ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွှေကုက္ကိုလ် တိုက်ပွဲက ဘယ်လိုထူးခြားလဲ
ရွှေကုက္ကိုလ်မြို့သစ်နားက ဧပြီ ၅ ရက်နဲ့ ၆ ရက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (Border Guard Force – BGF) တပ်က တပ်ဖွဲ့ဝင်တွေ အတော်များများ သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
စစ်ကောင်စီဘက် တိုက်ပွဲသတင်းထုတ်ပြန်တာမရှိသေးသလို၊ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပေမဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေမှာ ရွှေကုက္ကိုလ်မြို့တဝိုက်က အထိုင်စခန်း ၅ ခုကို တော်လှန်ရေးတပ်တွေဖက်က သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီနဲ့ BGF ဘက်က သေဆုံးသူ၊ ဒဏ်ရာရသူ စုစုပေါင်း ၁၅၀ နီးပါး ရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (Karen National Liberation Army – KNLA) နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဘက်က ထုတ်ပြန်ချက် တွေ အရ သိရပါတယ်။
လက်နက်မျိုးစုံ နဲ့ ကျည်တွေ ခဲယမ်းတွေ သိမ်းဆည်းရမိ တယ်လို့လည်း သူတို့က ဆိုပါတယ်။
ဒီတိုက်ပွဲတွေဟာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၇ နယ်မြေ (ဘားအံခရိုင်) အတွင်း မှာ ပထမဆုံး စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေလို့လည်း ဆိုကြပါတယ်။
ဒီနေ့ မတ်လ ၇ ရက်နေ့ ရွှေကုက္ကိုလ်ဘက်မှာ တိုက်ပွဲတွေ ငြိမ်နေပေမယ့် အဲဒီဒေသ မှာ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ KNLA၊ အခြား ကရင်တပ်ဖွဲ့တွေ၊ PDF တပ်တွေ စစ်ကြောင်းတွေရဲ့ ပူးပေါင်းထုတ်ပြန်ချက်အရ ဧပြီလ ၂၁ ရက်နေ့အထိ အများ ပြည်သူတွေ အနေနဲ့ ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးကို အသုံးမပြု ကြဖို့ သတိပေးထားတဲ့အတွက် တိုက်ပွဲတွေက ဆက်ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ယူဆ နေကြပါတယ်။ ထူးခြားတာက အဲဒီစစ်ကြောင်းတွေထဲမှာ စစ်ကောင်စီနဲ့ အပစ် အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေကနေ ထွက်ခွာလာကြတဲ့ ကရင်တပ်မှူးတွေလည်း ပါဝင်နေတာပါ။
ဒီလောလောလတ်လတ် တိုက်ပွဲတွေကြောင့် ရွှေကုက္ကိုလ်ဘက်ကနေ နယ်ခြားစည်း သောင်ရင်းမြစ်ကိုကျော်ပြီး ထိုင်းနိုင်ငံဘက်အခြမ်းမှာ ထွက်ပြေးခိုလှုံနေကြရတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ပြည်သူတွေ ၇၀၀၀ ကနေ ၁၀,၀၀၀ လောက်အထိ ရှိလိမ့် မယ် လို့လည်း ခန့်မှန်း ထားကြပါတယ်။
တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ၂ ရက်တာ
"(ဧပြီလ ၅ ရက်နေ့) အစောကြီး ၅ နာရီ ခွဲလောက် BGF စခန်းကုန်းတွေကို (KNLA နဲ့ ပူးပေါင်းတပ်တွေက) ၀င်ပစ်တာ။ ထီးကော်ထော BGF စခန်းက အကုန် ထွက်ပြေး တယ်။ ထီးချားထား BGF စခန်းတခုကို မီးရှို့ ဖျက်ဆီးလိုက်တယ်။
နောက်ပြီးတော့ ရွှေကုက္ကိုလ် မြို့ အ၀င် မုခ်ဦးနားက ရပ်ကွက်၊ တရုတ်တွေနေတဲ့ တန်းလျားတွေ ဘက်၊ နှစ်သစ်ကူးကွင်းဘက်တွေက စစ်တပ်၊ BGF တပ်တွေနဲ့ ပစ်နေတာမှာ ၁၂ နာရီ လောက်မှာ ရဟတ်ယာဉ် ၂ စီး လာပတ်ပစ်တယ်။
လက်နက်ကြီးတွေက ရွှေကုက္ကိုလ် ရပ်ကွက်နဲ့ နှစ်သစ်ကူးကွင်းဘက်တွေ ကျတယ်။ တရုတ်ကာစီနိုတွေကတော့ စစ်တပ် နဲ့ BGF တွေ ၊ စနိုက်ပါစစ်သားတွေ လုံခြုံရေး ယူထားပေးပြီးတော့ အပြင် မထွက် ခိုင်းဘူး။ ကိုယ့်တိုက်ခန်းထဲမှာပဲ နေနေကြဖို့ တရုတ်လိုရော၊ မြန်မာလိုရော BGF တွေ လိုက်အော်နေတယ်" လို့ KNLA ပူးပေါင်းတပ် တွေ နဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ်က ကြာသပတေးနေ့က ဘီဘီစီကို ပြောပါတယ်။
ဧပြီလ ၆ ရက် ကြာသပတေးနေ့ ဒေသစံတော်ချိန် ညနေပိုင်းလောက်မှာတော့ ရွှေကုက္ကိုလ်မြို့နားက ထီးဝါးပလောနဲ့ ထီးကော်ထော ရွာတွေမှာ ဖြစ်တဲ့ တိုက်ပွဲတွေ အကြောင်း ဗီဒီယို မှတ်တမ်းဖိုင်တခုကို KNLA ရဲ့ တပ်မှူး တယောက်ဖြစ်တဲ့ ဗိုလ်အယ်ဆေးဝါးဦးဆောင်တဲ့ Lion Battalion Commando Special Forces ဗျူဟာ စစ်ကြောင်းက သူတို့ ဖေ့ဘွတ်စာမျက်နှာက တဆင့် တင်ခဲ့ပါတယ်။
အဲဒီထဲမှာ မီးလောင် ပျက်စီးနေတဲ့ အဆောက်အဦတွေ တွေ့ရသလို သိမ်းဆည်း ရမိတယ်ဆိုတဲ့ လက်နက်တွေကို ပြသထားတာလည်း တွေ့ရပါတယ်။
သူတို့နဲ့ အတူ PDF တပ်တွေ အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှု ကြောင့် ရွှေကုက္ကိုလ် မြို့က BGF စခန်းကုန်း ၅ နေရာကို သိမ်းပိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
စစ်ကောင်စီ နဲ့ BGF တပ်ဖွဲ့ဝင်တွေ ၈၅ ယောက်သေဆုံးပြီး၊ အယောက် ၆၀ ကျော် ဒဏ်ရာရကာ လက်နက်မျိုးစုံ ၇၅ လက်နဲ့ ကျည်တွေ ခဲယမ်းတွေ သိမ်းဆည်းရမိ တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီ အရေအတွက်တွေကိုတော့ ဘီဘီစီက သီးခြား လွတ်လပ်စွာ အတည်မပြုနိုင်ပါဘူး။
KNLA နဲ့ ပူးပေါင်းတပ်တွေဘက်က အထိအခိုက် အသေအဆုံးရှိနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာသလို မဲဆောက်ဆေးရုံကို ဒဏ်ရာရတဲ့ သူတွေ ရောက်လာတယ် ဆိုတဲ့ သတင်းတွေကို ကြားရပါတယ်။
ဧပြီလ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာ အဲဒီတိုက်ပွဲတွေ အတွင်း သေဆုံးတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို ထရပ်ကား (ဖောကား) ပေါ်တင်ထားတဲ့ ပုံတွေ အင်တာနက် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ဒီအလောင်းတွေက BGF တွေလို့ ပြောကြသလို၊ စစ်ကောင်စီ ထောက်ခံတဲ့ မီဒီယာတွေ၊ လူမှုစာမျက်နှာတွေကလည်း ဒါတွေက PDF အလောင်းတွေကို ဆိုကြပါတယ်။ ဘီဘီစီက ဒေသတွင်း လူမှုရေးအဖွဲ့တွေကို စုံစမ်း ကြည့်ရာမှာတော့ ဒါတွေက တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ BGF တပ်ဖွဲ့ဝင်လို့ သိရပါတယ်။
ရွှေကုက္ကိုလ်ဘက်မှာ ပြီးခဲ့တဲ့ ၂ ရက်က တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ခြမ်း မဲဆောက်ခရိုင်ထဲက မယ့်ကလောင်၊ ဝမ်းဖာ စတဲ့ ရွာတွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေ အပါအဝင် “နေရာ ၆ ခု ဆီကို ဒုက္ခသည်ပေါင်း ၈,၀၀၀ ကျော်ရောက်လာတယ်” လို့ စောင့်ကြည့် သတင်းယူနေတဲ့ ဒေသတွင်း မီဒီယာတခုက ဘီဘီစီကို ပြောပါတယ်။
အခြေအနေတွေက အဲဒီအရပ်တွေမှာ မတည်ငြိမ်သေးတာကြောင့် ဒုက္ခသည်တွေ အရေအတွက်က အတိအကျ ရေတွက်နိုင်တဲ့ အခြေအနေ မဟုတ်သေးတာကြောင့် ဒုက္ခသည် ၇,၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းကြသူ တွေရှိသလို ဘီဘီစီ ထိုင်းဌာန ကတော့ ထိုင်းဘက်ခြမ်းကို ရောက်လာတဲ့ “စစ်ဘေးရှောင် ၁၀,၀၀၀ ခန့်ရှိတယ်” လို့ ဆိုပါတယ်။
“အမိုးတွေအကာတွေ၊ အခင်းတွေ၊ စားသောက်ရေး၊ သောက်ရေသန့်ရရေး၊ ဒါတွေ အရေးပေါ် လိုအပ်နေတယ်။ ပြီးတော့ သူတို့အတွက် သန့်စင်ခန်း ကိစ္စတွေ လိုနေ တယ်။ (ဒုက္ခသည်အများစုက) အမျိုးသမီးတွေ၊ အသက်အရွယ်ကြီးသူတွေ၊ ကလေးငယ်တွေ” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ MHAC အဖွဲ့က ကိုရဲမင်းက ဘီဘီစီကို ဧပြီလ ၆ ရက်နေ့က ပြောပါတယ်။
ရွှေကုက္ကိုလ်မြို့ဘက်ဆီကို စစ်မီး ဘာလို့ ကူးတာလဲ
လောင်းကစား စီးပွားရေးနဲ့ ကာစီနိုတွေရှိရာ ဒီရွှေကုက္ကိုလ်မြို့ဟာ စစ်ကောင်စီ တပ်တွေနဲ့ ဟိုးအရင် ဆယ်စုနှစ်ပေါင်းများစွာ ပူးပေါင်းခဲ့တဲ့ အရင် KNLA အခု BGF တပ်မှူး ဗိုလ်စောချစ်သူရဲ့ တပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းမှာ ရှိတာပါ။
ဒီမြို့ဟာ ကော့ကရိတ် - မြဝတီကားလမ်းရဲ့ မြောက်ဘက်ခြမ်း၊ မြဝတီမြို့ရဲ့ မြောက်ဘက် ၁၀ မိုင် အကွာလောက်မှာရှိပြီး KNU တပ်မဟာ (၇) ဘားအံခရိုင် အတွင်းမှာရှိကာ စစ်ကောင်စီက စစ်အာဏာသိမ်းပြီးတဲ့နောက် တိုက်ပွဲတွေ ဖြစ်လေ့ ဖြစ်ထ မရှိတဲ့ ဒေသအတွင်းမှာ ပထမဆုံးဖြစ်လာတဲ့ တိုက်ပွဲတွေလို့ ဒေသတွင်း စစ်ရေး အခြေအနေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရွှေကုက္ကိုလ်ဟာ အခုအချိန်မှာ မြို့ငယ်တခု၊ မြို့သစ်တခုသာ ဖြစ်ပေမဲ့ အဲဒီ မြို့သစ်စီမံကိန်းဟာ မြေဧက ၃၀,၀၀၀ အထိ ကျယ်ဝန်းလာမှာ ဖြစ်သလို တရုတ်လူမျိုးတွေ ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ်လုပ်မယ့် စီမံကိန်း၊ စစ်တပ် ထိပ်တန်း အာဏာပိုင် တွေပါ ရင်းနှီးမြှုပ်နှံမှု လုပ်ထားတဲ့မြို့ စီမံကိန်းလို့လည်း နာမည်ထွက် ပါတယ်။
မြို့ကို အခုအချိန်မှာ ကာစီနိုလောင်းကစားတွေအတွက် တရုတ်နိုင်ငံသားတွေ လာကြသလို၊ စီမံကိန်းတွေအတွက် လာကြတဲ့လူတွေ ရှိပါတယ်။ မူးယစ်ဆေးဝါးတွေ ဒီမြို့မှာ ထုတ်လုပ်တယ်လို့ စွပ်စွဲကြတာတွေလည်းရှိပါတယ်။
မြို့သစ်စီမံကိန်းက အခုအချိန်မှာ ဆက်လက်လုပ်ဆောင်နေသလား ဆိုတာ မရေရာပေမဲ့ ဆွဲထားတဲ့ စီမံကိန်းအပေါ် ဝေဖန်ထားတဲ့ အစီရင်ခံစာတွေ၊ သတင်းတွေ အရ မြို့သစ်ဟာ ထိုင်းနယ်စပ် တလျောက်ကပ်လျက် ၁၀ မိုင်ကျော် အရှည်မှာ ပေါ်လာမှာ ဖြစ်ပါတယ်။
ခရီးသွားတွေကို ဆွဲဆောင်တဲ့ ဆဖာရီ သစ်တော၊ နိုင်ငံတကာ အဆင့်မီ ဆေးရုံ၊ ကာစီနိုရုံတွေ စသဖြင့် အကြီးအမားစီမံချက်တွေ ပါဝင်ပြီး တရုတ်နိုင်ငံ အစိုးရပိုင် ကုမ္ပဏီဖြစ်တဲ့ Jiliin Yatai Group Co. Ltd ရဲ့ လက်ခွဲ ကုမ္ပဏီဖြစ်တဲ့ ရထိုင်း နိုင်ငံတကာ ဟိုးလ်ဒင်း ကုမ္မဏီ အုပ်စု (Yatai International Holding Group) က ဒီစီမံကိန်းကို ဦးစီးမှာပါ။ ရင်းနှီးမြှုပ်နှံမှုက အမေရိကန် ဒေါ်လာ ၁၅ ဘီလျံ အထိ ကြီးမားမယ် လို့လည်း ဆိုကြပါတယ်။
ပြည်နယ်နဲ့ တိုင်းအဆင့်တွေမှာ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးက အမေရိကန် ဒေါ်လာ ၅ သန်း မကျော်ရဘူးဆိုတဲ့ ကန့်သတ်ချက်က မြန်မာနိုင်ငံမှာ ရှိပေမဲ့ ဒီအရပ်မှာ လုပ်မယ့် စီမံကိန်း မူကြမ်း ၂၀၁၉ နှစ်အတွင်းက ပေါက်ကြားလာတဲ့အခါ အများက အံ့သြကြသလို စိုးရိမ်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီကာလက ငြိမ်းချမ်းရေး စားပွဲ ထိုင်ကာ စကားပြောဆွေးနွေးနေတဲ့ KNU အဖွဲ့ အစည်းရဲ့ ခေါင်းဆောင်တွေကိုယ်တိုင် ဒီ စီမံကိန်းရဲ့ အကျိုးရလဒ်က ပြည်သူတွေ အတွက် ဖြစ်ပါ့မလားလို့ စိုးရိမ်ပြီး ဒီစီမံကိန်း လုပ်ဆောင်မှာကို ပြန်သုံးသပ်ဖို့ အဲဒီ ကာလက ပြောခဲ့ပါတယ်။
ဒီလို နောက်ကြောင်းတွေနဲ့ ရွှေကုက္ကိုလ် မြို့သစ်မှာ ဖြစ်လာတဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီနဲ့ သူတို့နဲ့ အကျိုးတူပူးပေါင်းနေတဲ့ BGF တို့ရဲ့ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေကို ဟန့်တားချင်တဲ့အတွက် တော်လှန်ရေး အင်အားစုတွေဖက်က ဖော်ဆောင်ကြတဲ့ တိုက်ပွဲတွေလို့ တချို့အကဲခတ်တွေက မှန်းဆ သုံးသပ်ကြပါတယ်။
ဒါပေမယ့် တချို့ရဲ့ ယူဆပုံကတော့ တမျိုးပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထိုင်းဘက်အခြမ်းကို လမ်းမှားရောက်သွားတဲ့ PDF တပ်ဖွဲ့ဝင် ၃ ယောက်ကို ထိုင်းစစ်တပ်က ဖမ်းမိပြီး ရွှေကုက္ကိုလ်က BGF တပ်ကို အပ်လိုက်တယ်။ ဒီရဲဘော်တွေက Lion Battalion စစ်ကြောင်းနဲ့ အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ သူတွေ၊ သူတို့ကို ပြန်ပေးဖို့ BGF ကိုတောင်းရာမှာ မပေးဘဲ စစ်ကောင်စီတပ်ကို အပ်လိုက်တဲ့အတွက် အဲဒီရဲဘော်တွေ အသတ်ခံလိုက်ရတယ် စသဖြင့် သတင်း တခုလည်း ထွက်လာခဲ့ပါတယ်။ အဲဒီ သတင်းနောက်ပိုင်း ဒီ တိုက်ပွဲတွေ ပေါ်လာတာ လို့ သုံးသပ်ကြတာပါ။
အခုတိုက်ပွဲတွေကနေ နောက်ထပ် တိုက်ပွဲတွေ ဒေသတွင်းမှာ ထပ်ပြီး ကျယ်ပြန့်လာ မလား ဆိုတဲ့ အမေးကလည်း ထွက်နေတာပါ။
စစ်ကောင်စီ တပ်တွေနဲ့အတူ BGF တပ်တွေ လှုပ်ရှားနေကြတာဆိုတဲ့ သတင်းတွေက အမြဲလို ထွက်လာနေတာမို့ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် BGF တပ်တွေနဲ့ တခြား ကရင့်တော်လှန်ရေး တပ်တွေ အကြား တိုက်ပွဲတွေက မဖြစ်သလောက်ပါ။
BGF ခေါင်းဆောင် ဗိုလ်စောချစ်သူ ကိုယ်တိုင် လှူဒါန်းတဲ့ ပြည်သာလင်းအေး ဘုရား ထီးတင်ပွဲတွေကို ပြီးခဲ့တဲ့ မတ်လအတွင်းက ဘီးလင်းမြို့နယ် အတွင်းမှာ စည်စည် ကားကား ကျင်းပခဲ့ပါသေးတယ်။
ဒီလိုအခြေအနေတွေအောက်မှာ အခုလို တိုက်ပွဲမျိုးက ထူးထူးခြားခြား ပေါ်ထွက် လာခဲ့တာပါ။
ဒါ့အပြင် ဒီအရပ်ဘက်ဆီကို စစ်ကြောင်းတွေ အားဖြည့်လာနိုင်တဲ့ ကော့ကရိတ် - မြဝတီ ကားလမ်းကို လာမယ့် ဧပြီ ၂၁ ရက်နေ့အထိ မသုံးကြပါနဲ့ လို့ အများပြည်သူ ကို ဆော်သြထားတဲ့ KNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ ကြေညာချက် တခုလည်း သောကြာနေ့က ထွက်လာ ပါတယ်။
အဲဒီကြေညာချက်ထဲ စစ်ကောင်စီနဲ့ အခုအချိန်အထိ အပစ်အခတ်ရပ်စဲထားပြီး ငြိမ်းချမ်းရေး စကားပြောပွဲတွေမှာ တက်ရောက်နေဆဲဖြစ်တဲ့ KNU/KNLA (Peace Council) အဖွဲ့က တပ်မှူးတချို့ က အဖွဲ့ကနေ ထွက်ခွာလာပြီး အဲဒီကြေညာချက်မှာ ပါဝင် လက်မှတ်ရေးထိုးထားတာကို တွေ့ရ ပါတယ်။
အဲဒီနောက်သူတို့ကို မိခင်အဖွဲ့အစည်းက ထုတ်ပယ်လိုက်တယ်လို့ ကြေညာချက်လည်း ထွက်ခဲ့ပါတယ်။