ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံခြားသားတွေကို တရုတ်က ဗီဇာ ပြန်ထုတ်ပေးမယ်-မတ်လ ၁၄ရက် ညနေခင်း နိုင်ငံတကာသတင်းများ
နိုင်ငံခြားသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာကို မတ် ၁၅ ရက် ဗုဒ္ဓဟူးနေ့ကနေ စပြီး ထုတ်ပေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကနေ စတင် ကန့်သတ်ထားတဲ့ ခရီးသွားလာမှု တားမြစ်ချက်နဲ့ ပတ်သက်ပြီး အကြီးမားဆုံး ဖြေလျော့မှု တခု ဖြစ်ပါတယ်။
ဗီဇာသစ်တွေ ချပေးတာအပြင် ၂ဝ၂ဝ ခုနှစ် မတ်လမတိုင်မီက ထုတ်ပေးခဲ့တဲ့ ဗီဇာတွေ အသက်ဝင်နေဆဲ ဖြစ်ပြီး တရုတ်ကို ဝင်ခွင့်ပြုမယ်လို့လည်း ဆိုပါတယ်။
ကိုဗစ်မတိုင်မီက တနှစ်ကို တရုတ်က ခရီးသွား သန်း ၆ဝ အထိ ဝင်ခွင့်ပြုခဲ့ပါတယ်။
ကိုဗစ် ကန့်သတ်ချက်တွေကို ကမ္ဘာ့နိုင်ငံအသီးသီးက ပြန်လည် ပယ်ဖျက်နေပေမဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းအထိ နိုင်ငံသားတွေကို လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်ထားပါတယ်။
ဒီအပေါ် မကျေနပ်တာကြောင့် နိုင်ငံတဝန်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဗြိတိန် သြစတြေးလျ အမေရိကန် နျူကာကွယ်ရေး စာချုပ် တရုတ်နဲ့ ရုရှား ကန့်ကွက်
အမေရိကန် ဗြိတိန်နဲ့သြစတြေးလျ ခေါင်းဆောင်တွေ ကယ်လီဖိုးနီးယားမှာ တွေ့ဆုံနေပြီး သြစတြေးလျကို နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ပံ့ပိုးပေးနိုင်မယ့် ကာကွယ်ရေး စာချုပ်ကို ရုရှားနဲ့ တရုတ်တို့က ကန့်ကွက်လိုက်ပါတယ်။
ဒီ ၃ နိုင်ငံက အန္တရာယ်ရှိပြီး မှားယွင်းတဲ့ လမ်းပေါ် ရောက်နေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လာပြီး ဒီစာချုပ်က နိုင်ငံတကာ နျူကလီးယား လက်နက် မပြန့်ပွား ရေး စာချုပ်ရဲ့ ရည်မှန်းချက်ကို ချိုးဖောက်ရာ ရောက်တယ်လို့ ပြောပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ပြောခွင့်ရ ဝမ်ဝဲန်ဘင်း (Wang Wenbin)က မှားယွင်းတဲ့ လုပ်ဆောင်ချက် တခုလို့ ပြောပါတယ်။
''အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့ရဲ့ ၃ ပွင့်ဆိုင် လုံခြုံရေး လက်တွဲဆောင်ရွက်တာနဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောအတွက် လက်တွဲဆောင်ရွက်တာနဲ့ တခြား စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ပူးပေါင်းဆောင်ရွက်တာက စစ်အေးတိုက်ပွဲ အကျိုးဆက်ရဲ့ ရလဒ်ပဲဆိုတာ တရုတ်က အကြိမ်ကြိမ် ပြောခဲ့ပါတယ်၊ လက်နက်တွေ အပြိုင်တပ်လာမယ်၊ နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေး စာချုပ်ကို ပျက်စီးပြီး ဒေသတွင်း တည်ငြိမ်မှုကို အန္တရာယ်ရှိလာမယ်၊ ငြိမ်းချမ်းရေးကို လိုလားတဲ့ နိုင်ငံတွေက ဒီအပေါ် စိုးရိမ်ပူပန်ပြီး ခိုင်ခိုင်မာမာ ကန့်ကွက်ကြပါလိမ်မယ်'' လို့ သူက ပြောပါတယ်။
ဒီရေငုပ်သင်္ဘောစာချုပ်က လာမယ့်နှစ်တွေမှာ အာရှမှာ ရန်လိုမုန်းတီးမှုတွေ ပိုများလာမယ် လို့လည်း ရုရှားကပြောပါတယ်။
အဆင့်မြင့် နျူကလီးယား နည်းပညာတွေကို အမေရိကန် ဗြိတိန်တို့က သြစတြေးလျနဲ့ မျှဝေသွားမှာလည်း ဖြစ်ပါတယ်။
ကနဦးမှာ အမေရိကန်လုပ် ရေငုပ်သင်္ဘော ၃စီး သြစတြေးလျက ရရှိမှာဖြစ်ပါတယ်။ ဒီနောက် ရေငုပ်သင်္ဘော ဒီဇိုင်းသစ် Aukusအမျိုးအစားကို ဗြိတိန်နဲ့ သြစတြေးလျမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။
ဒီကာကွယ်ရေး စာချုပ် AUKUSက လာမယ့် ဆယ်စုနှစ်အတွင်း အင်ဒို ပစိဖိတ်ဒေသ လုံခြုံရေးကို ပိုကောင်းအောင် လုပ်ပေးနိုင်မယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါ တယ်။ တရုတ်ရဲ့ ကြီးထွားလာတဲ့ စစ်ရေး အင်အားနဲ့ ပိုင်နက်တွေ ပိုမိုတောင်းဆိုလာတဲ့အပေါ် တန်ပြန်တာလို့လည်း ဆိုပါတယ်။
ဒါဟာ သူ့နိုင်ငံသမိုင်းမှာ တခုတည်းသော အကြီးဆုံး ကာကွယ်ရေး ရင်းနှီးမြုပ်နှံမှု ဖြစ်တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘန်းနီးစ်က ပြောပါတယ်။ ဒေါ်လာ ၂၄၅ ဘီလီယံ ရင်းနှီးမြုပ်နှံသွားဖို့လည်းရှိနေပါတယ်။
အမေရိကန်ဘဏ်နှစ်ခု ပြိုလဲပြီး အင်ဒိုပစိဖိတ်မှာ ရှယ်ယာစျေးတွေ ထိုးကျ
အမေရိကန်ဘဏ်နှစ်ခု ပြီးခဲ့တဲ့ သီတင်းပတ်က ပြိုကျခဲ့ပြီးတဲ့နောက် ရင်းနှီးမြုပ်နှံသူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်မားလာပြီး အာရှ ပစိဖိတ်မှာ ရှယ်ယာတွေ ဈေးကျသွားပါတယ်။
ဂျပန် နီကေး ရှယ်ယာ အညွှန်းကိန်းနဲ့ ဟောင်ဟောင် ဟန်ဆန်တို့ ၂ ရာခိုင်နှုန်းဝန်းကျင် ဈေးကျ သွားပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် ဆီလီကွန်ဗယ်လီ (Silicon Valley)ဘဏ် ပြိုလဲခဲ့ပြီးတဲ့နောက် နယူးယောက်အခြေစိုက် စစ်နေချာ (Signature) ဘဏ် ထပ်ပြို လဲခဲ့တာကြောင့် တခြားဘဏ်တွေ အလားတူ လိုက်ဖြစ်မှာကို စိုးရိမ်မှုတွေရှိနေပါတယ်။
ဒီဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အာမခံတယ်လို ဘိုင်ဒန်အစိုးရက ကတိပြုထားပေမဲ့ ဘဏ်ရှယ်ယာတွေ ဆက်ဈေးကျနေပါတယ်။
သူတို့အပ်နှံထားတဲ့ငွေတွေ ထုတ်ယူဖို့ ဘဏ်ခွဲတွေမှာ အမေရိကန်တွေတန်းစီနေကြပါတယ်။
သက်တမ်းကုန်တော့မယ့် ယူကရိန်း ကောက်ပဲသီးနှံတင်ပို့ခွင့် ရုရှားနဲ့ ဆက်ဆွေးနွေး
စစ်ဖြစ်နေတဲ့ ရုရှားနဲ့ ယူကရိန်းတို့ အကြား ပင်လယ်နက်ကနေ ကောက်ပဲသီးနှံ တင်ပို့နိုင်ဖို့ ဆွေးနွေးမှုတွေကို ကုလသမဂ္ဂနဲ့ တူရကီတို့က ကြားဝင်ဆောင်ရွက်ပေးနေပြီး ဆက်လက် ဆွေးနွေးနေပါတယ်။
ယူကရိန်း ဆိပ်ကမ်းကနေ ကောက်ပဲသီးနှံတင်ပို့နိုင်တဲ့ လက်ရှိသဘောတူညီချက်က လာမယ့် မတ် ၁၈ ရက် စနေနေ့မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်ကို နောက်ထပ် ရက် ၆ဝ သက်တမ်း တိုးပေးမယ်လို့ ရုရှားက သဘောတူညီခဲ့ပါတယ်။ ဒါဟာ အရင်က သဘောတူထားတဲ့ ကာလ ရက် ၁၂ဝရဲ့ ထက်ဝက်လည်း ဖြစ်ပါတယ်။ ဒီအပေါ် ကုလသမဂ္ဂက အတည်မပြုသေးပါဘူး။
ယူကရိန်းက နောက်ထပ် ရက် ၁၂ဝ သက်တမ်း ထပ်တိုးပေးဖို့ ဆန္ဒရှိနေပါတယ်။
ဇူလိုင်လက ဒီစာချုပ် သဘောတူညီခဲ့ပြီးတဲ့နောက် ယူကရိန်း ဆိပ်ကမ်းကနေ ကောက်ပဲသီးနှံတန်ချိန် ၂၄ သန်း တင်ပို့နိုင်ခဲ့ပါတယ်။
ဂျပန်အတိုက်အခံ လွှတ်တော်အမတ်ကို အထက် လွှတ်တော်ကနေ ထုတ်ပယ်
လူမှုကွန်ရက် ယူကျူမှာ လူသိများတဲ့ ဂျပန်အတိုက်အခံ လွှတ်တော်အမတ်ကို အထက် လွှတ်တော်ကနေ ထုတ်ပယ်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် လွှတ်တော်အမတ် အဖြစ် အရွေးချယ်ခံရပြီးကတည်းက သူက လွှတ်တော်ကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။
ယိုရှီကာဇူ ဟီကာရှီတာနီ (Yoshikazu Higashitani) ခေါ် ဂါရှီးလို့ လူသိများတဲ့ သူက ဂျပန်နိုင်ငံ ပြင်ပ အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးမှာ နေထိုင်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်က အထက်လွှတ်တော်မှာ လူကိုင်တိုင်လာရောက် တောင်းပန်ဖို့ တောင်းဆိုချက်ကို သူက ပျက်ကွက်ခဲ့ပါတယ်။
စည်းကမ်းထိန်းသိမ်းရေး ကော်မတီက သူ့ကို ထုတ်ပယ်ဖို့ တညီတညွတ်တည်း မဲပေးခဲ့ပါတယ်။