ဆယ်နှစ်အတွင်း ကောင်ရေ နှစ်ဆတိုးလာတဲ့ အိန္ဒိယ ကျားထိန်းသိမ်းရေး

ကမ္ဘာ့ကျားကောင်ရေရဲ့ ၇၅ ရာခိုင်နှုန်း၊ ကောင်ရေ ၃၆၀၀ ကျော်ရှိတဲ့ အိန္ဒိယ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ကျားကောင်ရေရဲ့ ၇၅ ရာခိုင်နှုန်း၊ ကောင်ရေ ၃၆၀၀ ကျော်ရှိတဲ့ အိန္ဒိယ
    • ရေးသားသူ, ဆစ်တစ် ဘစ်စဝပ်
    • ရာထူးတာဝန်, အိန္ဒိယသတင်းထောက်

အိန္ဒိယရဲ့ ကျားထိန်းသိမ်းရေးလုပ်ငန်း တိုးတက်လာမှုကြောင့် ဆယ်နှစ်ကျော်အတွင်း ကျားကောင်ရေ နှစ်ဆတိုးလာကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

အိန္ဒိယမှာ ကျားကောင်ရေ ၃၆၀၀ လောက်ရှိမယ်လို့လည်း ကျား ထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က ခန့်မှန်းပြီး ဒါဟာ ကမ္ဘာ့ကျားကောင်ရေရဲ့ ၇၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။

အိန္ဒိယမှာ ကမ္ဘာ့ ကျားစားကျက်နယ်မြေရဲ့ ၁၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီနယ်မြေကလည်း ဗြိတိန်ရဲ့ နယ်မြေဧရိယာ တဝက်လောက်ရှိပြီး လူ သန်း ၆၀ လောက်ရှိပါတယ်။

ဒီဆယ်နှစ်အတွင်း ကျားတွေကို အမဲလိုက် သတ်ဖြတ်မှုကနေ ကာကွယ်ပေးတာနဲ့ သူတို့ စားကျက်မြေတွေ လျော့နည်းမသွားအောင် တားဆီးတာတွေအပြင် လူနဲ့ တောရိုင်းတိရစ္ဆာန်တွေ ထိတွေ့မှု လျော့နည်းအောင် ပြောင်းလဲပေးခဲ့ပါတယ်။ နောက်ပြီး နယ်ခံတွေရဲ့ ဘဝကို မြှင့်တင်ပေးခဲ့တယ်လို့လည်း ထိပ်တန်းသုတေသန စာစောင်ဖြစ်တဲ့ သိပ္ပံဂျာနယ်ပါ လေ့လာချက်အရ သိရပါတယ်။

လူဦးရေ သိပ်သည်းမှုက သားစားတိရစ္ဆာန်ကြီးတွေကို ထိန်းသိမ်းရေးမှာ အရေးကြီးတယ် ထင်ခဲ့ပေမယ့် တကယ်က လူတွေရဲ့ စိတ်ဓာတ်ခံယူချက်က ပိုအရေးပါတယ်လို့ ဒီလေ့လာချက်ကို ဦးဆောင်ခဲ့တဲ့ ယဒ်ဗန်ဒရာဒဗ် ဗီကရမ်ဆင်းဂျာလာက ပြောပါတယ်။

မလေးရှားလို အိန္ဒိယထက် စီးပွားရေး ပိုအဆင်ပြေပြီး လူဦးရေနည်းတဲ့ နိုင်ငံမျိုးမှာတောင် ကျားကောင်ရေက ပြန်နာလန်ထူ မလာနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။

အိန္ဒိယကျားကောင်ရေ ပြန်တိုးလာမှုကနေ ဇီဝမျိုးကွဲစုံလင်မှုကို ဘယ်လို တွန်းအားပေးမလဲနဲ့ ဒေသခံတွေကို ဘယ်လို ထောက်ပံ့ပေးမလဲ ဆိုတဲ့ သင်ခန်းစာတွေကို ကမ္ဘာကို သင်ကြားပေးနိုင်တယ်လို့ သုတေသီတွေက ယူဆပါတယ်။

 ရေဒီယိုကော်လာ တပ်ပြီး ပြန်လွှတ်ပေးလိုက်တဲ့ အိန္ဒိယ ကျားမတကောင် မြစ်ရေထဲ ဆင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရေဒီယိုကော်လာ တပ်ပြီး ပြန်လွှတ်ပေးလိုက်တဲ့ အိန္ဒိယ ကျားမတကောင် မြစ်ရေထဲ ဆင်း

မစ္စတာဂျာလာနဲ့ သုတေသီတစု ပြုစုတဲ့ ဒီလေ့လာချက်က ၂၀၀၆ ကနေ ၂၀၁၈ ထိ အိန္ဒိယ ကျားတွေအကြောင်းဖြစ်ပါတယ်။

၂၀၀၆ က စပြီး ပြည်နယ် ၂၀ က ကျား စားကျက်မြေတွေအကြောင်း လေးနှစ်တခါ စစ်တမ်းကောက်ပါတယ်။ ကျားတွေနဲ့ တခြား တောကောင်တွေ၊ သူတို့သားကောင် တိရစ္ဆာန်တွေအကြောင်းနဲ့ စားကျက်တောတွေရဲ့ အရည်အသွေးကို လေ့လာတာ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ အိန္ဒိယကျားတွေရဲ့ စားကျက်မြေ ဧရိယာက ၃၀ ရာခိုင်နှုန်း တိုးလာပြီး နှစ်စဉ် ၁၁၃၁ စတုရန်းမိုင်လောက် ပိုတိုးပြီး ကျယ်ပြန့်လာနေပါတယ်။

သားကောင်တွေ ပေါတဲ့ ဘေးမဲ့တောတွေမှာ ကျားတွေ တိုးပွားလာချိန်မှာပဲ လူ သန်း ၆၀ နီးပါးရှိတဲ့ နယ်မြေတွေမှာလည်း သူတို့ ကျင်လည် ကျက်စားကြပါတယ်။ ဘေးမဲ့တောတွေနဲ့ ကျားထိန်းသိမ်းရေး နယ်မြေတွေအပြင်ဘက်က ယာခင်းတွေနဲ့ လူနေဒေသတွေ ဖြစ်ပါတယ်။

ဒီလို ကျားနဲ့ လူ ယှဉ်တွဲနေထိုင်မှုကို အိန္ဒိယနိုင်ငံအနှံ့ တွေ့ရပြီး စီးပွားရေး၊ လူမှု ယဉ်ကျေးမှု နောက်ခံတွေအပေါ် မူတည်ပြီး ကွဲပြားကြောင်း သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

မဒယာ ပရာဒက်ရှ်၊ မဟာရဋ္ဌ၊ ဥတ္တရာခန်းနဲ့ ကာနာတိကလို ပြည်နယ်တွေက လူနေများတဲ့ နေရာတွေမှာ ကျားတွေကို တွေ့ရပါတယ်။

 အနှစ် ၂၀ ကျော်အတွင်း အိန္ဒိယ ကျားစားကျက်မြေ ၃၀ ရာခိုင်နှုန်း တိုးလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အနှစ် ၂၀ ကျော်အတွင်း အိန္ဒိယ ကျားစားကျက်မြေ ၃၀ ရာခိုင်နှုန်း တိုးလာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သြဒိဿ၊ ဂျာခန်းနဲ့ အရှေ့မြောက် အိန္ဒိယလို ချုံတောတွေကြား အမဲလိုက် သားကောင်ရှာတဲ့ သမိုင်းရှိတဲ့နယ်မြေတွေမှာတော့ ကျားတွေ မတွေ့ရဘဲ မျိုးတုံးတာတွေ ရှိနေပါတယ်။ ဒီနေရာတွေထဲမှာ အိန္ဒိယရဲ့ အဆင်းရဲဆုံး ခရိုင်နယ်မြေတချို့ ပါပါတယ်။

စီးပွားရေး အဆင်ပြေတဲ့ နယ်မြေတွေမှာ လူတွေနဲ့ ကျားတွေ ယှဉ်တွဲ နေတာကို တွေ့ရတတ်ကြောင်းလည်း သုတေသီတွေက ကောက်ချက်ချပါတယ်။ အဲဒီလိုနေရာတွေမှာ ကျားနဲ့ ပတ်သက်တဲ့ ခရီးသွားလုပ်ငန်းတွေကနေ အကျိုးအမြတ်ရသလို အစိုးရ ထောက်ပံ့ကြေးတွေလည်း ရပါတယ်။

ဒါပေမဲ့ ဖွံ့ဖြိုးမှုဆိုတာ အသွားနှစ်ဘက်ပါတဲ့ ဓားသွားလို ဖြစ်တတ်တယ်လို့ ဂျာလာက ပြောပါတယ်။

ဒီဖွံ့ဖြိုးမှုကြောင့် ကျားကောင်ရေ ပြန်တိုးပွားလာနိုင်ပေမယ့် ကျားစားကျက်တောတွေကို ထိခိုက်တာတွေ ဖြစ်နိုင်တယ်၊ မြို့ပြ ဖြစ်ထွန်းမှုနဲ့ မွဲတေမှုကြားမှာ ကျားကောင်ရေ ပြန်တိုးပွားလာမှုက ပိတ်မိနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

အားလုံးပါဝင်ပြီး ရေရှည်ခံတဲ့ ကျေးလက် ဖွံ့ဖြိုးမှုကသာ ကျားတွေ ပြန်တိုးပွားလာအောင် အထောက်အကူ ပေးနိုင်ကြောင်း၊ အိန္ဒိယရဲ့ ခေတ်သစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒနဲ့ ကိုက်ညီကြောင်းလည်း ပြောပါတယ်။

လက်နက်ကိုင် စစ်ပွဲတွေကြောင့်လည်း ကျားမျိုးတုံးမှုတွေ သိသိသာသာ ဖြစ်စေနိုင်ကြောင်း သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

ကမ္ဘာတလွှား နိုင်ငံရေး မတည်ငြိမ်မှုကြောင့် သဘာဝ တောရိုင်းနယ်မြေတွေ ပျက်စီးတာက သိသာပါတယ်။ လက်နက်ကိုင်တပ်တွေအတွက် ၀င်ငွေရဖို့ ဒီတောတွေကို ဖျက်ဆီးကြလို့ ဒီဥပဒေမဲ့ နယ်မြေမှာ တောကောင်တွေ အများအပြား သတ်ဖြတ်ခံရပါတယ်။

အိန္ဒိယမှာ မာနပ်စ် အမျိုးသားဥယျာဉ်က ကြံ့တွေ ပျောက်သွားပြီး နီပေါမှာလည်း မငြိမ်မသက်မှုတွေကြားမှာ ကြံ့ကောင်ရေ ကျဆင်းသွားပါတယ်။

အိန္ဒိယမှာ မော်ဝါဒီတွေ ထကြွခဲ့တဲ့ ချတ်တီစဂါနဲ့ ဂျာခန်းပြည်နယ်က ကျားဘေးမဲ့တောတွေမှာ ကျားမျိုးတုံးတာတွေ ရှိခဲ့ပါတယ်။

ဒီပဋိပက္ခတွေကို ပြန်ထိန်းချုပ်နိုင်တဲ့ ဘေးမဲ့တောတွေမှာတော့ ကျားကောင်ရေ ပြန်တိုးလာတာတွေ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

လက်နက်ကိုင် ပုန်ကန်မှုတွေ ရှိတဲ့ ပြည်နယ်တွေက ဘေးမဲ့တော အများအပြားမှာလည်း ကျားကောင်ရေ ကျဆင်းပြီး မျိုးတုံးနိုင်တဲ့ အန္တရာယ်က ပိုများပါတယ်။

ကြောင်ကြီးမျိုးတွေကို ဘယ်လို စောင့်ရှောက်နိုင်လဲ အိန္ဒိယ ကျားကောင်ရေ ပြန်တိုးပွားလာမှုက ပြနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကြောင်ကြီးမျိုးတွေကို ဘယ်လို စောင့်ရှောက်နိုင်လဲ အိန္ဒိယ ကျားကောင်ရေ ပြန်တိုးပွားလာမှုက ပြနေ

အိန္ဒိယရဲ့ ကျားပျောက်ကွယ်နေတဲ့ တောတွေက စတုရန်းမိုင် ခြောက်သောင်းကျော် ကျယ်ဝန်းပြီး သြဒိဿ၊ ချတ်တီစဂါနဲ့ ဂျာခန်း ပြည်နယ်တွေမှာ အများဆုံး တွေ့ရပါတယ်။

လူဦးရေ ထူထပ်ပြီး ဆင်းရဲတဲ့ နယ်တွေမှာ သားစားသတ္တဝါကြီးတွေကို ပြန်တိုးပွားအောင်လုပ်ရတာက စိန်ခေါ်မှုတွေရှိကြောင်း သုတေသီက ဆိုပါတယ်။

ဒီမှာ တနည်းက လူတွေနဲ့ တောကောင်ကြီးတွေကြား အဆက်ဖြတ်တဲ့ မြေချန်တဲ့နည်းဖြစ်ပြီး နောက်တနည်းက လူနဲ့ တောရိုင်းတိရစ္ဆာန်တွေကြား ယှဉ်တွဲနေအောင် အားပေးတဲ့ မြေဖလှယ်တဲ့နည်း ဖြစ်ပါတယ်။

မြေဖလှယ်မှုကြောင့် လူနဲ့ သားရဲတွေကြား အချင်းများစေသလို မြေချန်တာကလည်း လက်တွေ့မကျကြောင်း ဝေဖန်ကြပါတယ်။ ဒါပေမဲ့ အိန္ဒိယမှာ ကျားကောင်ရေ ပြန်တိုးလာဖို့ ဒီနှစ်နည်းလုံး လိုအပ်ကြောင်း လေ့လာချက်က တွေ့ရှိခဲ့ပါတယ်။ နှစ်နည်းလုံးက သူ့နည်းနဲ့သူ အရေးပါလို့ ဖြစ်ပါတယ်။

တခြားဘက်မှာတော့ အိန္ဒိယမှာ လူနဲ့ တောရိုင်းသဘာဝကြားက ပဋိပက္ခတိုးလာမှုနဲ့ လုံးပန်းနေရပြီး ကျားကိုက်လို့ သေဆုံးမှုတွေ ရှိနေပါတယ်။ ကျားကောင်ရေ တိုးလာလို့ ဒါတွေ ပိုဆိုးလာနိုင်သလား။

နှစ်စဉ် ကျားကိုက်လို့ သေသူ ၃၅ ယောက် ရှိပြီး ကျားသစ်နဲ့ တောဝက်ကြောင့် သေသူက ၁၅၀ စီ ရှိကြောင်း မစ္စတာ ဂျာလာက ပြောပါတယ်။ နောက်ပြီး မြွေကိုက်လို့ လူ ငါးသောင်း နှစ်တိုင်း သေနေသလို ကားတိုက်မှုကြောင့် သေသူက တသိန်းခွဲလောက် ရှိတယ်လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀၀ တုန်းက တောကောင်တွေကြောင့် လူသေဆုံးမှုက သေရိုးသေစဉ်လို ဖြစ်နေခဲ့ပြီး ခုတော့ သတင်းခေါင်းစီးတွေမှာ ပါလာတတ်တဲ့ ဖြစ်ရပ်အထူးအဆန်းလို ဖြစ်လာနေပါတယ်။ တကယ်က ကျားဘေးမဲ့တောထဲမှာတောင် ကျားကြောင့်ထက် ကားကြောင့် ပိုသေနိုင်ပါတယ်လို့ ဂျာလာက ပြောပါတယ်။

အိန္ဒိယ ကျားထိန်းသိမ်းရေးတောထဲက ခရီးသည်တင်ကား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယ ကျားထိန်းသိမ်းရေးတောထဲက ခရီးသည်တင်ကား