အိန္ဒိယမှာ အပူလှိုင်းဖြတ်တာ ဘယ်လောက်အထိ ဆိုးဝါးနေသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံမှာ နွေရာသီ အပူလှိုင်း ဖြတ်နေရာမှာ ပြီးခဲ့တဲ့ တပတ်က မဟာရပ်ရှ်ထရာ ပြည်နယ်မှာ ကျင်းပတဲ့ အခမ်းအနားတခုအတွင်း အပူရှပ်လို့ လူ ၁၂ ဦး သေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။
လူထောင်ချီ တက်ရောက်ခဲ့တဲ့ ဒီအခမ်းအနားကို အစိုးရက နဗီ မွန်ဘိုင်းမြို့က လဟာပြင်တခုမှာ ဦးစီး ကျင်းပတာဖြစ်ပြီး နေ့အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ရာမှာ အပူဒဏ်ကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး အများအပြားလည်း ဆေးရုံတင်ခဲ့ရပါတယ်။
ဒီအခမ်းအနားရဲ့ ဓာတ်ပုံတွေကို ကြည့်တဲ့အခါမှာ နေ့အပူချိန် စံချိန်တင်ရှိနေတဲ့ကြားက အမိုးအကာမရှိပဲ လူတွေ ထောင်ချီထိုင်နေကြတာကို တွေ့ရပြီး အခမ်းအနားကျင်းပသူတွေ နေရိပ်နေရာ စီစဉ်ပေးတာ မရှိသလို လူတွေ ကိုယ်တိုင်ကလည်း ထီးနဲ့ ခေါင်းပေါင်း အစရှိတဲ့ နေကာစရာ ယူလာသူ နည်းတာကို တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PTI
အိန္ဒိယမှာ အပူဒဏ် လတ်တလော ပိုဆိုးလာသလား
အိန္ဒိယနိုင်ငံဟာ အပူဒဏ်ကို အများဆုံး ခံရတဲ့ ကမ္ဘာ့နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး နေ့ရော ညပါ အပူဒဏ် ခံရတာတွေလည်း ပိုများလာမယ်လို့ မိုးလေဝသ ခန့်မှန်းခံရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
လာမယ့် ၂၀၅၀ လောက်အရောက်မှာဆိုရင် နှစ်ဆ ကနေ လေးဆ အထိ ပိုဆိုးလာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိကာလမှာ ဆိုရင်လည်း လာမယ့် မေလ ကုန်လောက်အထိ သာမန်ထက် ပိုမြင့်တဲ့ အပူချိန်သာမက အပူလှိုင်း ဖြတ်တာတွေပါ အိန္ဒိယမှာ ဖြစ်လာမယ်လို့ မိုးလေဝသ ခန့်မှန်းချက်တွေ ထုတ်ပြန်ထားပါတယ်။
အိန္ဒိယ တနိုင်ငံလုံးရဲ့ နှစ်စဉ် ပျမ်းမျှ အပူချိန် ဆိုရင်လည်း ၁၉၀၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဝ.၇ ရာခိုင်နှုန်းလောက် တက်လာခဲ့တာကို တွေ့ရပြီး ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် အခုလို ဖြစ်ရတာလည်း ဖြစ်ပါတယ်။
အိန္ဒိယမှာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၅ အတွင်း အပူလှိုင်း ဖြတ်မှုတွေကြောင့် သေဆုံးရသူကလည်း ၂၂၀ဝ၀ ကျော်အထိ ရှိခဲ့ကြောင်း အစိုးရရဲ့ တရားဝင် ထုတ်ပြန်မှုတွေက ဖော်ပြနေရာမှာ တကယ်တမ်း အခုလို စာရင်းမဝင်ပဲ အပူဒဏ်ကြောင့် သေဆုံးရသူက ဒီထက်တောင် များနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိန္ဒိယမှာ အပူလှိုင်းကြောင့် ထိခိုက်မှုကို ဘယ်လောက် အလေးထားသလဲ
အိန္ဒိယနိုင်ငံ ဂူဂျာရတ် ပြည်နယ် အခြေစိုက် ပြည်သူ့ကျန်းမာရေးဌာန ဒါရိုက်တာ ဒီလိ မဗက်လန်ကာ ရဲ့ အဆိုအရ အိန္ဒိယနိုင်ငံဟာ အပူဒဏ် ခံရခြင်းရဲ့ အရေးပါပုံနဲ့တကွ အပူဒဏ်ကြောင့် အသက်သေဆုံးတဲ့အထိ ဖြစ်ရတာကို အသေအချာ သဘော မပေါက်ကြသေးဘူးလို့ ဆိုပါတယ်။
ဒီလို ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲက တခုကတော့ အိန္ဒိယဟာ အပူဒဏ်ကြောင့် သေဆုံးမှု ဆိုင်ရာ အချက်အလက်တွေကို အသေအချာ စုပေါင်း သုံးသပ်ခြင်း မပြုလို့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
၂၀၁၀ မေလမှာ ပါမောက္ခ မဗက်လန်ကာ ဟာ အာမက်ဒါဘတ် မြို့မှာ နှစ်စဉ် အကြောင်းမျိုးစုံကြောင့် လူသေဆုံးမှုနှုန်းက ၈၀ဝ လောက်အထိ ပိုများနေတာကို စတွေ့ခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ဒီလို များနေမှုကို စံချိန်တင် အပူချိန် မြင့်တက်နေတဲ့ ရက်သတ္တပတ်တခုမှာ တွေ့ခဲ့တာ ဖြစ်တဲ့အတွက် အပူဒဏ်ကြောင့် အခုလို လူတွေ အများကြီးသေဆုံးရတာ ဖြစ်ဖို့များကြောင်း သုံးသပ်လိုက်ပါတယ်။
အခုလို တွေ့ရှိအပြီးမှာ သုတေသီတွေက အပူအချိန် အမြင့်ဆုံး စံချိန်တင်သွားတဲ့နေ့မှာ သေဆုံးသွားတဲ့ လူတွေ ဘယ်လောက်ရှိသလဲဆိုတာ လေ့လာခဲ့ပြီး အရောင် သုံးရောင်နဲ့ သတိပေးစနစ်ကို ဖော်ထုတ်ခဲ့ကာ အမြင့်ဆုံး အနီရောင်ကိုတော့ အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီလို တွေ့ရှိ ဖော်ထုတ်ချက်တွေကနေ ပါမောက္ခ မဗက်လန်ကာက အိန္ဒိယနိုင်ငံအတွက် ပထမဆုံးလို့ ဆိုနိုင်မယ့် အာမက်ဒါဘတ်မြို့အတွက် နေ့အပူချိန်တက်လာရင် ဘာလုပ်မလဲ ဆိုတဲ့ စီမံချက်ကို ကူညီ ရေးဆွဲပေးခဲ့ပါတယ်။
ဒီ စီမံချက်ကို အာမက်လာဘတ်မြို့မှာ ၂၀၁၃ ကနေ စတင်ခဲ့ပြီး အပူချိန် အရမ်းမြင့်လာရင် အိမ်တွင်းမှာပဲ နေဖို့၊ အပြင်မထွက်ခင်မှာ ရေများများ သောက်ဖို့နဲ့ အပူဒဏ် အရမ်းခံရရင် ဆေးရုံက အရေးပေါ်ဌာနကို ရောက်အောင်သွားဖို့ ဆိုတဲ့ ရိုးရှင်းတဲ့ တိုက်တွန်းချက်တွေ ထုတ်ပြန်ခဲ့ရာမှာ နှစ်စဉ် လူသေဆုံးမှုနှုန်းက ၂၀၁၈ အရောက် သုံးပုံ တပုံအထိ လျော့သွားခဲ့တာကို တွေ့ရပါတယ်။
ဒါပေမဲ့လည်း အိန္ဒိယတနိုင်ငံလုံး အနေအထားနဲ့ ဆိုရင်တော့ အပူဒဏ်ကြောင့် အခြေအနေ ဆိုးဝါးနေသေးတာကို တွေ့နေရသေးပါတယ်။
၂၀ဝ၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံအတွင်းမှာ အပူချိန်လွန်ကဲမှုဒဏ်ကြောင့် လူသေဆုံးမှုနှုန်း ၅၅ ရာခိုင်နှုန်းအထိ တက်လာခဲ့တာကို the Lancet ဆေးပညာဂျာနယ်က လတ်တလော လေ့လာမှုတခုကို အကြောင်းပြုပြီး ရေးသားဖော်ပြခဲ့တာကို တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံမှာ အခုလို အပူချိန်လွန်ကဲမှုဒဏ်ကြောင့် လူသေဆုံးရုံသာမကပဲ အလုပ်ချိန် နာရီပေါင်း ၁၆၇.၂ ဘီလျံ အထိ ၂၀၂၁ ခုနှစ်မှာ ဆုံးရှုံးခဲ့တဲ့အတွက် တိုင်းပြည် နှစ်စဉ် ဝင်ငွေ GDP ရဲ့ ၅.၄ ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့တယ်လို့လည်း အဲဒီ လေ့လာမှုမှာ တွေ့ရှိခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယရဲ့ နေ့အပူချိန်များမှုအတွက် စီမံချက်တွေက အလုပ်ဖြစ်ရဲ့လား
လက်ရှိ အချိန်မှာ အိန္ဒိယနိုင်ငံအနှံ့ နေ့အပူချိန်များမှုအတွက် စီမံချက်တွေက သိပ်အလုပ်မဖြစ်လှကြောင်း တွေ့နေရပြီး လတ်တလော နဗီ မွန်ဘိုင်းမြို့ အပူဒဏ်ကြောင့် လူသေဆုံးရမှု အခြေအနေကို ကြည့်မယ်ဆိုရင် လူ သန်းချီပြီး လာရောက်တဲ့ လဟာပြင် အခမ်းအနားတခုကို နေ့အပူချိန်မြင့်နေတဲ့ကာလမှာ အာဏာပိုင်တွေ ကျင်းပခဲ့တာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
အိန္ဒိယရဲ့ မြို့၊ နယ်ပယ်နဲ့ ပြည်နယ်အဆင့် နေ့အပူချိန် မြင့်တက်မှု ဆိုင်ရာ လုပ်ဆောင်ရေး စီမံချက် ၃၇ ခုကို လေ့လာထားချက်တခု ပြီးခဲ့တဲ့ မတ်လကပဲ ထွက်ပေါ်ခဲ့ရာမှာ အဲဒီ စီမံချက်တွေမှာ လိုအပ်ချက်တွေ အများအပြား ရှိနေတာကို တွေ့ခဲ့ရပါတယ်။
ဒီလေ့လာချက်ကို အိန္ဒိယအခြေစိုက် Centre for Policy Research အဖွဲ့က အဒိတရ ဗာလီယာသန် ပီလိုင်နဲ့ တမန်န ဒလယ် တို့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သူတို့ လေ့လာခဲ့တဲ့ စီမံချက်အများစုဟာ ဒေသတွင်း အနေအထားကို ထည့်တွက်ပြီး ရေးဆွဲခဲ့တာ မဟုတ်ကြောင်း တွေ့ရှိရတဲ့အပြင် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေကို သေသေချာချာ ခွဲခြားထည့်မတွက်ပဲ ပြီးစလွယ် ရှုထောင့်နဲ့ လုပ်ဆောင်ထားတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီ စီမံချက် ၃၇ ခုထဲက ၁၀ ခုကသာလျှင် သက်ဆိုင်ရာ ဒေသအတွက် ဘယ်လောက်အထိ အပူချိန်တက်တာက အမြင့်ဆုံးဖြစ်မလဲဆိုတာ အသေအချာ ထည့်တွက်တာကို တွေ့ရပြီး ဒါတောင်မှ အပူလှိုင်းဖြတ် မဖြတ် ကြေညာရာမှာ စိုထိုင်းဆ ကို ထည့်တွက်ထားသလား မထားဘူးလားဆိုတာ မသေချာဘူးလို့ ဆိုပါတယ်။
ဒီလို အခြေအနေတွေ တိုးတက်မှု ရှိဖို့ဆိုရင် သတိပေးချက်တွေ ထုတ်ပြန်ရာမှာ ယေဘုယျ သဘောမဆန်ပဲ ဒေသအလိုက် မတူကွဲပြားတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့နဲ့ အပူဒဏ် အန္တရာယ်ကို အဓိပ္ပာယ် ဖွင့်ရာမှာ ရာသီဥတု ခန့်မှန်းချက်တွေကိုလည်း တိတိကျကျ ထည့်တွက်ဖို့ အကြံပြုခဲ့ကြောင်း မစ္စတာ ပီလိုင်က ဆိုပါတယ်။
ဒီလို လုပ်ဖို့ဆိုရင် ကျေးရွာအဆင့်အထိ အလိုအလျောက် မိုးလေဝသ ခန့်မှန်းချက် ပုံမှန်ထုတ်ပေးတဲ့ စနစ်တွေ များများ ပိုလိုအပ်မယ်လို့လည်း ပါမောက္ခ မဗက်လန်ကာ က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နေ့အပူချိန်များမှုအတွက် စီမံချက်တွေ ဘယ်လိုအလုပ်ဖြစ်အောင် လုပ်မလဲ
အခုလို လေ့လာခဲ့တဲ့ အပူဒဏ် ဆိုင်ရာ စီမံချက် အားလုံးနီးပါးမှာ တွေ့ရတဲ့ အားနည်းချက်ကတော့ ဘယ်လို လူတွေက အပူဒဏ်ကို ပိုခံရနိုင်သလဲ ဆိုတာနဲ့ သူတို့ဆီကို သတိပေးချက်တွေ ရောက်ရှိအောင်နဲ့ ပိုမိုကူညီနိုင်အောင် လုပ်ဆောင်မှုတွေ မတွေ့ရတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာ အပူဒဏ်ကြောင့် ပိုပြီး ဒဏ်ခံရလေ့ရှိသူတွေကတော့ နေပူထဲမှာ အလုပ်လုပ်ရတဲ့ လယ်ယာနဲ့ ဆောက်လုပ်ရေး လုပ်သားတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ လုပ်သားထုရဲ့ လေးပုံ သုံးပုံလောက်အထိဟာဆိုရင်လည်း အပူဒဏ်ကို ခံရတာပိုများတဲ့ ဆောက်လုပ်ရေးနဲ့ သတ္ထုတွင်းတူးတဲ့ လုပ်ငန်းလို အလုပ်တွေမှာ လုပ်ကြများတာကိုလည်း တွေ့ရပါတယ်။
မစ္စတာ ပီလိုင်ကတော့ အိန္ဒိယအနေနဲ့ ဘယ်လူနေရပ်ကွက်တွေမှာ အပူဒဏ်ခံရတဲ့ အလုပ်လုပ်သူတွေ အများစု နေထိုင်ကြသလဲ ဆိုတာမျိုးကနေ ဘယ်သူတွေက အပူဒဏ် သက်သာစေတဲ့ ပန်ကာ အစရှိတာတွေ ဝယ်နိုင်သလဲ ဆိုတာနဲ့ ဘယ်လိုလူတွေက အပူဒဏ်ကြောင့် အလုပ်မလုပ်ပဲ နေနိုင်လောက်တဲ့အထိ စီးပွားရေး အခြေအနေကောင်းသလဲ ဆိုတာမျိုး တိတိကျကျ ခွဲခြား နားလည် ထားဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့တမြို့ရဲ့ သုံးရာခိုင်နှုန်းလောက်သာ ရှိတဲ့ ရပ်ကွက် အကျယ်အဝန်းအတွင်းမှာတင် တမြို့လုံး အပူဒဏ် ပိုခံရနိုင်သူ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းအထိ နေထိုင်နေကြတာမျိုးလည်း တွေ့ရနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
အပူဒဏ် ဆိုင်ရာ လုပ်ဆောင်မှု စီမံချက်တွေ အနေနဲ့ အထက်က လေ့လာထားခဲ့တဲ့ စီမံချက်တွေမှာ တွေ့ရသလို ရန်ပုံငွေ မလုံလောက်တာ၊ ဥပဒေဘောင်အရ ခိုင်မာမှု မရှိတာ၊ တာဝန်ယူ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု မရှိတာတွေကို ရှောင်ရှားရမှာလည်း ဖြစ်ပါတယ်။
အပူလှိုင်းဒဏ် ကာကွယ်ရာမှာ ရိုးရိုးရှင်းရှင်း နည်းလမ်းတွေကလည်း အလုပ်ဖြစ်နိုင်တာကို တွေ့ရပါတယ်။
ဥပမာအားဖြင့် အလွန် ပူပြင်းလာလေ့ရှိတဲ့ လဟာပြင် နေရာတွေမှာ အရိပ်ရပင်ကြီးတွေ လုံလုံလောက်လောက် စိုက်ပေးတာမျိုးနဲ့ အဆောက်အအုံ ဆောက်ရာမှာ အပူစုပ်ယူမှုနည်းတဲ့ ပုံစံနဲ့ အပူဓါတ် မြန်မြန် လျှော့သွးစေမယ့် ပုံစံ ထုတ်တာမျိုး၊ လေအေးပေးစက် မရှိတဲ့ ဆေးရုံတွေမှာ အပူဓါတ်ပိုများတဲ့ အမြင့်ဆုံးထပ်တွေက လူနာတွေကို အနိမ့်ထပ်ကို ရွှေ့ပေးတာမျိုးတို့ ဖြစ်ပါတယ်။








