မြောက်ကိုရီးယား အာကာသစီမံကိန်းကို ကူမယ်လို့ ရုရှားသမ္မတ ကတိပေး - စက်တင်ဘာလ ၁၃ ရက် ညပိုင်းသတင်းများ

ရုရှားသမ္မတ ပူတင်ဟာ ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ခဲ့စဉ်အတွင်း မြောက်ကိုရီးယားရဲ့ အာကာသစီမံကိန်းအတွက် ရုရှားက အကူအညီပေးမယ်လို့ ကတိပြု ပြောကြားသွားခဲ့ပါတယ်။

ရုရှားနိုင်ငံ အရှေ့ဖျား ဒေသမှာရှိတဲ့ ဗော့စတော့ခ်နီ အာကာသစခန်းကို ခေါင်းဆောင်နှစ်ဦး လှည့်လှည် ကြည့်ရှုစဉ်မှာ သမ္မတ ပူတင်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကို ရည်ညွှန်းတယ်လို့ ယူဆရတဲ့ ပြောဆိုချက်အတွင်း ကင်ဂျုံအွန်းဘက်ကလည်း ရုရှားရဲ့ နယ်ချဲ့ဝါဒ ဆန့်ကျင်တိုက်ခိုက်မှုအပေါ် သူ့အနေနဲ့ အပြည့်အဝ ထောက်ခံအားပေးနေကြောင်း ပြောသွားပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့ကောင်း ထောက်ပံ့နိုင်တယ်လို့ ယူဆရပါတယ်။ စစ်ဘက်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ သူတို့နှစ်ဦး ဆွေးနွေးပြောဆိုခဲ့ကြသလားလို့ ရုရှားရုပ်မြင်သံကြားက မေးခဲ့ရာမှာ သမ္မတ ပူတင်က လုပ်ကောင်းလုပ်နိုင်ဖွယ် ရှိတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

လှည့်လည်ကြည့်ရှုမှုအပြီးမှာ ခေါင်းဆောင်နှစ်ဦး ညစာ အတူစားခဲ့ကြပါတယ်။ အခုတော့ ကင်မ်ဂျုံအွန်းဟာ သူ့ရဲ့ ကျည်ကာ ရထားကြီးနဲ့ ပြန်လည်ထွက်ခွာသွားပြီလို့ သတင်းတွေကဆိုပါတယ်။

လစ်ဗျား ရေကြီးမှုအတွင်း သေဆုံးခဲ့သူတွေကို အစုလိုက် မြှုပ်နှံ

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှာ ရေကြီးမှုတွေအတွင်း သေဆုံးခဲ့ရသူတွေရဲ့ အလောင်းတွေကို ဆက်လက်ရှာဖွေနေစဉ်မှာပဲ ရှာတွေ့ခဲ့တဲ့ ရုပ်အလောင်းတွေကို အစုလိုက်အပြုံလိုက် မြှုပ်နှံနေရပါတယ်။

ဒါနာ ဆိပ်ကမ်းမြို့မှာ အလောင်း ငါးထောင်ကျော် လောလောဆယ် တွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြေတူးစက်ကြီးတစ်ခုနဲ့ တူးထားတဲ့ ကျင်းတွေထဲ အလောင်းတွေကို စုပြုံမမြှုပ်နှံခင် ဘယ်သူဘယ်ဝါတွေလဲဆိုတာ သက်ဆိုင်ရာ မိသားစုဝင်တွေ ခွဲခြားသိနိုင်ဖို့ အလောင်းအတော်များများကို လမ်းမတွေပေါ်မှာ အတန်းလိုက် ချထားပါတယ်။

တနင်္ဂနွေနေ့က အဲဒီမြို့ကို မုန်တိုင်း ဝင်တိုက်ခဲ့အပြီး ဆည်နှစ်ခု ပြိုပျက်သွားခဲ့ရာကနေ ရေတွေ အလုံးလိုက်အရင်းလိုက် ဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီရေကြီးမှုကို ကြီးမားတဲ့ ကပ်ဘေးဆိုးကြီးတစ်ခုအဖြစ် ကုလသမဂ္ဂက ဖော်ညွှန်းပြောဆိုခဲ့ပါတယ်။

ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပေမဲ့ ပြိုင်ဘက် အစိုးရအဖွဲ့နှစ်ခုနဲ့ အုပ်ချုပ်နေတဲ့ လစ်ဗျားနိုင်ငံမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေပါတယ်။

နီပါးဗိုင်းရပ်စ်ပိုးကြောင့် လူသေဆုံးမှုရှိခဲ့အပြီး အိန္ဒိယနိုင်ငံ ကာရဲလားပြည်နယ်မှာ သတိပေးချက်ထုတ်ပြန်ထား

အိန္ဒိယနိုင်ငံ ကာရဲလားပြည်နယ်မှာ ဦးနှောက် ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် လူ နှစ်ဦး သေဆုံးခဲ့အပြီး ရွာပေါင်း ၇ ရွာကို လူအဝင်အထွက် ခွင့်မပြုတဲ့ တားမြစ်နယ်မြေအဖြစ် အာဏာပိုင်တွေက သတ်မှတ်ကြေညာလိုက်ပါတယ်။

စာသင်ကျောင်းတချို့ကိုလည်း ပိတ်ထားလိုက်ပါတယ်။

နီပါးလို့ ခေါ်တဲ့ အဲဒီဗိုင်းရပ်စ်ပိုးဟာ ပိုးကူးစက်ခံထားရတဲ့ လူ ဒါမှမဟုတ် လင်းနို့၊ ဝက်ဆီက အရည်ကို တိုက်ရိုက် ထိတွေ့မိရာကနေ ကူးစက်တာ ဖြစ်ပါတယ်။

ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ထားသူ နှစ်ဦးကို ဆေးကုသပေး နေတယ်လို့ အိန္ဒိယကျန်းမာရေးဌာန ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။

ဒါဟာ ကာရဲလားပြည်နယ်မှာ နီပါး ဗိုင်းရပ်ပိုး ကူးစက်ပြန့်ပွားတာ လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း စတုတ္ထအကြိမ်မြောက် ဖြစ်ပါတယ်။

နီပါးဗိုင်းရပ်စ်ပိုးကြောင့် လူသေဆုံးမှုနှုန်းဟာ ၇၅ ရာခိုင်နှုန်းအထိ ရှိနေပြီး ကာကွယ်ဆေးလည်း မရှိဘူးလို့ သိရပါတယ်။

ဟနွိုင်းမြို့ တိုက်ခန်းတွဲ မီးလောင်မှု အနည်းဆုံး လူ ၅၆ ဦး သေဆုံး

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်က လူတွေ ပြည့်ကျပ် နေထိုင်နေတဲ့ အထပ် ၁၀ ထပ်တိုက်ခန်းတွဲတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၆ ဦး သေဆုံးခဲ့ပါတယ်။

အတော်များများ ဒဏ်ရာရခဲ့ကြပြီး တချို့က အခြေအနေ စိုးရိမ်ရပါတယ်။

အဲဒီတိုက်ခန်းတွဲဟာ ထွက်ပေါက်တစ်ပေါက်ပဲ ရှိပြီး လမ်းကျဉ်းထဲမှာ တည်ရှိတဲ့အတွက် မီးသတ်ကားတွေ အဆောက်အဦအနားထိ မသွားနိုင်ဘဲ ဖြစ်နေပါတယ်။

တိုက်ခန်းမှာ နေသူတချို့ကတော့ ကပ်လျက်အဆောက်အဦတစ်ခုဆီ လှေကားနဲ့ သွယ်တန်း ကူးပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

အဲဒီတိုက်ခန်းတွဲမှာ လူ ၁၅၀ လောက် နေထိုင်နေတယ်လို့ ယူဆရပြီး မိသားစုအတော်များများက အခန်းငယ်လေးတွေမှာ စုပြုံနေထိုင်နေကြတာ ဖြစ်ပါတယ်။

ဘာကြောင့် မီးစွဲလောင်ခဲ့တာလဲ ဆိုတာကိုတော့ ခုချိန်ထိ မသိရသေးပါဘူး။