ပူတင်နဲ့ ကင်ဂျုံအွန်းတွေ့ဆုံပြီ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ရုရှားသမ္မတ ပူတင်တို့ ရုရှားနိုင်ငံ အရှေ့ဖျားက ဗော့စတော့ချ်ညီ ဒုံးပျံလွှတ်တင်စခန်းမှာ တွေ့ဆုံနေကြပြီဖြစ်ပါတယ်။

မြောက်ကိုရီးယားက အခုနှစ်အတွင်း ၂ ကြိမ်တိတိလွှင့်တင်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့ဂြိုဟ်တုအရေး အကူအညီပေးဖို့ မြောက်ကိုရီးယားအတွက် ဂြိုဟ်တုတွေ လုပ်ပေးသွားမယ်လို့ ရုရှားသမ္မတ ကပြောပါတယ်။

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားကို မြောက်ကိုရီးယားက လက်နက်ထောက်ပံ့မယ့် သဘောတူညီချက်မျိုးကိုလည်း ပြုလုပ်နိုင်တယ်ဆိုတဲ့စိုးရိမ်ချက်တွေလည်းရှိနေပြန်ပါတယ်။

စစ်ရေးသဘောတူညီချက်လုပ်ဖို့ရှိမလားလို့ မေးတဲ့အခါမှာတော့ ပူတင်က ခေါင်းဆောင်နှစ်ယောက်ဟာ ‘‘ကိစ္စရပ်အားလုံးကို’’ကို ဆွေးနွေးကြမယ်လို့ ပြောပါတယ်။

အခုတွေ့ဆုံပွဲမတိုင်ခင်မှာပဲ မြောက်ကိုရီးယား ဒုံးကျည် ၂ စင်းကို စမ်းသပ်ပစ်လွှတ်လိုက်ပြန်ပါတယ်။ အခုတစ်ကြိမ်ပစ်လွှတ်မှုဟာ ‌မြောက်ကိုရီးယားခေါင်းဆောင် နိုင်ငံထဲမရှိနေချိန် ပစ်လွှတ်တဲ့ ပထမဆုံး ဖြစ်ရပ်လို့ဘီဘီစီက နားလည်ရပါတယ်။

ကင် ရုရှားကို လည်ပတ်ဦးမယ် - ပူတင်

မြောက်ကိုရီးယားခေါင်းဆောင်ဟာ ဆိပ်ကမ်းမြို့ ဗလာဒီဗော့စတော့ကို အပါအဝင် နိုင်ငံထဲမှာ လည်ပတ်ဦးမယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ကင်ဂျုံအွန်းရဲ့ခရီးစဥ်အပြီး ပြောထားတယ်လို့ နိုင်ငံပိုင် Ria သတင်းဌာနက ဖော်ပြပါတယ်။

ကင်နဲ့ ပူတင်ရဲ့တွေ့ဆုံမှုကတော့ ဒီနေ့မှာ အဆုံးသတ်ပြီဖြစ်ပြီး ကင်လည်း သူ့ရဲ့လုံခြုံရေးမြင့်ရထားကြီးပေါ်တက်လို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။

ပူတင်ကတော့ ''ကင်နဲ့ ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ခဲ့တယ်'' လို့ပြောပါတယ်။

နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာနည်းပညာပူးပေါင်းရေး အခွင့်အလမ်းတွေလည်းရှိခဲ့တယ်လို့ သူက ပြောပေမဲ့ ရုရှားဟာ နိုင်ငံတကာကျင့်ဝတ်အရ လိုက်နာရမှာတွေကိုတော့ လိုက်နာမယ်လို့ ထပ်လောင်းပြောပါတယ်။

စိုက်ပျိုးရေးကဏ္ဍကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပြီး ပူတင်က ရုရှားအနေနဲ့ ''မြောက်ကိုရီးယားကို ကမ်းလှမ်းဖို့ရာရှိထားတယ်'' လို့ ပြောပါတယ်။

ပူတင် ''အောင်နိုင်မယ်'' လို့ ကင်ပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက မော်စကိုတပ်ဖွဲ့တွေဟာ သူ့ရဲ့ရန်သူတွေကို ''အောင်နိုင်မယ်''လို့ သမ္မတ ဗလာဒီမီယာပူတင်ကို ပြောတဲ့အကြောင်း ရုရှားသတင်းဌာနတွေက သတင်းဖော်ပြပါတယ်။

''ရုရှားစစ်တပ်နဲ့ လူထုဟာ မကောင်းတဲ့စုစည်းမှုကို ဒဏ်ပေးတိုက်ထုတ်ရာမှာ အောင်မြင်မှုကြီးရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်''ဆိုပြီး ကင်ရဲ့ပြောစကားကို ကိုးကားဖော်ပြပါတယ်။

ယူကရိန်းနဲ့ ဖြစ်နေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ကင်က ''ရဲစွမ်းတဲ့ရုရှားစစ်တပ်နဲ့ နိုင်ငံတော်ဟာ တိုက်တိုင်းနိုင်တဲ့ထုံးစံကို ဆက်ပြီးအမွေဆက်ခံမယ်လို့ ပြည့်ပြည့်ဝဝယုံကြည်သလို အထူးစစ်ဆင်ရေးဆင်နွှဲနေတဲ့ စစ်မျက်နှာပြင်တွေမှာ အဖိုးမဖြတ်နိုင်တဲ့ဉာဏ်စွမ်းကိုလည်း ပြမယ်လို့ ယုံကြည်ပါတယ်'' ပြောပါတယ်။

အထူးစစ်ဆင်ရေးဆင်နွှဲတယ်ဆိုတဲ့ စကားဟာ အိမ်နီးချင်းယူကရိန်းအပေါ် ကျူးကျော်မှုကို ရုရှားက ရည်ညွှန်းလေ့ရှိတဲ့စကားလည်းဖြစ်ပါတယ်။

အိမ်နီးချင်းရဲ့ ရုရှားခရီးကို တရုတ်ဘယ်လိုတုံ့ပြန်လဲ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ရုရှားသမ္မတ ပူတင်တို့ရဲ့တွေ့ဆုံပွဲကို တရုတ်ဘက်က တုံ့ပြန်ပြောကြားလာပါတယ်။

တရုတ်ဟာ မြောက်ကိုရီးယားရဲ့ ကာလရှည်ကြာမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စီးပွားဖက်လည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မောင်နင်ကတော့ အခုခရီးစဥ်ဟာ ''ရုရှားနဲ့မြောက်ကိုရီးယားကြားက ဆက်ဆံရေးသာဖြစ်တယ်'' လို့ ပြောပါတယ်။

မြောက်ကိုရီးယားဟာ တရုတ်ရဲ့ ''တောင်တွေ မြစ်တွေချင်းဆက်နေတဲ့ အိမ်နီးချင်းကောင်း''လို့ သူက ပုံဖော်ပြောသလို လက်ရှိမှာ ''တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးဟာ တိုးတက်ကောင်းမွန်နေတယ်''လို့ လည်း ပြောပါတယ်။

ကင်ကတော့ သူ့နိုင်ငံနဲ့ရုရှားကားက ဆက်ဆံရေးခိုင်မာမှုကို ထုတ်ပြောထားပြီး သမ္မတပူတင်နဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ သူ့အစိုးရ''နံပါတ်တစ်ဦးစားပေး''ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလပိတ်ဆို့မှုတွေကြောင့် ရုရှားနဲ့မြောက်ကိုရီးယားဆက်ဆံရေး ယိမ်းယိုင်မှာမဟုတ်လို့ဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ရုရှားသမ္မတ ပူတင်တို့ ရုရှားအာကာသစင်တာမှာ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှု အစောပိုင်းမှာပဲ အဆုံးသတ်ပြီဖြစ်ပါတယ်။

ရုရှားအစိုးရိမ်တော် ကလင်မလင်နန်းတော်ကတော့ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် ရုရှားနဲ့ မြောက်ကိုရီးယားကြားက ဆက်ဆံရေး ယိမ်းယိုင်မှာ မဟုတ်ဘူးလို့ ‌ပြောပါတယ်။

ရုရှားနိုင်ငံပိုင် TASS သတင်းဌာနကတော့ ကရင်မလင်ပြောခွင့်ရ ဒီမီထရီ ပက်စ်ကော့က '' ရုရှားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကိုယ့်ရဲ့ရပ်တည်ချက်ကို ဆက်ထားပါတယ်။ ဒါပေမဲ့ ဒါဟာ ရုရှား-မြောက်ကိုရီးယားဆက်ဆံရေးတိုးတက်လာတာကို ယိမ်းယိုင်စေမှာမဟုတ်ပါဘူး'' လို့ ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ချမှတ်ခံထားရတဲ့ ကာလရှည်ပိတ်ဆို့မှုတွေကို မေးမြန်းချိန် သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂဟာ မြောက်ကိုရီးယားက ၂၀၀၆ ခုနှစ်မှာ ပထမဆုံးနျူကလီးယားစမ်းသပ်မှုပြုလုပ်ကတည်းက ဒါဇင်နဲ့ချီတဲ့အရေးယူ ပိတ်ဆို့မှုတွေကို ပြုလုပ်ထားတာဖြစ်ပါတယ်။

အကဲခတ်အချို့ကတော့ ရုရှားဟာ ဒီဆွေးနွေးပွဲရလဒ်အနေနဲ့ မြောက်ကိုရီးယားဆီကနေ လက်နက်ယူ၊ အဆင့်မြင့်နည်းပညာပြန်ပေးနိုင်ခြေရှိတာကြောင့် အမှန်တကယ်သာပေါ်ပေါက်လာရင် နိုင်ငံတကာပိတ်ဆို့မှုတွေကို ချိုးဖောက်ရာရောက်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

စီးပွားရေးနဲ့ လူသားချင်းစာနာမှုကိစ္စတွေ ဆွေးနွေးမယ် - ပူတင်

အာကာစင်တာရောက်ချိန် သတင်းထောက်တွေကိုပြောခဲ့တဲ့ ကင်နဲ့ ပူတင်တို့ရဲ့ စကားတွေရဲ့ ဘာသာပြန်ကိုရရှိပြီဖြစ်ပါတယ်။

ပူတင်ကတော့ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ''စီးပွားရေးပူးပေါင်းဆာင်ရွက်မှု''နဲ့ ''လူသားချင်းစာနာမှုဆိုင်ရာကိစ္စ'' တွေနဲ့ ဆက်စတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်လို့ ပူတင်က ပြောပါတယ်။

''မေးခွန်းတွေ မေးတာတွေတော့ များတယ်။ ကျွန်တော် ခင်ဗျားကို တွေ့ရတာဝမ်းသာပါတယ်။ ဖိတ်ကြားတာကိုလက်ခံပြီး ရုရှားကို လာရောက်တာကိုလည်း ဝမ်းသာမိပါတယ်'' လို့ သူက ထပ်လောင်းပြောပါတယ်။

စကားပြန်ကနေတဆင့် စကားပြောရာမှာတော့ ကင်က ရုရှားဟာ နိုင်ငံ့အချုပ်အခြာနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ''မြင့်မြတ်တဲ့တိုက်ခိုက်မှု''ကို စတင်ခဲ့ပြီလို့ပြောပါတယ်။

''သမ္မတ ပူတင်နဲ့ ရုရှားခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို အမြဲတမ်းထောက်ခံသွားမယ်... အင်အားကြီးတဲ့နိုင်ငံတွေက အင်အားနည်းတဲ့နိုင်ငံတွေကို နိုင်ထက်စီးနင်းလုပ်တဲ့ဝါဒကို အတူတိုက်ဖျက်သွားမယ်''လို့ ကင်က ပြောပါတယ်။

ဘာသာပြန်ထားတဲ့သူတို့ပြောစကားကိုတော့ ရိုက်တာသတင်းဌာနက မျှဝေတာဖြစ်ပါတယ်။

ကင်က ပူတင်ကို ပထမဆုံးပြောတဲ့စကား

''အလုပ်ရှုပ်နေတဲ့ကာလမှာ ကျွန်တော်တို့ကို ဖိတ်ကြားတဲ့အတွက်ကျေးဇူးတင်ပါတယ်'' လို့ ကင်ဂျုံအွန်းက ရုရှားသမ္မ ပူတင်ကို လက်ဆွဲနှုတ်ဆက်ချိန် ပြောပါတယ်။

ဒီစကားဟာ ရုရှား သမ္မတနန်းတော် ကရင်မလင်က တယ်လီဂရမ်မှာထုတ်ပြန်လာတဲ့ ရုပ်သံဗီဒီယိုမှာ ကြားရတာဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်နှစ်ယောက်ကို ပထမဆုံးအတူမြင့်တွေ့ရတဲ့ရုပ်သံလည်းဖြစ်ပါတယ်။

''တွေ့ရတာဝမ်းသာတယ်''လို့ ပူတင်က ကင်ဂျုံအွန်းကို ကြိုဆိုသလို ''ဒါ ကျွန်တော်တို့ရဲ့ အာကာသစင်အသစ်ပါ''လို့ ၂၀၁၆ ခုနှစ်ကတည်းက စတင်အသုံးပြုနေတဲ့ ဗော့စတော့ချ်ညီ အာကာသစင်တာကိုလည်း မိတ်ဆက်ပြသပါတယ်။

ဒုံးပျံလွှတ် အာကာသစင်တာကို ပူတင်လိုက်ပြ

ရုရှားသမ္မတ ပူတင်ဟာ ‌မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကို ဒုံးပျံလွှတ်အာကာသစင်တာကို လှည့်လည်ပြသနေတယ်လို့ ရုရှားနိုင်ငံပိုင် ရုပ်သံက သတင်းဖော်ပြပါတယ်။

အာဂါနာ ဒုံးလွှတ်စင်ကို ဘယ်လိုတပ်ဆင်အသုံးပြုတယ်ဆိုတာကို ပူတင်က ကင်ကို ပြသဖို့ရှိတယ်လို့ ပရိုင်မာ မီဒီယာက သတင်းဖော်ပြပါတယ်။

အဲဒီနောက် ညှိနှိုင်းဆွေးနွေးတာတွေ လုပ်ပြီးတဲ့အခါမှာ Soyuz 2 ဒုံးလွှတ်ယာဥ်ကို ကြည့်ရှုစစ်ဆေးကြဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

ဗော့စတော့ချ်ညီ ဒုံးပျံလွှတ်တင်စခန်းဟာ သမ္မတပူတင်ရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အာကာသစူးစမ်းရှာဖွေရေးအစီအစဥ်တွေမှာ တခြားနိုင်ငံတွေကို မီခိုနေရတာ လျှော့ချချင်ပြီလို့ ပြောပြီးနောက်မှာ အခုလိုစခန်းတည်ဆောက်ဖို့ ဖြစ်လာတာဖြစ်ပါတယ်။

ကင်ရဲ့ခရီးစဥ်မှာ ညီမဖြစ်သူလည်းလိုက်ပါလာ

ရုရှားမီဒီယာတွေက ထုတ်ပြန်တဲ့ဓာတ်ပုံတွေအရ ပူတင်နဲ့တွေ့ဆုံမယ့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းရဲ့ ရုရှား ခရီးစဥ်မှာ ညီမဖြစ်သူ ကင်ယိုဂျွန်လည်း လိုက်ပါလာတာတွေ့ရပါတယ်။

သူဟာ အခုနှစ်အတွင်း ကိုရီးယားကျွန်းဆွယ်တဝိုက် စစ်ရေးလေ့ကျင့်မှုတွေလုပ်နေတဲ့ အမေရိကန်နဲ့တောင်ကိုရီးယားအပေါ် ခပ်မာမာပြောထားတဲ့ သတိပေးပြောဆိုမှုတွေလုပ်ခဲ့လို့ ကမ္ဘာ့ သတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံခဲ့ရသူလည်းဖြစ်ပါတယ်။

ကင်ယိုဂျွန်ဟာ ‌မြောက်ကိုရီးယားမှာ သြဇာရှိသူတစ်ဦးဖြစ်ပြီး အစ်ကို ဖြစ်သူနဲ့ နီးနီးကပ်ကပ်ရှိသူလည်းဖြစ်ပါတယ်။ ကိုရီးယားလုပ်သားပါတီရဲ့ ဗဟိုကော်မတီမှာ အကြီးပိုင်းရာထူးရယူထားသူလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ရုရှားကြား ''ထိရှလွယ်ကဏ္ဍတွေ''မှာ ပူးပေါင်းနေ

နှစ်နိုင်ငံကြား လက်နက်အရောင်းအဝယ်ကိစ္စပါမလားလို့ သတင်းထောက်တွေက မေးမြန်းတဲ့အချိန်မှာတော့ ရုရှားသမ္မတ အိမ်တော် ကလင်မလင် ပြောခွင့်ရသူက ပြုံယမ်းနဲ့ မော်စကို တို့ဟာ အများပြည်သူကို ထုတ်ဖော်မပြောသင့်တဲ့ ''ထိရှလွယ်ကဏ္ဍတွေ''မှာ ပူးပေါင်းဆာင်ရွက်နေတယ်လို့ ပြောပါတယ်။

စီးပွားရေးအရေးယူ ပိတ်ဆို့မှုပြုလုပ်ထားတဲ့ ရုရှားနဲ့ မြောက်ကိုရီးယား လက်နက်ရောင်း၊ လူသားချင်းစာနာမှုအကူအညီယူတဲ့သဘောတူညီချက်မျိုး ပြုလုပ်နိုင်တယ်လို့ မျှော်လင့်ရပါတယ်။