ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇန်နဝါရီ ၃ ရက်ထိပ်တန်းသတင်းများ - ကျောက်တော်မှာ လေကြောင်းပစ်ခတ်လို့ အရပ်သား ၂ ဦးသေဆုံး
ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် - အေအေတို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း ကလေးငယ်တွေအပါအဝင် အရပ်သား ၂ ဦးသေဆုံးပြီး အနည်းဆုံး အရပ်သား ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းက ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကြောင်းအထက်ပိုင်းမှာရှိတဲ့ မျောက်တောင်ကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့လာရောက်ပြီး သုံးကြိမ်တိုင်တိုင်ဗုံးချခဲ့တာကြောင့် အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးတို့သေဆုံးခဲ့ရပါတယ်။
ဒါအပြင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦးတို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၃ ရက် ဒီကနေ့ နေ့လယ် ၂ နာရီလောက်ကလည်း စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲချခဲ့တဲ့အတွက် ကျောက်တော်မြို့ အလယ်ကျွန်းကျေးရွာက အသက် ၃ လသား ကလေးတစ်ဦးနဲ့ အသက် ၂ နှစ်သားကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၇ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ မြေပြင်အခြေအနေသိရှိသူဒေသခံအချို့ကပြောပါတယ်။
လက်ရှိမှာတော့ ကျောက်တော်မြို့နယ်အထက်ပိုင်းမှာရှိတဲ့ ကုလားတန်မြစ်အတွင်းက စစ်ကောင်စီရဲ့ စစ်ရေးအရအရေးပါတဲ့ တင်းမဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် အေအေတပ်ဖွဲ့တွေကနေ တိုက်ခိုက်နေတဲ့အတွက် အခုလို အနီးဝန်းကျင်လူနေကျေးရွာတွေကို လာရောက်တိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ပလက်ဝမြို့နယ်အတွင်းက မီးဝဗျူဟာကုန်းဘက်မှာလည်း တိုက်ခိုက်မှုတွေရှိနေသလို ကုလားတန်မြစ်ကြောင်းအတွင်းက လက်ရှိတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို မသိမ်းပိုက်နိုင်သေးပေမယ့် တချို့တဝက်ကိုတော့ထိန်းချုပ်ထားနိုင်ပြီလို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းကအေအေရဲ့ စခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲနေတဲ့ ပလက်ဝမြို့နယ်အတွင်းမှာတော့ နေရာတော်တော်များများမှာ တိုက်ပွဲတွေပြင်းထန်နေသလို ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းကိုလည်း အေအေအဖွဲ့တွေက ရှော့တိုက်ဒုံးတွေအသုံးပြုတိုက်ခိုက်တာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေလည်း မကြာခဏရှိနေတယ်လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့မှာလည်း ပလက်ဝမြို့ရဲ့အနောက်ဘက် တီဗီစတေးရှင်းတောင်အနီးမှာရှိတဲ့ ခမရ ၂၈၉ ရဲ့တပ်စခန်းတစ်ခုကို အေအေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့်အကြာ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ကြတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပလက်ဝမြို့တစ်ဖက်ကမ်းမှာရှိတဲ့ တမန်းသားတောင်ကြောမှာ နှစ်ဖက်တပ်တွေအကြား အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်လို့သိရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်ကိုလည်း ဇန်နဝါရီ ၂ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် နေအိမ်တွေမီးလောင်မှုရှိခဲ့သလို စာသင်ကျောင်းတစ်ဆောင်ပါပြိုပျက်ခဲ့ရပြီး မြို့မဈေးကြီးအတွင်းမှာလည်း ဈေးဆိုင်ခန်းတွေ ပြိုပျက်ခဲ့ရတယ်လို့သိရပါတယ်။
နောက်ပြီးတော့ မြို့ပေါ်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက ရမ်းဗြဲမြို့ပေါ်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းကနေ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တချို့မီးလောင်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ညနေပိုင်း ၇ နာရီခွဲအချိန်မှာ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်တဲ့ ခမရ ၅၄၀ တပ်ရင်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်လိုက်တာက မြို့ပေါ်ကရွှေဂူတောင်ရပ်ကွက်အတွင်းကို ကျေရောက်ပေါက်ကွဲပြီး အသက် ၅၀ အရွယ်အမျိုးသမီးကြီးတစ်ဦးသေဆုံးကာ နောက်ထပ် အရပ်သား ၆ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းထိုးလို့ ရေဦးနဲ့ ခင်ဦးက ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရဲ့ တောင်ဘက်ခြမ်းနဲ့ ခင်ဦးအနောက်ဘက်ကြားက ရွာတွေကို မနေ့ ဇန်နဝါရီ ၂ ရက်ကစပြီး အင်အား ၈၀ ခန့် ပါတဲ့စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ရွာခံတွေက ဘီဘီစီကိုပြောပါတယ်။
ရေဦး-ခင်ဦး ကားလမ်းဘေးရှိ အင်တိုင်း(တောင်/မြောက်)ရွာ၊ အင်းပတ် ၊ သရက်ပင်စု၊ မြင်းဒေါင်း ၊ မြင်းကျ စတဲ့ ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၈ ထောင် ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
'' လက်ရှိအခြေအနေကတော့ မြင်းဒေါင်းကျေးရွာ နဲ့ မကျီးအုပ် ကျေးရွာ ၂ခုမှာ အဖွဲ့ ခွဲပြီး နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးနေပါတယ်။ ဘေးပတ်ဝန်းကျင်ရွာတွေကိုလည်းလက်နက်ကြီးတွေ ရမ်းပစ်နေတဲ့ အသံတွေ ကြားနေရပါတယ်'' လို့ ဒေသခံတစ်ဦးက ဒီကနေ့ ညနေပိုင်းက ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းက ရေဦးနဲ့ခင်ဦးကြား မြင်းဒေါင်းရွာအနောက်ဖက်နားက ဆေးပေါင်းတိုက်တွေမှာ တပ်စွဲထားတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ကြောင်းထိုးနေချိန်အတွင်း သေနတ်နဲ့ပစ်ခတ်တဲ့အသံတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အသံတွေကြားရတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“သူတို့က ရွာထဲမဝင်ခင် သေနတ်နဲ့ပစ်ဖောက်ပြီး အသံပေးတာတွေလုပ်တယ်။ အဲဒီလိုပစ်သံကြားတာနဲ့ အိမ်ပေါ်ကနေ ဆင်းပြေးကြတာပဲ”လို့ သူကဆိုပါတယ်။
ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ အရပ်သားတွေထိခိုက်မှုရှိ၊ မရှိနဲ့ ပျက်စီးဆုံးရှုံးမှုတွေရှိ၊ မရှိဆိုတာကိုတော့ ဘီဘီစီအနေနဲ့ ဆက်လက်စုံစမ်းနေတုန်းပဲဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ စစ်ကိုင်းတိုင်းရေဦးနဲ့ ခင်ဦးမြို့က အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
စစ်တပ် ရဟတ်ယာဥ်တစ်စင်း ကို ပစ်ချခဲ့တယ်လို့ KIA ပြော
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်၊ ဂန်ဒေါင်ယန်နဲ့ နာဖော့တောင် တဝိုက်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စီးကို ပစ်ချခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ် - KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၃ ရက် နေ့လယ် ၁၂ နာရီခန့်က ပစ်ချခဲ့တာလို့ဆိုပြီး နာဖော့တပ်စခန်းကို ရိက္ခာလာပို့တဲ့ စစ်တပ်ရဟတ်ယာဥ်ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
'' မြစ်ကြီးနားလေဆိပ်ကနေ ဝိုင်းမော် နာဖော့တပ်စခန်းဘက်ကိုတက်လာတဲ့ ရဟတ်ယာဥ်ပါ။ ကျွန်တော်တို့ရှေ့တန်းသမားတွေကပစ်ချခဲ့တယ်လို့ သတင်းပေးပို့ချက်ရပါတယ်။ ပျက်ကျသွားတယ်ဆိုတဲ့သတင်းကို အတည်ပြုပြောလို့ရပါတယ်'' လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
'' ရဟတ်ယာဥ်ကို ဘယ်လိုလက်နက်နဲ့ ပစ်တယ်ဆိုတာကို ကျွန်တော်တို့ သိရတာမရှိသေးဘူး'' လို့ ရဟတ်ယာဥ်ကိုပစ်ခတ်ခဲ့တဲ့ လက်နက်နဲ့ ပတ်သက်ပြီးမေးမြန်းချက်ကိုပြန်လည်ဖြေကြားပါတယ်။
ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာမှာ ပြီးခဲ့တဲ့ နှစ် နှစ်လယ်ပိုင်းကတည်းကစလို့ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်က ကန်တော်ယန်( ဂန်ဒေါင်ယန်) က စစ်ကောင်စီဗျူဟာကုန်းကို ကေအိုင်အေက တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် မေလကလည်း မိုးမောက်မြို့နယ် ကုန်းလောကျေးရွာအနီး မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စီးကို ပစ်ချခဲ့တယ်လို့ အဲဒီအချိန်က ကေအိုင်အေက ထုတ်ပြောခဲ့ပါတယ်။
ဗိုလ်မှူးကြီးနော်ဘူရဲ့ အပြောအရ ကေအိုင်အေ ဌာနချုပ် ဝန်းကျင်နဲ့ ဒေသတွေမှာ စစ်ကောင်စီ ရဟတ်ယာဥ် နှစ်စီးထက်မနည်းကို ပစ်ချထားနိုင်တယ်လို့ဆိုပါတယ်။
လက်ရှိ စစ်ရဟတ်ယာဥ်ပျက်ကျတဲ့နေရာဟာ ကေအိုင်အေ တပ်မဟာ ၅ ဧရိယာမှာ ရှိပြီး ဗဟိုဌာနချုပ်ရဲ့ လုံခြုံရေးတပ်တွေလည်းရှိတယ်လို့ ကေအိုင်အေကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ရဟတ်ယာဥ်ပစ်ချခံရတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ ဒီကနေ့ နေ့လယ်ပိုင်း ၂ နာရီအထိ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
ပလက်ဝ မှာ ခမောင်းဝစခန်းကို အေအေထပ်သိမ်း
စစ်တပ်စခန်း ၁၇ ခုထက်မနည်းသိမ်းထားတယ်လို့ဆို
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့က စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ခမောင်းဝစခန်းကို ရက္ခိုင့်တပ်တော် (အေအေ) တွေက မနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အေအေဘက်က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။ ဒါအပြင် ပလက်ဝမြို့ထဲက ချင်းလက်ဝစခန်း၊ မီးဝဗျူဟာကုန်းနဲ့ ပွိုင့် ၃၁၃ ကုန်းတို့ကိုလည်း အေအေတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အေအေတပ်တွေအနေနဲ့ ပလက်ဝမြို့နယ်ထဲက စစ်တပ်ရဲ့ အရေးပါတဲ့ ထရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူဟာကုန်း အပါအဝင်ရဲစခန်း၊ တပ်နဲ့ရဲပေါင်းထားတဲ့ တပ်စခန်းအပြင် နယ်ခြားစောင့်တပ်စခန်း ၁၇ ခုကို သိမ်းပိုက်ထားတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်က ကြေညာထားပါတယ်။
အဲဒီ တပ်စခန်းပေါင်း ၁၇ ခုအပြင် ဒီဇင်ဘာ လကုန်ပိုင်းမှာပဲ စစ်တပ်ခြေကုတ်စခန်း ပွိုင့် ၃၇၇ စစ်ဆင်ရေးစခန်းနဲ့ ခဝဲဗျူဟာကုန်းကိုလည်း အေအေက ထပ်မံသိမ်းထားနိုင်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တစ်ဖက်မှာလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့ ၊ တင်းမကျေးရွာအနီးက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ တောင်ရှည်တောင်ဗျူဟာကုန်းကိုလည်း အေအေတပ်တွေက ဒီဇင်ဘာ ၂၅ ရက်တည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း ဗျူဟာကုန်းမကျရေးအတွက် လေကြောင်းကနေ ပြန်လည်ခုခံတိုက်ခိုက်နေပြီး ကျောက်တော်အခြစိုက်စခန်းတွေကနေလည်း အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ အေအေဘက်ကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပလက်ဝနဲ့ ကျောက်တော်မြို့က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မီဇိုရမ်ကို ထွက်ပြေးသွားတဲ့ မြန်မာစစ်သားတွေကို အိန္ဒိယပြန်ပို့
ရက္ခိုင့်တပ်တော် အေအေ နဲ့ တိုက်ပွဲကြောင့် အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်ထဲကိုထွက်ပြေးသွားတဲ့ မြန်မာစစ်ကောင်စီစစ်သား ၁၅၁ ဦးကို အိန္ဒိယအစိုးရ က မြန်မာဘက်ကို မနေ့ ဇန်နဝါရီ ၂ ရက်က ပြန်ပို့လိုက်ပြီလို့ အိန္ဒိယကလာတဲ့သတင်းတွေက ဖော်ပြပါတယ်။
ဒီမြန်မာစစ်သားတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ရက္ခိုင့်တပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲမှာ ထွက်ပြေးသွားသူတွေဖြစ်ပါတယ်။
မီဇိုရမ်မှာရှိတဲ့ Lengpui လေဆိပ် ကို မြန်မာစစ်တပ်ရဲ့ စစ်လေယာဥ်တစ်စင်းကဆင်းသက်ခဲ့ကာ စစ်သားတွေကိုပြန်လည်ခေါ်ဆောင်ခဲ့တာဖြစ်ပြီး နယူးဒေလီအစိုးရက ဒီအတွက်အစီအစဥ်တွေလုပ်ပေးခဲ့တာလို့ သိရပါတယ်။ သူတို့ကို စစ်တွေမြို့ကို ပြန်လည်ခေါ်ဆောင်သွားမယ်လို့သိရကြောင်းလည်း အိန္ဒိယသတင်းတွေကရေးပါတယ်။
အရာရှိတွေပါတဲ့ စစ်ကောင်စီတပ်တွေဟာ မီဇိုရမ်နယ်စပ် လောင်တလိုင်မြို့မှာရှိတဲ့ အိန္ဒိယ အာသံရိုင်ဖယ်တပ်ဆီကို လက်နက်တွေနဲ့ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနောက် သူတို့ကို မီဇိုရမ်ပြည်နယ်၊ လုံးလေ (Lunglei) မြို့ကတဆင့် အိုက်ဇောမြို့ကို အိန္ဒိယရဲတပ်ဖွဲ့က ပို့ဆောင်ခဲ့တာလို့ အစောပိုင်းသတင်းတွေကဖော်ပြပါတယ်။
အိုက်ဇောမြို့မှာ သူတို့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေပြီးတာနဲ့ စစ်ကောင်စီ အဖွဲ့အစည်းတွေဆီ ပြန်လွှဲပြောင်းပေးမယ်လို့ အိန္ဒိယ ကာကွယ်ရေးဌာနဘက်က ထုတ်ပြန်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF က တပ်စခန်းတွေကို သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်သား ၁၀၄ ယောက်ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူတို့ကိုလည်း တမူး-မိုရေးနယ်စပ်ကနေ လွှဲပြောင်းပေးခဲ့တယ်လို့ အိန္ဒိယဘက်က ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် ချင်းနဲ့ စစ်ကိုင်းက တိုက်ပွဲတွေကြောင့် အရပ်သား ၃၂,၀၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကိုထွက်ပြေးလာတယ်လို့ အိန္ဒိယဘက်က ခန့်မှန်းထားပါတယ်။
မဏိပူရပြည်နယ် အကြီးအကဲကလည်း မြန်မာဒုက္ခသည် ၆,၀၀၀ လောက်ကို သူတို့ပြည်နယ်ထဲမှာ လက်ခံထားတယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကပြောထားပါတယ်။