နှိပ်စက်ခံ ဆင်တွေကို ကယ်တင်နေတဲ့ အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, Sangita Iyer
- ရေးသားသူ, ဆွာမိနက်သန် နာတာရာဂျန်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှားဌာန
အိန္ဒိယနိုင်ငံ ကာရာလာပြည်နယ်မှာမွေးဖွားခဲ့ပြီး အခုတော့ ကနေဒါက တိုရွန်တိုမြို့မှာ နေသူ စန်ဂီတာ အိုင်ရာက သူ့ဘာသာသူခံယူထားတဲ့ တာဝန်တခုကို လုပ်နေပါတယ်။
သူငယ်စဉ်အခါက အခမ်းအနားတွေမှာ ဆင်တွေကို အလှဆင်ပြီး စီတန်းလှည့်လည်ပြတာကို "အိုး.. ကြည့်ရတာ လှလိုက်တာ"လို့ ခံစားခဲ့ရဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒီဆင်တွေ ခံစားရတဲ့ ဒုက္ခကို သိလာရပါတော့တယ်။
"ဆင်တွေအများအပြားရဲ့ တင်ပါးတွေမှာ ဆိုးဝါးလှတဲ့အနာတွေ၊ သူတို့ လက်တွေ၊ ခြေတွေက အဆစ်တွေမှာလည်း ဘုကြီးတွေ၊ သွေးတွေ စီးကျနေတာတွေ တွေ့ရတယ်၊ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ သူတို့ကို ချည်ထားတဲ့ သံကြိုးတွေက သူတို့ အသားတွေကို လှီးဖြတ်နေကြတာလေ။ ဆင်အတော်များများက မျက်စိလည်း မမြင်ရတော့ဘူး" လို့ မှတ်တမ်းဗီဒီယိုရိုက်ကူးတာတွေ လုပ်နေတဲ့ အိုင်ရာက ဘီဘီစီကို ပြောပါတယ်။
အိန္ဒိယမှာ သူတွေ့ခဲ့ရတဲ့ နတ်ဘုရားကျောင်းကဆင်တွေ အပေါ်ပြုမူနေကြတာတွေကို အများသူငါ သတိထားမိအောင် ကြိုးစားတဲ့အနေနဲ့ သူက "သံခြေချင်းခတ်ခံရတဲ့ နတ်ဘုရားတွေ (Gods in Shackles)" မှတ်တမ်းတင် ဗီဒီယိုကို သူရိုက်ခဲ့ပါတယ်။
"သူတို့ဟာ တကယ့်ကို ကူညီမယ့်သူမဲ့နေတာပါ၊ သံကြိုးတွေကလည်း လေးလံလှပါတယ်" လို့ သူက ပြောပါတယ်။
"အဲဒါတွေကို တွေ့ရတာ ကျွန်မအဖို့ သိပ်ကို စိတ်ထိခိုက် ဝမ်းနည်းမိတယ်။"

ဓာတ်ပုံ ရင်းမြစ်, Sangita Iyer
ရှေးအစဉ်အလာ တခု
ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရှေးရိုးအစဉ်အလာတွေက ဆင်တွေကို ဂုဏ်ဒြပ်ရှိတဲ့ အဆင့်နေရာတခုမှာ ရှိတယ်လို့ သတ်မှတ်ပေးထားပါတယ်။ ရာစုနှစ်ပေါင်းများစွာ နတ်ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးဆိုင်ရာပွဲတော်တွေမှာ ဆင်တွေကို အရေးကြီး အထူးအမြတ်ထားတဲ့ တာဝန်တွေကိုပေးလေ့ရှိကြပါတယ်။ တချို့ ဆင်တွေရဲ့ ဂုဏ်သတင်းဟာ သူတို့ ဆုံးပါးသွားပြီးနောက်ပိုင်းမှာလည်း ကျော်ကြားပြီး ကျန်ခဲ့ကြပါတယ်။
ကာရာလာပြည်နယ်က နာမည်ကျော် ဂုရုဝေရ ဘုရားကျောင်းနားမှာ အများက ချစ်ခင်လှပြီး ကဆာဗန်လို့ အမည်ရတဲ့ ဆင် အတွက် ရည်ရွယ်ထုလုပ်ထားတဲ့ အဲဒီ့ ဆင်နဲ့ အရွယ်တူ အင်္ဂတေဆင်ရုပ်တုရှိပါတယ်။
သူ့အစွယ်တွေနဲ့ ကျောင်းအဝင်ဝမုခ်ဦးကို တန်ဆာဆင်ထားပါတယ်။ ကဆာဗန်ဟာ ၁၉၇၆ ခုနှစ် အသက် ၇၂ အရွယ် သူသေခါနီးမှာ ကျောင်းကို တပတ်ပြည့်အောင် လှည့်ပတ်ဝတ်ပြုပြီးမှ လဲကျသေဆုံးသွားတာလို့ ဆိုကြပါတယ်။
သူ့လောက် နာမည်မကျော်ပေမယ့် ဘုရားကျောင်းဆင်တွေ သေဆုံးကြတဲ့အခါ လူတွေများစွာ လာစုရုံးကြပြီး သူတို့အတွက် ဝမ်းနည်းပူဆွေးကြောင်း ပြသကြလေ့ရှိပါတယ်။
"သူတို့က ဆင်တွေကို သေသည့်တိုင်အောင် နှိပ်စက်တယ်၊ သေလည်းသွားရော မီးပူဇော်တာတွေလုပ်၊ ဟန်ဆောင်မျက်ရည်ကျပြကြနဲ့ တကယ့်ကို ဆင်တွေအတွက် သူတို့ စိတ်မကောင်းတဲ့ပုံ လုပ်ကြတယ်" လို့ အိုင်ရာက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယက ဘုရားကျောင်းတွေမှာ ဘာသာရေးအခမ်းအနားတွေအတွက် ဆင်တွေကို အသုံးပြုကြလေ့ ရှိပြီး အဲဒီ အတွက် ဖမ်းထားတဲ့ ဆင်တွေကလည်း ကာရာလာပြည်နယ် တဝန်းမှာ အတော်များပါတယ်။ ဆင်ကျုံးတွေထဲမှာ နေရတဲ့ ဆင်တွေ တနိုင်ငံလုံးမှာ ကောင်ရေ ၂, ၅၀၀ လောက်ရှိပြီး ကာရာလာမှာ ၅ ပုံ ၁ ပုံ ရှိပါတယ်။
ဒီဆင်တွေကို ဘုရားကျောင်းတွေက ပိုင်တာရှိသလို၊ လူပုဂ္ဂိုလ်တွေက သီးသန့်ပိုင်တာတွေလည်း ရှိပါတယ်။ ဂုရုဝေရ ကျောင်းတော်တခုတည်းတင် ဆင်ကောင်ရေ ၅၀ ကျော် ပိုင်ဆိုင်ပါတယ်။
အမြတ်အစွန်းများတဲ့ စီးပွားရေး
ဘာသာရေးပွဲတော်သုံး ဆင်တွေက သူတို့ပိုင်ရှင်တွေ အတွက် ငွေအမြောက်အမြားရှာပေးပါတယ်။ ပွဲတော် တခုဆိုရင် တချို့ဆင်တွေက ဒေါ်လာ ၁၀, ၀၀၀ ကျော်အထိတောင် ရှာပေးနိုင်တယ်လို့ အိုင်ရာက ပြောပါတယ်။
ပွဲတော် စီစဉ်သူတွေ၊ ဒေသခံ ဆိုင်ပိုင်ရှင်တွေ၊ အိမ်ရာခြံမြေပိုင်သူတွေက ဒီငွေတွေကို ပေးကြတာပါ။
ဒီပွဲတော်သုံးဆင် စီးပွားရေးလုပ်ငန်းမှာ နာမည်အကြီးဆုံး ဆင်တွေထဲ သီချီကုတ်တူကာဗူ ရာမာချန်ဒရာ ဆိုတဲ့ ဆင်က အာရှမှာ ဖမ်းထားတဲ့ဆင်တွေထဲ အရပ်အမြင့်ဆုံးဆင်ပါ။
ရာမာချန်ဒရာဟာ အခု အသက် ၅၆ နှစ်ရှိပြီး မျက်စိလည်း သိပ်မမြင်ရတော့ပါဘူး။ သရဇ္ဇမြို့မှာ ဆင်တွေ ပွဲတော်လှည့်ရင် သူက လူတွေကို အဆွဲဆောင်နိုင်ဆုံးပါ။
စိတ်ဖိစီးမှုတွေများလို့ ထင်ပါတယ်၊ ဒီဆင် ပွဲထဲမှာ ထိန်းမရဘဲ ကြောက်လန့်တကြား ထွက်ပြေးတာ ခဏခဏပါ။ မနှစ်ကလည်း အဲဒီလိုဖြစ်ပြီး လူ ၂ ယောက် သူ့ကြောင့် သေသွားရပါတယ်။ ဒီအရေးကြောင့် ဒေသဆိုင်ရာ အာဏာပိုင်တွေက ပွဲတော်အတွက် ဆင်တွေကို မသုံးကြဖို့ တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြတာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် သုံးခွင့်ပြန်ပေးခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sangita Iyer
ဟိန္ဒူဘာသာကိုးကွယ်သူလို့ ဆိုတဲ့ အိုင်ရာဟာ ကနေဒါမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်သူ တယောက်ပါ။ ၂၀၁၃ က သူ အိန္ဒိယကို အလည်ပြန်တဲ့ ခရီးစဉ်အတွင်း ပွဲတော်သုံးဆင်တွေကို အခမ်းအနားဆိုင်ရာ အဆင်တန်ဆာတွေ၊ ခြုံထည်တွေ မပါဘဲ သူ ပထဆုံးအကြိမ်အဖြစ် တွေ့လိုက်ရပါတယ်။
"ဒီတိရစ္ဆာန်တွေဟာ သံချွန်တွေ၊ သံဆူးကြိုးတွေ၊ သံဆူးတပ်ထားတဲ့ တုတ်တံတွေနဲ့ နှိပ်စက်တာကို ခံကြရတယ်၊ အဲဒီ သံချွန်တွေနဲ့ သူတို့ အဆစ်နေရာတွေကို ထိုးခံရပြီး သိပ်ကို နာကျင်တဲ့ ဒဏ်ကို ခံရတာ" လို့ သူက ပြောပါတယ်။
ရာမာဘာဒရန်လို့ ခေါ်တဲ့ ဆင်ထီး တကောင်ခံစားနေရတဲ့ ဝေဒနာက ဆိုးလှတဲ့အတွက် အိန္ဒိယ တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေး ဘုတ်အဖွဲ့ (Animal Welfare Board of India) က ဆင်ကို သက်ညှာတဲ့အနေနဲ့ သတ်ပစ်လိုက်ပါလို့ ညွှန်ကြားရတဲ့အထိ ဖြစ်ခဲ့ပါတယ်၊ ဒါပေမဲ့ ဆင်ဟာ သေတဲ့ အထိ ဘာသာရေးဘုရားကျောင်းပွဲတော်တွေမှာ အသုံးချတာခံခဲ့ရပါတယ်။
"ရေကန်ထဲမှာ သူ့ရဲ့ အကြောသေနေတဲ့ နှာမောင်းကို ချထားပြီး နှာမောင်းကို မလှုပ်နိုင်ဘူး၊ ရေကို သူ့နှာမောင်းနဲ့ ကဲ့ပက်ယူပြီးတောင် သူမသောက်နိုင်ဘူး၊ တွေ့ရတာ ဘယ်လောက် ကြေကွဲစရာကောင်းလိုက်လဲ ဆိုတာ" လို့ အိုင်ရာက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sangita Iyer
ဆင်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို သေသေချာချာ သိပ္ပံနည်းကျလေ့လာခွင့် ကိုလည်း ဘုရားကျောင်း အာဏာပိုင်တွေက ကန့်သတ်ချက်တွေ လုပ်ပြီး တားမြစ်ထားကြောင်း လေ့လာကျွမ်းကျင်သူတွေက ဆိုပါတယ်။
အာရှဆင်တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တယောက်ဖြစ်တဲ့ ဒေါက်တာ ရာမာ ဆွတ်ကူးမား (Indian Institute of Science) က "ဆင်တကောင်ကို ထားဖို့အတွက် ဘုရားကျောင်းဟာ သင့်တော် ကောင်းမွန်တဲ့ နေရာမဟုတ်ပါဘူး"က ပြောပါတယ်။
"ဆင်ဆိုတာက အပေါင်းအဖော်၊ အသိုင်းအဝိုင်းကို အင်မတန်ခုံမင်တဲ့ သတ္တဝါပါ။ သူတို့ အသိုင်းအဝိုင်း အုပ်စုကြားမှာ ထားရမှာပါ။ တမီလ် နာဒူးက ဘုရားကျောင်းတွေမှာ ဆင်မတွေကို ထိန်းသိမ်းထားတာ၊ ဆင်ထီးတွေကို ကာရာလာက ဘုရားကျောင်းတွေမှာ ထားတာ၊ အဲဒီလိုမျိုး ဆင်တွေကို သီးခြားခွဲမထားသင့်ပါဘူး" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sangita Iyer
အာရှဆင်တွေမှာ ဆင်ထီးတွေကသာ အစွယ်ရှိပြီး အဲဒီလို ဆင်တွေကိုမှ ကာရာလာက ဘုရားကျောင်း အာဏာပိုင်တွေက နှစ်သက်ပါတယ်။ အိန္ဒိယတောင်ပိုင်းပြည်နယ်တွေ ကတော့ ဆင်မ တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုပါတယ်။
၂၀၁၄ မှာ အဖမ်းခံထားတဲ့တဲ့ ဆင်မတကောင်ကို သူတွေ့လိုက်ရတဲ့အခိုက် သူ့အာရုံကိုတခါတည်း ဖမ်းစားသွားတယ်လို့ အိုင်ရာက ပြောပါတယ်။
"လက်ချမီးကို တွေ့တွေ့ချင်းပဲ တခါတည်း ချစ်သွားမိတာ။"
"သူ့လည်ပင်းအောက်ကို ကျွန်မလက်နဲ့ ပွတ်သပ်ပေးတယ်၊ သူ့ ရင်ပတ်တွေကို ပွတ်သပ်ပေးတယ်၊ အဲဒီလို လုပ်ပေးလိုက်တာနဲ့ ကျွန်မလက်ကို သူက နှာမောင်းနဲ့ ထိုးပြီးနမ်းရှူကြည့်တယ်၊ သူတို့က အနံ့ကို သိပ်အာရုံခံတတ်တာလေ။"
အိုင်ရာက လက်ချမီးကို ရေနဲ့ဖြန်းပေးတယ်၊ နာနတ်သီးနဲ့ ငှက်ပျောသီးတွေကျွေးတယ်။ နောက်တနှစ်အကြာ လက်ချမီးကို ထပ်တွေ့ရတဲ့အခါမှာတော့ သူ သိပ်ကို ထိတ်လန့်တုန်လှုပ်သွားပါတယ်။
"သူ့မျက်လုံးတွေကနေ မျက်ရည်တွေ စို့ပြီး ကျနေတာကို တွေ့ရတာ သိပ်ကို ကြေကွဲစရာပါ၊ သူ့ နှာမောင်းထိပ်လေးတွေနဲ့ သူ တကိုယ်လုံးကို ပွတ်နေတယ်၊ အဲဒီ နှာမောင်းထိပ်လေးနဲ့ပဲ သူ သူ့ဘာသာသူ နှိပ်နယ်နေတာ တွေ့ရတယ်လေ" လို့ အိုင်ရာက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ့ရဲ့ ဆင်ထိန်း ခွင့်မပြုဘဲ အစာကို လက်ချမီးက သူ့ဘာသာသူဆွဲယူစားခဲ့ပုံရပါတယ်၊ အဲဒီနောက်မှာတော့ ဒေါသနဲ့ ဆင်ထိန်းက ဆင်ကို အကြင်နာမဲ့ ပြုမူခဲ့ပါတယ်။ သံချွန်ချက်တွေ ထဲက တချက်က လက်ချမီးရဲ့ မျက်လုံးကို ထိပြီး မျက်စိတဖက် မမြင်ရတော့ပါဘူး။
ဆင်ထိန်းက သူ့အမိန့်ကို နာခံဖို့ ရည်ရွယ်ချက်နဲ့ ရက်စက်တဲ့ လေ့ကျင့်မှုတွေကို လုပ်ဖို့ ဆင်မကို ကျောင်းတော်ပြင်ပကို ခေါ်ထုတ်သွားခဲ့ပါတယ်။
"သူတို့ ဆင်ကို ကြိုးတုပ်ပြီး ၇၂ နာရီလောက် ကြာအောင် ရိုက်ကြပါတယ်၊ ဆင်ထိန်းပြောသမျှ သူမလိုက်မနာမချင်း၊ သူ မကျိုးမနွံမချင်း လုပ်ကြတာပါ" လို့ အိုင်ရာက ပြောပါတယ်။
"ဆင်တွေ အတော်များများက အရိုးပေါ် အရေတင်ပဲ။"

ဓာတ်ပုံ ရင်းမြစ်, Sangita Iyer
ပွဲတော်သုံး ဆင်တွေအနားပေးနိုင်အောင်၊ ကျန်းမာရေးစစ်ဆေးတာတွေ လုပ်နိုင်အောင်အတွက် တမီလ်နာဒူးနဲ့ ကာရာလာပြည်နယ်တွေအတွင်းမှာ ဆင်ပြုစုရေးစခန်းတွေကို အာဏာပိုင်တွေက စီစဉ်လုပ်ဆောင်နေပါတယ်။
ဒေါက်တာ ဆွတ်ကူးမားက "ဆင်တွေရဲ့ ကောင်းကျိုးချမ်းသာရရေး အာမခံစေမယ့် ဝန်းကျင်အနေအထားကို လုံလောက်အောင်ဖန်တီးပြီး စီစဉ်နေကြရာမှာ အဲဒီ ဆိုင်ရာ ပြည်နယ်က ဘုရားကျောင်းတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်" လို့ ပြောပါတယ်။
ကာရာလာပြည်နယ်အစိုးရက ဖမ်းဆီးထားတဲ့ ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ လိုက်နာရမယ့် စည်းမျဉ်းတွေကို သူတို့ ပိုအားကောင်းအောင်လုပ်မယ်လို့ မနှစ်က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ တိုးတက်မှုတွေက နှေးကွေးနေဆဲပါ။ ရှိနေတဲ့ စည်းမျဉ်းတွေကို တကယ်လိုက်နာအောင်တောင် လုပ်နေကြတာမဟုတ်ဘူးလို့ လှုပ်ရှားတက်ကြွသူတွေက ပြောပါတယ်။
အိုင်ရာက ဘုရားကျောင်းတော် အာဏာပိုင်တွေက အပြောင်းအလဲလုပ်ဖို့ တွန့်ဆုတ်နေကြတယ်လို့ ဆိုပါတယ်။
"တချို့က ဒါတွေဖြစ်မနေပါဘူးလို့ ခါးခါးသီးသီး ငြင်းကြတယ်" လို့ အိုင်ရာကပြောပါတယ်။
"ကျွန်တော်တို့တတွေ မှားနေတာကို လက်ခံတယ်၊ အမှားကို ပြင်ဖို့ ဆန္ဒရှိတယ်လို့ ပြောရမှာထက် ငြင်းလိုက်တာက ပိုလွယ်တယ်လေ။"








