ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စီးပွားရေးကျပ်နေတဲ့ကြားက တရုတ် ကာကွယ်ရေးစရိတ် မြှင့် - မတ်လ ၅ ရက် နိုင်ငံတကာသတင်းများ
တရုတ်အစိုးရက နိုင်ငံမှာ စီးပွားရေး အကျပ်အတည်း ဖြစ်နေတဲ့ကြားကပဲ အခုနှစ် ကာကွယ်ရေးအသုံးစရိတ်ကို ၇ ရာခိုင်နှုန်းကျော် တိုးမြှင့်မယ်လို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။
တရုတ် ပါလီမန် နှစ်ပတ်လည်ညီလာခံမှာ အခုလို ထုတ်ဖော်ကြေညာလိုက်တာ ဖြစ်ပြီး ဝန်ကြီးချုပ် လီချန်း က တရုတ်နိုင်ငံအနေနဲ့ ဖွံ့ဖြိုးမှုပုံစံကို ပြောင်းလဲရမယ်လို့ အဲဒီညီလာခံမှာ ပြောသွားခဲ့ပါတယ်။
အိုးအိမ်ခြံမြေကဏ္ဍနဲ့ ဒေသန္တရ အစိုးရအဖွဲ့တွေမှာ ကြွေးမြီတွေ ဆက်လက်တင်နေတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားဖို့ လိုတယ်လို့ မစ္စတာလီက ပြောပါတယ်။
မစ္စတာ ရှီကျင့်ဖျင် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းကစပြီး တရုတ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို နှစ်ဆကျော် တိုးမြှင့်လာခဲ့ပါတယ်။
ရုရှားခေတ်မီ ကင်းလှည့်သင်္ဘောကို ယူကရိန်း ဖျက်ဆီး
ယူကရိန်းအစိုးရက သူတို့ရဲ့ ရေတပ် ဒရုန်းတွေကို သုံးပြီး ပင်လယ်နက်ထဲက ရုရှားကင်းလှည့်သင်္ဘော တစ်စင်းကို ဖျက်ဆီးပစ်လိုက်နိုင်တယ်လို့ ပြောပါတယ်။
ဆာဂေး ကိုတော့ဗ် လို့ အမည်ပေးထားတဲ့ အဲဒီ ရုရှားကင်းလှည့်သင်္ဘောဟာ ရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသနဲ့ ရုရှားနိုင်ငံကို ဆက်သွယ်ထားတဲ့ ကာ့ချ်တံတားနားမှာ ဖျက်ဆီးခံခဲ့ရတာ ဖြစ်တယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
ရုရှားတပ်ဖွဲ့က သင်္ဘောအမှုထမ်းတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ကြောင်း၊ ဒါပေမဲ့ အရေအတွက် အတိအကျ မဖော်ပြတဲ့ သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း ယူကရိန်းအစိုးရ ပြောခွင့်ရသူက ပြောပါတယ်။
ဒါ့အပြင် ရုရှားနယ်စပ်ဘက်အခြမ်းမှာ ရှိတဲ့ ဘယ်လ်ဂိုရော့ဒ် ဒေသက ရေနံသိုလှောင်ရုံတစ်ခုကိုလည်း မစ်ဆိုင်းဒုံးနဲ့ သူတို့ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း ယူကရိန်းအစိုးရက ပြောပါတယ်။
ဘာလင်မြို့ တက်စလာကားစက်ရုံဝန်းနား မီးရှို့မှုလို့ ယူဆရတဲ့ ဖြစ်ရပ်ကို ရဲစစ်ဆေး
ဂျာမနီနိုင်ငံ ဘာလင်မြို့နားက တက်စလာကား ထုတ်လုပ်တဲ့ စက်ရုံဝန်းကြီးအနားမှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့မှုလို့ ယူဆရတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ပတ်သက်လို့ ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။
တိုးချဲ့ဆောက်လုပ်မယ်ဆိုပြီး မကြာသေးခင်က ထုတ်ဖော်ကြေညာထားတဲ့ အဲဒီ တက်စလာ ကားစက်ရုံကြီးမှာ အခုအခါ လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။
ဒီကနေ့ အင်္ဂါနေ့ မနက်က ဓာတ်အားခွဲရုံတစ်ခု မီးစွဲလောင်ခဲ့ချိန်မှာ တက်စ်လာ ကားစက်ရုံ၀န်းနဲ့ အနားက အာရ်ခ်နာ မြို့မှာ မီးတွေပျက်နေခဲ့တယ်လို့ ဂျာမန် သတင်းစာတစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။
ဘာလင်မြို့ရဲ့ အရှေ့တောင်ဘက် ရပ်ကွက်အတော်များများကိုလည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အီလွန် မတ်စ်ခ်ရဲ့ တက်စလာ ကားကုမ္ပဏီက စက်ရုံတိုးချဲ့ ဆောက်ဖို့ ခုတ်ထွင်ရှင်းလင်းလိုနေတဲ့ အနားက တောအုပ်တစ်ခုရဲ့ နေရာတချို့ကို ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူ အယောက် ၈၀ လောက်က နေရာယူ သိမ်းပိုက်ထားပါတယ်။
ထိုင်း လေထုညစ်ညမ်းမှုကြောင့် မနှစ်က လူ ၁၀ သန်းကျော် ဆေးကုခံခဲ့ရ
ထိုင်းနိုင်ငံမှာ မနှစ်တုန်းက လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်ပြီး ဆေးကုသမှုခံယူခဲ့ရသူပေါင်း ၁၀ သန်းကျော် ရှိခဲ့တယ်လို့ အစိုးရ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
အခုနှစ်မှာလည်း ထိုင်းနိုင်ငံသား တစ်သန်းခွဲကျော်လောက် လေထုညစ်ညမ်းမှုကြောင့် ဆေးကုသ ခံယူခဲ့ကြရတယ်လို့ အစိုးရရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လေထုညစ်ညမ်းမှုတားဆီးနိုင်ရေး ပိုမိုလုပ်ဆောင်ကြဖို့ကိုလည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံက မြို့ကြီးတွေဟာ ကမ္ဘာပေါ်က လေထုအရည်အသွေး အဆိုးဝါးဆုံး မြို့တွေထဲမှာ ပါဝင်နေပါတယ်။ ထိုင်းနိုင်ငံမှာ လယ်သမားတွေရဲ့ ယာခင်း မီးရှို့ရှင်းလင်းမှုတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ မော်တော်ယာဉ်တွေကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှုတွေ ဆိုးရွားလာနေတာ ဖြစ်ပါတယ်။
မော်ဝါဒီ သူပုန်တွေနဲ့ ဆက်နွှယ်နေမှုနဲ့ ပြစ်မှုထင်ရှားသူ အိန္ဒိယ လူ့အခွင့်အရေးလှုပ်ရှားသူ မသန်စွမ်းတစ်ဦးကို တရားသေလွှတ်
အိန္ဒိယနိုင်ငံမှာ မော်ဝါဒီ သူပုန်တွေနဲ့ ဆက်နွှယ်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မသန်စွမ်းသူတစ်ဦးနဲ့ တခြား လူ ၄ ဦးကို တရားရုံးက တရားသေလွှတ်လိုက်ပါတယ်။
ဒေလီတက္ကသိုလ်က ပါမောက္ခဟောင်းတစ်ဦးဖြစ်သူ ဂျီအန် ဆိုင်းဘာဘာဟာ နိုင်ငံတော် ပုန်ကန်မှုနဲ့ ၂၀၁၇ ခုနှစ်က ပြစ်မှုထင်ရှားခဲ့တာ ဖြစ်ပါတယ်။
သူဟာ မော်ဝါဒီ သူပုန်တွေ လှုပ်ရှားရာဒေသတွေမှာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေအပေါ် ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူပုန်တွေနဲ့ ဆက်နွှယ်မှု ရှိတယ်ဆိုတဲ့ စွဲချက်တွေကိုတော့ ငြင်းဆိုထားပါတယ်။
မစ္စတာ ဆိုင်းဘာဘာကို ၂၀၂၂ ခုနှစ်တုန်းက အောက်တရားရုံးက တရားသေ လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အောက်တရားရုံးရဲ့ စီရင်ချက်ကို အထက်တရားရုံးက ဆိုင်းငံ့ထားခဲ့ပြီး နောက်တခါ ထပ်ကြားနာစစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။ အခုတော့ ဘုံဘေမြို့ အထက်တရားရုံးက သူနဲ့ ကျန်တဲ့သူတွေကို တရားသေ လွှတ်လိုက်ပြီး သူတို့အပေါ် ချမှတ်ထားတဲ့ တစ်သက်တကျွန်းအမိန့်ကို ရုပ်သိမ်းလိုက်ပါတယ်။