုင်ငံဟာ ၁၉၆၀ ပြည့်နှစ်မှာ ပြင်သစ်ဆီကနေ လွတ်လပ်ရေးရယူပြီးကတည်းကဆိုရင် ခေါင်းဆောင်အနည်းငယ်သာ အပြောင်းအလဲရှိခဲ့ပါတယ်။
အိုမာ ဘွန်ဂိုက ၂၀၀၉ ခုနှစ်မှာမသေဆုံးခင်အထိ နိုင်ငံ့အာဏာကို နှစ်ပေါင်း ၄၀ ကျော်ကြာယူပြီး သမ္မတလုပ်ခဲ့ပါတယ်။
သူ့သမ္မတ သက်တမ်းအတွင်း ဂါဘွန်ဟာ ပြင်သစ်ကို စီးပွားရေးလုပ်ပိုင်ခွင့်ပေးပြီး ပြင်သစ်ဆီကနေ နိုင်ငံရေး စစ်ရေးထောက်ပံ့မှုယူတဲ့စနစ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၀၉ ခုနှစ်မှာ သူ့ရဲ့သားဖြစ်သူ အာလီဘွန်ဂို ရွေးကောက်ပွဲဝင်ပြိုင်တဲ့အခါ ဒီဆက်ဆံရေးအေးသွားခဲ့ပြီး ကာလရှည်ကြာ အဂတိမှုနဲ့ ဘွန်ဂိုမိသားစုပိုင်ဆိုင်တာတွေကို ပြင်သစ် အာဏာပိုင်တွေက စစ်ဆေးခဲ့ပါတယ်။
ဂါဘွန် ဟာ ရေနံအဓိကထုတ်တဲ့နိုင်ငံဖြစ်ပေမဲ့ နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံခန့်ဟာ ဆင်းရဲမွဲတေနေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ အာလီဘွန်ဂိုကို စစ်တပ်အရာရှိတွေက အာဏာသိမ်းပြီး ဖယ်ရှားပါတယ်။