ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း အဖမ်းခံရ

ပါကစ္စတန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း အီမရန် ခမ်းဟာ အစ္စလာမာဘတ်မြို့က တရားရုံးပြင်ပမှာ ရဲတပ်ဖွဲ့အရာရှိတွေရဲ့ဖမ်းဆီးတာခံလိုက်ရပါတယ်။

မစ္စတာ ခမ်း ဟာ အဂတိလိုက်စားမှုစွပ်စွဲချက်တွေအတွက် တရားရုံးခွင်တက်ခဲ့အပြီးမှာ အခုလိုဖမ်းဆီးခံရတာပါ။ မစ္စတာ ခမ်းကတော့ သူ့အပေါ် အခုစွပ်စွဲချက်တွေဟာ နိုင်ငံရေးပယောဂ မကင်းဘူးလို့ ပြောထားပါတယ်။

သတင်းတွေမှာတော့ မစ္စတာ ခမ်းဟာ တရားရုံးဝင်းထဲ ဝင်ပြီးတဲ့နောက်မှာ အခုလို ဖမ်းဆီးခံရတာလို့ ဖော်ပြနေပါတယ်။

ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီးချိန် ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာတော့ တူညီဝတ်စုံဝတ်ထားတဲ့တပ်ဖွဲ့ဝင်တွေဟာ တရားရုံးဝင်းထဲက ထွက်လာတဲ့မစ္စတာ ခမ်းကို ကားနဲ့ခေါ်မသွားခင် အရင်ဖမ်းဆီးသွားတာကို တွေ့ရပါတယ်။

မစ္စတာခမ်းဟာ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ဝန်ကြီးချုပ်အဖြစ်ကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး အဲဒီကတည်းက ရွေးကောက်ပွဲတွေအတွက် မဲဆွယ်နေတာဖြစ်ပါတယ်။

ပါကစ္စတန်အထွေထွေရွေးကောက်ပွဲတွေဟာ အခုနှစ်နှောင်းပိုင်းမှာ ပြုလုပ်ဖို့ရှိနေတာပါ။

ရာထူးကနေ ဖယ်ရှားခံရပြီးကတည်းက ဒါဇင်နဲ့ချီတဲ့အမှုတွေနဲ့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေဟာ သူ့ကို လာဟိုးမြို့မှာရှိတဲ့နေအိမ်မှာ အရင်က အကြိမ်ကြိမ်ကြိုးဖမ်းဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ကို ထောက်ခံသူတွေက ပိတ်ပင်ထားဆီးတာတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကလည်း ချီတက်ဆန္ဒပြပွဲတစ်ခုလုပ်နေတုန်းမှာ သူ့ ယာဥ်တန်းကို ပစ်ခတ်ခံခဲ့ရပေမဲ့ သူထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။

တနင်္လာနေ့တုန်းကတော့ စစ်တပ်အရာရှိတစ်ဦးဟာ သူ့ကို သတ်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ မစ္စတာခမ်းရဲ့ စွပ်စွဲချက်ကို အခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေဆိုပြီး ပါကစ္စတန် စစ်တပ်ဘက်က သတိပေးခဲ့ပါတယ်။