ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟောင်ဝစ်ဇာကြောင့် စာသင်ခန်းကို ကြောက်သွားကြသူတွေ
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာက မူလတန်အရွယ်ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာမလေး ဒေါ်မြမြဟာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က သူစာသင်နေတဲ့ စာသင်ခန်းထဲ လက်နက်ကြီးကျခဲ့တဲ့ မြင်ကွင်းကို ဒီကနေ့ထိ မေ့လို့မရသေးပါ။
တိုက်ပွဲမရှိတဲ့ ဝန်းသိုမြို့ရဲ့ ဂျိုးတောင်ရွာကဘုန်းကြီးကျောင်း စာသင်ကျောင်းဝန်းထဲကို ဟောင်ဝစ်ဇာလက်နက်ကြီးကျည် ကျရောက်တဲ့အခါ တာဝန်ခံဆရာမ ဒေါ်မြမြက ကလေးတွေနဲ့အတူ ဘေးလွတ်မယ်ထင်တဲ့နေရာကို ပြေးပုန်းခဲ့ပါတယ်။
တစ်ဖက်ကျောင်းဆောင်က ကလေးတွေ သွေးသံတရဲရဲ နဲ့ သူတို့စာသင်ဆောင်ဘက် ပြေးလာချိန်တဲ့အခိုက်အတန့်ကို ‘‘စာသင်ခန်းဟာ တကယ့်ငရဲခန်းကြီးလိုဖြစ်သွားတယ်’’ လို့ ဒေါ်မြမြက ပြန်ပြောပြပါတယ်။
ကလေးတွေကငိုယိုပြီး သူတို့ရဲ့ ဒဏ်ရာတွေကို ပြသူကပြ၊ ဒဏ်ရာရထားတဲ့ ဆရာမတစ်ယောက်က ဒဏ်ရာကိုမမှုနိုင်ဘဲ ကလေးတွေကို မကြောက်အောင်လိုက်ထိန်းရင်းနဲ့ ဆူညံပွက်လောရိုက်သွားခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ဝန်းသိုမြို့က ဂျိုးတောင်ရွာမရွာ စာသင်ကျောင်း လက်နက်ကြီးကျရောက်မှုမှာ စာသင်နေတဲ့ ကလေး ၂၁ ဦးနဲ့ ဆရာမတစ်ယောက် ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် စက်တင်ဘာ ၂၇ ရက် နေ့လယ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
အဲဒီ ရှင်းလင်းပွဲမှာ ကိုယ်တွေကြုံခဲ့ရတာတွေကို ဆရာမ ဒေါ်မြမြနဲ့ သူနာပြုဆရာမဒေါ်ဝင်းဝင်းတို့က ပြန်ပြီး ရှင်းပြခဲ့တာဖြစ်ပါတယ်။
ဗုံးဆန်ကြားက အာဂမိန်းမသားတွေ
‘ရွှီး’ ဆိုတဲ့ အသံကြားလိုက်တဲ့ အချိန်မှာပဲ ဆရာမ ဒေါ်မြမြ က ရုတ်တရက် မတ်တပ်ထရပ်လိုက်ပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ပေါက်ကွဲသံကို ကြားလိုက်ရတဲ့နောက် ကလေးတွေနဲ့အတူ ပြေးပုန်းခဲ့တာလို့ ဆိုပါတယ်။
တစ်ဖက် စာသင်ဆောင်က ပြေးလာတဲ့ ဒဏ်ရာရနေတဲ့ ကလေးတွေ ထဲက ကျောင်းသူလေးတစ်ယောက်က ပေါင်မှာဒဏ်ရာရပြီး သွေးအလွန်အကျွံထွက် နေပါတယ်။
ဆရာမ ဒေါ်မြမြ တစ်ယောက် အဲဒီကလေးကို ပွေ့ပြီး ၅ ခေါက်လောက် တောင်ပြေးမြောက်ပြေး ဖြစ်နေခဲ့ပါတယ်။
အဲဒီနောက်မှတော့ ဆရာမ ဒေါ်မြမြ က ဒဏ်ရာရနေတဲ့ကလေးတွေကို ကျောင်းကိုရောက်လာကြတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီ အပ်လိုက်ပါတယ်။
‘‘သူ့ကို သွေးထွက်မလွန်စေနဲ့’’ လို့ ဒေါ်မြမြ က သတိပေးခဲ့တဲ့ အကြောင်း ပြန်ပြောပြပါတယ်။
ချက်ချင်းဆိုသလိုပဲ ကျောင်းသားမိဘတွေ ရောက်လာပြီး ကလေးတွေကို စိုးရိမ်တကြီးနဲ့ ရှာခဲ့ကြပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီ ပါသွားတဲ့ကလေးတွေ၊ ကြောက်အားလန့်အားနဲ့ ခြေဦးတည့်ရာပြေးကြလို့ ရှာမရတဲ့ ကလေးတွေ နဲ့ စိတ်ပူပန်နေခဲ့ကြရပါတယ်။
ကလေးတွေ နည်းတူ ဒဏ်ရာရခဲ့တဲ့ ဆရာမဟာ ကျောင်းမှာ စာလာကူသင်ပေးနေတာဖြစ်ပြီး သူ့ သမီးလေးကို မူကြိုပို့ထားတာ ဖြစ်ပါတယ်။
သူ့သမီးဆီလည်းမသွားနိုင်၊ သူ့ဒဏ်ရာကိုလည်း ဂရုမစိုက်နိုင်ဘဲ ကျောင်းက ကလေးတွေကို ဆရာမက အကြောက်မလွန်အောင် ထိန်းသိမ်းခဲ့ပါတယ်။
အဲဒီအခြေအနေမှာပဲ ဒုတိယလက်နက်ကြီးကျည် ထပ်ကျခဲ့ပါတယ်။
ဆရာမဟာ နားထိခိုက်သွားဖွယ်ရှိပြီး ညနေအထိ တချိန်လုံး စကားပြောရင်အော်ပြောနေခဲ့ပါတယ်။
အဲဒီအချိန်မှာ သူနာပြုဆရာမကြီး ဒေါ်ဝင်းဝင်းလည်း အခင်းဖြစ်ရာနေရာကိုရောက်လာပြီး ကလေးတွေကို အရေးပေါ်ပြုစုစောင့်ရှောက်မှုတွေပေးခဲ့ပါတယ်။
ဒဏ်ရာရတဲ့ကလေး ၂၁ ယောက်မှာ ၇ ယောက်ကို အရေးပေါ်ပြုစုကုသပေးခဲ့ရပါတယ်။
ဆရာမတစ်ဦးနဲ့ကလေး ၁၁ ဦး လျှပ်ထိ ဒဏ်ရာရခဲ့ပြီး ၃ ဦးကတော့ အပူလောင်ခဲ့ပါတယ်။ ကလေးခုနှစ်ဦးကတော့ ခွဲထုတ်ရတာတွေ နဲ့ ချုပ်ရတာတွေ လုပ်ခဲ့ရပါတယ်။
ကလေးတွေကို ဘေးကင်းရာပို့ဆောင်အပြီး ကျောင်းမှာ တစ်ယောက်မှမကျန်တော့တဲ့အချိန်ရောက်မှ တာဝန်ခံဆရာမ ဒေါ်မြမြက အိမ်ပြန်ခဲ့ပါတယ်။
အိမ်အပြန်လမ်းမှာပဲ ခပ်လှမ်းလှမ်းမှာ လက်နက်ကြီးတစ်လုံးထပ်ကျခဲ့ပြီး ကံကောင်းလို့ အသက်ဘေးကလွတ်ခဲ့ပါတယ်။
ထိပ်လန့်ကြောက်ရွံ့စရာအဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ ကလေးတွေအနေနဲ့ အသက်ဘေးကနေ လွတ်ခဲ့ပေမဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေ အပြင်းအထန်ရခဲ့ကြပါတယ်။
ကလေးတချို့က ကျောင်းသွားဖို့ ကြောက်ရွံ့သွားကြသလို မစားနိုင်မအိပ်နိုင်တဲ့ ကလေးတချို့လည်း ရှိနေတယ် လို့ သူနာပြုဆရာမကြီး ဒေါ်ဝင်းဝင်းက ပြောပါတယ်။
‘‘ဒဏ်ရာရသွားတဲ့ ဆရာမဆိုရင် သူစာသင်ခန်းမှာ စာပြန်သင်ဖို့ အချိန်ယူရဦးမယ်၊ အားယူရဦးမယ် လို့ ကျွန်မကိုပြောပါတယ်။’’လို့ ဒေါ်ဝင်းဝင်းက ပြန်ပြောပြပါတယ်။
ဝန်းသိုမြို့နယ်က ဂျိုးတောင်တိုက်နယ်ဟာ ဒေသခံ PDFတွေ နဲ့ စစ်ကောင်စီတပ်တွေ အရင်ကတိုက်ပွဲတွေဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဂျိုးတောင်တိုက်နယ်က ကျေးရွာအများအပြား စစ်ဘေးရှောင်နေခဲ့ကြရပါတယ်။
ဝန်းသိုမှာ စစ်ဘေးကြောင့် ကလေးတွေထိခိုက်တာ ဒါကပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
မပေါက်ကွဲသေးတဲ့ RPG ကျည်အကြွင်းအကျန်ကို ကလေးတွေ စူးစမ်းဆော့ကစားရာကနေ တစ်ဦးသေ ငါးဦးဒဏ်ရာရတဲ့ဖြစ်စဉ် စက်တင်ဘာ ၁၀ ရက်က ဝန်းသိုမြို့ တောင်ဘို့လှကျေးရွာမှာ ဖြစ်ပွားခဲ့ပါသေးတယ်။
‘‘ကျွန်မတို့ နိုင်ငံတကာကိုတောင်းဆိုချင်တာကတော့ စစ်တပ်ကို စစ်လက်နက်ရောင်းချမှုကို ပိတ်ပင်တားဆီးပေးပါ။’’ လို့ သူနာပြုဆရာမကြီး ဒေါ်ဝင်းဝင်း ကပြောပါတယ်။
ကြွေလွင့် ကိန်းဂဏန်း ၄၉၁
စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်းမှာ ကလေး ၄၉၁ ဦး သေဆုံးခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အောက်တိုဘာ ၄ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကလေးတွေသေဆုံးရတဲ့ အခြေအနေ ၄ မျိုးရှိပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးကျရောက်မှု၊ရွာတွေကို စီးနင်းတိုက်ခိုက်မှု နဲ့ ကျည်အကြွင်းအကျန်တွေကို စူးစမ်းရင်းဆော့ကစားရာကနေ သေဆုံးကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် စာသင်ကျောင်း တိုက်ခိုက်ခံရမှုက ၁၁၉ ကျောင်း ရှိပြီး မြေပြင်မှာ ပိုများနိုင်တယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
လက်နက်ကြီးကျရောက်တဲ့ အကြိမ်အရေအတွက် ၂၃၅၁ ကြိမ် ရှိခဲ့ပြီး လူနေအိမ်တွေသာမက ကျောင်းတွေ၊ဆေးရုံတွေ၊ဘာသာရေးအဆောက်အအုံတွေပေါ်ပါ ကျရောက်ခဲ့တယ် လို့ NUG က ထုတ်ပြန်ပါတယ်။
ဂျိုးတောင်ရွာမရွာဖြစ်စဉ်အပါအဝင် စစ်တပ်က ကျူးလွန်တဲ့လုပ်ရပ်တွေအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် အမှတ် ၂၆၆၉ နောက်ဆက်တွဲအဖြစ် ပိုမိုထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ၊ လေယာဥ်ဆီအပါအဝင် စစ်လက်နက်များတင်ပို့ရောင်းချမှုတွေကို ပိတ်ဆို့တွေပါဝင်တဲ့ ဆုံးဖြတ်ချက်အသစ်နဲ့ အရေးယူဆောင်ရွက်မှုတွေ ထွက်ပေါ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ အချိန်ကျရောက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်ပါတယ်။
ဂျိုးတောင်ရွာမရွာ စာသင်ကျောင်းအပေါ် လက်နက်ကြီးကျရောက်မှုအတွက် တာဝန်အရှိဆုံးက တပ်မ(၃၃)လက်အောက်ခံ အမှတ်(၁၂၀) ခြေမြန်တပ်ရင်းဖြစ်တယ် လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ပြင်းအားက ကျရောက်တဲ့ မီတာ ၃၀ အတွင်းမှာရှိနေသူတွေဟာ အသက်ရှင်နိုင်ခြေနည်းပြီး မီတာ ၅၀ အတွင်းမှာရှိနေသူတွေဟာ ကျိုးပြတ်ဒဏ်ရာတွေရနိုင်တယ် လို့ သိရပါတယ်။
မြန်မာစစ်တပ်ကပိုင်ဆိုင်တဲ့ ဟောင်ဝစ်ဇာ အမြောက်ဟာ အလွန်ဆုံး ၇ မိုင်အကွာအဝေးကနေသာ ပစ်ခတ်နိုင်ပေမဲ့ စင်္ကာပူနိုင်ငံရဲ့နည်းပညာပူးပေါင်းဆောင်ရွက်မှုကြောင့် ၁၂ မိုင်အထိ ပစ်ခတ်နိုင်လာခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမှတ်(၁၂၀) ခြေမြန်တပ်ရင်း နဲ့ ဂျိုးတောင်ရွာမရွာဟာ ဆယ်မိုင်ကွာဝေးပြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ ဟောင်ဝစ်ဇာ အမြောက်ဆန်ကိုပါ NUG က သွားရောက်တူးဖော်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ ဂျိုးတောင်ရွာမရွာ ဖြစ်စဉ်နဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူး။
NUG အနေနဲ့ အခုလိုဖြစ်စဉ်တွေအတွက် ကြိုတင်ကာကွယ်မှု နဲ့ အရေးပေါ်တုံ့ပြန်မှုတွေကို လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။
‘‘ကျောင်းတွေမှာ ဘယ်တပ်မှ တပ်မစွဲရပါဘူး။ ကျွန်တော်တို့ PDF တွေ ဘယ်တပ်မှ တပ်စွဲလို့မရဘူးလို့ ကန့်သတ်ထားပါတယ်။’’ လို့ ပညာရေး နဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
ကျောင်းသားကျောင်းသူတွေဟာ ဒီလိုအနိဌာရုံတွေကို မမြင်သင့် မမြင်အပ်သလို အခုလိုဖြစ်ရပ်ဆိုးတွေကြုံရလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားနေရတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေအရ ‘‘အမျိုးသားအဆင့် စိတ်ပိုင်းဆိုင်ရာ အရေးပေါ်အခြေအနေရောက်နေပြီ’’ လို့ ဒေါက်တာဇော်ဝေစိုးက ပြောပြီး နှစ်သိမ့်ဆွေးနွေးပညာပေးမှုတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
‘‘ဒီလိုဖြစ်ရပ်ဆိုးတွေကြုံရလို့ ကျောင်းမသွားရဲတော့ဘူး။ စစ်သားဆိုမုန်းတယ်။ အမြော်အမြင်မဲ့ အတွေးအခေါ်မဲ့ အာဏာသိမ်းမှုကြောင့် ကလေးရောလူကြီးပါ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဟာ နောင်နှစ်ပေါင်း ၁၅ နှစ်အနှစ် ၂၀ ပျောက်မှာမဟုတ်တော့ဘူး’’ လို့ သူကပြောပါတယ်။