ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန် ဆန္ဒပြပွဲထဲ အကြီးအမားပေးဆပ်ရင်း ပါဝင်နေတဲ့ ဂျန်ဇီးတွေ
ပါဟမ် ဂိုဒါဘီ
ဘီဘီစီ ပါရှား ဘာသာ ဌာန
ဘာသာရေး အုပ်ချုပ်မှုကို ပြောင်းလဲပစ်ဖို့ သူတို့ မိဘတွေ ဘိုးဘွားတွေ လက်ထက် တုန်းက ကြိုးစားခဲ့ပြီး မအောင်မြင်ကြပေမဲ့ အခု မျိုး ဆက်သစ် အမျိုးသမီးတွေ၊ မိန်းကလေးတွေ အခုအခါလောက် အကျယ်အပြန့် ပါဝင်ပြီး ဆန့်ကျင် ဆန္ဒပြ တာမျိုးက အီရန်မှာ အရင်က မဖြစ်ခဲ့ဖူးပါဘူး။ လူမှုကွန်ရက်မီဒီယာမှာ တင်တဲ့ ဗီဒီယိုတွေ၊ သတင်း စကားတွေကတဆင့် အကြမ်းဖက်နှိပ်ကွပ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ လူငယ်တွေ အကြောင်းကို သိလာရသလို အာဏာပိုင်တွေကို အာခံ ဆန့်ကျင်ဖို့ ဘာ့ကြောင့် သူတို့ အသက်ကို ပဓာန မထားဘဲ လုပ်နေကြတာလဲ ဆိုတာကိုလည်း နားလည် လာရပါတယ်။
“ဘာသာရေး ခေါင်းဆောင်တွေ ထွက်သွား ထွက်သွား။”
အီရန်တလွှားက စာသင်ခန်းတွေမှာ ဒီကြွေးကြော်သံကို ဟစ်ကြွေးနေကြတဲ့ မိန်းကလေးတွေထဲ အသက် ၁၁ နှစ်လောက် အရွယ်အထိ ပါတာကို တွေ့ရပါတယ်။ ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ ရဲ့ ပုံကို နံရံကနေ ဆွဲချပြီး ဖြဲဆုတ်ပစ်ကြတာ၊ မီးရှို့ပစ်နေတာကြတဲ့ ဗီဒီယိုဖိုင်တွေ လူမှုမီဒီယာမှာ ပြည့်နှက် နေပါတယ်။
သူ့ရဲ့ ခေါင်းစည်းပဝါကို “အသေအချာ မခြုံဘူး”လို့စွပ်စွဲခံခဲ့ရကာ ရဲ တပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ ခံရပြီးတဲ့နောက် သေဆုံးသွားခဲ့ရတဲ့ ကာ့ဒ်အမျိုးသမီးငယ်ရဲ့ အဖြစ်ကို ရည်ညွှန်းပြီး “ကျွန်မတို့ မညီညွတ်ကြရင် တယောက်ပြီး တယောက် မာဆာ အာမီနီလို အဖြစ်နဲ့ ကြုံကြရမယ်” လို့ သူတို့ ဟစ်အော်ကြတာတွေထဲမှာ ကြားရပါတယ်။
အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းနေပေမဲ့ ဒီသေဆုံးရမှုအပေါ် ဆန့်ကျင် ဆန္ဒပြတာတွေက လျော့ကျလာတဲ့ပုံ မတွေ့ရပါဘူး။
အသက် ၂၂ အရွယ် အမျိုးသမီးငယ် ဟာဒစ်စ် နဂျာဖီက ပိုကောင်းတဲ့ အနာဂတ်ကို ရည်မျှော်ပြီး ဆန္ဒပြပွဲဆီကို သွားနေတာလို့ ဆိုရင်း သူ့ဖုန်းနဲ့ သူဗီဒီယို ပြန်ရိုက်ထား တာကို တစ်တော့ပ် မှာ တင်ပါတယ်။
ဘီဘီစီ ပါရှားဘာသာဌာန က ရထားတဲ့ ဗီဒီယိုဖိုင် ထဲမှာ “နောင် နှစ်အနည်းငယ်ကြာ လို့ ပြန်တွေးကြည့်လိုက်ရင်၊ အရာရာဟာ ပိုကောင်းတဲ့ ဘက်ဆီ ပြောင်းလဲသွားပြီ ဖြစ်လို့ ငါပျော်ရွှင်နေမှာ” လို့ ညအချိန်ကျလာတဲ့အခိုက်ရိုက်ထားတဲ့ ဗီဒီယိုမှာ သူပြော ထားပါတယ်။
ဟာဒစ်စ်ရဲ့ မိသားစုက နောက်တနာရီလောက် အကြာမှာ သူ သေနတ်ပစ်ခံရပြီး သေဆုံး သွားခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
သူ့မိခင်က သူ့သမီးရဲ့ ရင်ဘတ်မှာ၊ ဗိုက်မှာ၊ လည်ပင်းမှာ သေနတ်ဒဏ်ရာတွေ တွေ့ရတယ် လို့ ပြောထားတဲ့ ဗီဒီယို တခုလည်း လူမှုမီဒီယာမှာ တွေ့ရပါတယ်။
“အလုပ်ကနေပြန်လာပြီး သူဗိုက်ဆာနေပြီလို့ ပြောတယ်၊ ဒါပေမယ့် ဘာမှ မစားဘဲ သူ မာဆာ အာမီနီအတွက် ဆန္ဒပြပွဲကို ထွက်သွားလိုက်တာ” လို့ သူ့မိခင်က ပြောပါ တယ်။ “သမီး သိပ်ဆာလောင်နေခဲ့မှာပဲ။”
အစိုးရရဲ့ ဖြိုခွင်းမှုတွေ အတွင်း ကလေးငယ်တွေ အပါအဝင် ဒါဇင်နဲ့ ချီတဲ့ လူငယ် တွေ သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ လူအများအပြား လည်း အဖမ်းခံထားရပါတယ်။
အီရန်ရဲ့ ဂျန်ဇီးတွေ ပေးဆပ်မှုကြီးကြီးတွေနဲ့ ရင်းနေရပါတယ်။
အီရန် လူမှုဗေဒပညာရှင် တယောက်ဖြစ်တဲ့ ဟူစိန် ဂါဇီယန်က အပြောင်းအလဲဖြစ်ဖို့ အတွက် တခြား ဘာကမှ ရေရေရာရာ မရှိတာနဲ့အတူ လူမှုမီဒီယာကို အသုံးများ လာတဲ့ အချက်က ဆန္ဒပြပွဲတွေ အတွင်း အရေးပါတဲ့ အကြောင်းအချက် တရပ် ဖြစ်လာ တယ်လို့ ပြောပါတယ်။
“အခု မျိုးဆက်က ခေတ်ကို ပိုပြီး အမီလိုက်နိုင်တယ်၊ ကမ္ဘာမှာ ဘာတွေ ဖြစ်နေလဲဆိုတာ သူတို့ ပိုသိကြတယ်” လို့ သူက ဆိုပါတယ်။ “အခု ဘဝ နေထိုင်မှု ပုံစံနဲ့ မတူ ကွဲပြားပြီး နေနိုင်တယ်ဆိုတာကို သူတို့ သဘောပေါက်နေကြတယ်။
“ဒီအုပ်ချုပ်သူတွေနဲ့ သူတို့အနာဂတ်ပိုကောင်းလာဖို့ မရှိဘူးဆိုတာကို သူတို့ မြင်လာ တယ်၊ အဲဒီအချက်က သူတို့ကို သတ္တိမွေးပေးလိုက်တာပါ” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
အသက် ၁၆ နှစ် အရွယ် ဗီဒီယို ဘလော့ဂါ ဆရီနာ အက်စ်မေးဇာဒါက သူဘာကိုမှ မကြောက်တဲ့ သဘောထားကို ယူကျုမှာ တင်ပါတယ်။
“အီရန်နိုင်ငံ အပြင်ဘက်က ဘဝတွေက ဘယ်လိုရှိကြသလဲ ဆိုတာကို မသိကြတဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက မျိုးဆက်တွေနဲ့ ကျွန်မတို့က မတူဘူး” လို့ အဲဒီ ဗီဒီယိုထဲမှာ သူပြောထားပါတယ်။
“နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ်က လူငယ်တွေလို ငါ့တို့ ပျော်ပျော်ပါးပါး ဘာလို့ မနေနိုင်ရသလဲ ဆိုတာကို ငါတို့ဘာသာ ငါတို့မေးနေမိတယ်။”
သူတို့ဘဝမှာ ဂုဏ်သိက္ခာရှိရှိနေနိုင်ရေးအတွက် ဘာကိုမဆိုရင်ဆိုင်ဖို့ ဒီအမျိုးသမီး ငယ်တွေက အဆင်သင့်ပြင်ထား ကြပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)ရဲ့ အစီရင်ခံစာ အရ ဆရီနာဟာ ဆန္ဒပြပွဲဆီသွားပြီးခဲ့တဲ့နောက် သူ့ခေါင်းမှာ အရိုက်ခံရတဲ့ ဒဏ်ရာ တွေ ရပြီး သေဆုံးခဲ့ပြီဆိုတာကို သိရပါတယ်။
အီရန်အာဏာပိုင်တွေက အဲဒါကို ငြင်းဆိုပြီး သူ အဆောက်အအုံတခုပေါ်ကနေ ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။
သူ့မိသားစုအနေနဲ့ ဖိအားတွေအောက် ရောက်နေတဲ့အတွက် အစိုးရက ဒီလိုပြောနေ တာကို ငြိမ်ခံနေရပြီး မီဒီယာတွေကို ဘာမှမပြောရဲကြပါဘူး။
ဗီဒီယိုတခုထဲမှာ ဆရီနာက ငါ့ကို ဘုရားကျောင်းဆီ ခေါ်သွားလိုက်ပါ လို့ (Take Me to Church) အမည်ရတဲ့ ဟိုဇီယာရဲ့ သီချင်းကို ဆိုနေပါတယ်။ အဲဒီသီချင်းက အိုင်ယာလန်မှာ ကက်သလစ် ကျောင်းတော်တွေရဲ့ လွှမ်းမိုးဖိအားပေးမှုတွေကို စိတ်ပျက်နေတဲ့ သီချင်း ရေးသူက သီကုံးစပ်ဆိုထားတာဖြစ်ပြီး ကမ္ဘာအနှံ့မှာ လွတ်လပ်ရေး သီချင်း အဖြစ် ရှိနေတာပါ။
လူ့အခွင့်အရေး သုတေသီတယောက်ဖြစ်တဲ့ အဇာဒါ ပိုဇန်က ဆန္ဒပြပွဲတွေက အပြောင်းအလဲအတွက် နက်နဲတဲ့ အခါသမယ တွေကို ကိုယ်စားပြုတယ်လို့ ဆိုပါ တယ်။
အမျိုးသမီးငယ်တွေရဲ့ တောင်းဆိုချက်တွေက ရှင်းလင်းပြတ်သားတဲ့အပေါ် မှာလည်း သူစိတ် လှုပ်ရှား နေပါတယ်။
“သူတို့ တယောက်ကနေ တယောက်ကို ပါးလိုက်တဲ့ စကားက သိပ်ကို ရိုးရှင်းတယ်” လို့ သူက ပြောပါတယ်။ “ကျွန်မတို့က သူတို့ရဲ့တောင်းဆိုချက်တွေ၊ မျှော်လင့်ချက် တွေကို ကမ္ဘာကို ဆက်သွယ်ပြောနေတဲ့နည်းထက် သူတို့ပြောနေတဲ့နည်းက ပို အောင်မြင်တယ်။”
အစ္စလာမ္မစ် စနစ်ကို စနစ်ရဲ့ဘောင်အတွင်းကနေ ပြောင်းလဲဖို့ ကြိုးစားခဲ့ကြတဲ့ သူတို့ရဲ့ မိဘတွေ၊ သူတို့ရဲ့ ဘိုးဘွားတွေ ဘယ်လို ကျရှုံးခဲ့ကြသလဲဆိုတာကို ဒီ မျိုးဆက်သစ် က လေ့လာသင်ယူထားကြတယ်လို့ လည်း သူက ပြောပါတယ်။
“မျိုးဆက်ဟောင်းတွေအတွက် အနာဂတ်ဟာ သူတို့ပါပဲ” လို့ သူက ဆိုပြီး လူငယ်တွေ ရဲ့ သတ္တိကို ချီးကျူးပါတယ်။ “ဘာကိုမှ မကြောက်လန့်ရတဲ့ ဘဝမျိုး သူတို့လိုချင်ကြတာ။”
ဒီဆန္ဒပြပွဲတွေဟာ သူ့ရဲ့ ပုဂ္ဂလိက ခံစားချက်တွေနဲ့လည်း ဆက်နွှယ်နေပါတယ်။ အီရန်ရဲ့ ထိပ်တန်း လူ့အခွင့်အရေး ရှေ့နေတွေထဲက တယောက်ဖြစ်တဲ့ သူ့မိခင် မက်ရန်ဂစ်ဇ်ကာ ဟာ နိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်။ သူ့အမေက ဒီလှုပ်ရှားမှုတွေ ကို ဝမ်းနည်းတာ တဝက်၊ ဂုဏ်ယူတာက တဝက်နဲ့ စောင့်ကြည့်နေတယ်လို့ ဆိုပါ တယ်။
တက္ကသိုလ်မှာ ကျောင်းသူကျောင်းသားတွေ နေ့လယ်စာစားချိန် ချမှတ်ထားတဲ့ စည်းမျဉ်းဖြစ်တဲ့ ကျားနဲ့မ ခွဲပြီးစားရမယ်ဆိုတာကို လက်မခံ ငြင်းဆန်လိုက်ကြတာကို ကြည့်ပြီး သူ့အမေက သိပ်ကို ကျေနပ် ပျော်ရွှင်နေပါတယ်။
ခွဲပြီး စားသောက်ကြမယ့်အစား တက္ကသိုလ်စားသောက်ဆိုင်တန်းအပြင်က မြေပြင်မှာ ကျောင်းသူ ကျောင်းသားတွေ အတူ စုဝေးထိုင်လိုက်ကြပါတယ်။
“ဒါက ငါ့ အတွက် ဆုတံဆိပ် ပါပဲ၊ ငါ့ ဘဝတလျောက်လုံး လှုပ်ရှားခဲ့တဲ့အတွက် ဒီဆုကိုရတာ” လို့ သူ့အမေက သူ့ကို ပြောတဲ့အကြောင်း အဇာဒါက ပြောပြပါတယ်။
အခုအချိန်မှာ အီရန်ရဲ့ မျိုးဆက်အားလုံးက စောင့်ကြည့်နေကြသလို သူတို့အနာဂတ်မှာ အပြောင်းအလဲမြင်ရဖို့ စောင့်စားနေကြပါတယ်။