ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၁၄ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ်- ကလောမှာ လူ ၁၀၀ ကျော် ရုပ်အလောင်းတွေ့၊ ၂၀၀ ကျော် ပျောက်ဆုံးနေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မှာ ရေကြီးပြီး မြေပြိုတာတွေကြောင့် သေဆုံးသူ အယောက် ၁၀၀ ကျော်ရှိနေပြီး လူ ၂၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ဘီဘီစီ ကို အတည်ပြုပြောပါတယ်။
“သေဆုံးသူ ၁၀၀ ကျော်ရဲ့ ရုပ်အလောင်းတွေကို ရထားပြီးပြီ။ ပျောက်နေတဲ့သူတွေကို ဆက်ရှာနေကြတယ်။ သေဆုံးတဲ့အထဲမှာ လသားအရွယ်ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့အဖိုးအဖွားတွေပါတယ်’’ လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
ရေကြီးပြီးမြေပြိုတဲ့ ဒဏ်ကို ရပ်ကွက် (၂)၊ (၃) နဲ့ (၄) နေရာတွေမှာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတာဖြစ်ပြီး တောင်အောက်တွေမှာ နေတဲ့သူတွေရဲ့ အိမ်တွေပေါ်ကို မြေကြီးတွေပိပြီး သေဆုံးခဲ့ရတာ တွေလည်း ရှိတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ကလောမြို့ပေါ်မှာ ရေပြန်ကျသွားပြီး မြို့ပေါ်ကလမ်းတွေ ရှင်းတာတွေ၊ မြေကြီးထဲ မြုပ်နေတဲ့ ကားတွေပြန်ဖော်တာတွေ လုပ်နေတယ်လို့လည်း ကလောမြို့ခံတွေက ပြောပါတယ်။
“မြို့ပျက်ကြီးတစ်ခုလိုဖြစ်သွားတာ။ လျှပ်စစ်မီးတွေနဲ့ အင်တာနက်လိုင်းတွေပြတ်တောက်နေတယ်။ ဖုန်းဆိုရင် MPT ဖုန်းလိုင်းပဲမိတယ်” လို့ ကလောမြို့ခံ တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
ဒါအပြင် အစားအသောက်၊ အနွေးထည်၊ ခြုံထည်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
‘’တောင်တွေပြိုလို့ ကားတွေလာလို့မရဘူး’’ လို့ ကလောမြို့ခံတစ်ဦးက ပြောပါတယ်။
ကလောမြို့ ဟာ လှပတဲ့ မြို့တစ်မြို့အနေနဲ့ ထင်ရှားပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွား အများစုသွားရောက် လည်ပတ်ကြတဲ့မြို့လည်းဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ရေဘေးကြောင့် သေဆုံးသူ ၃၃ ဦးအထိ ရှိတယ်လို့ စက်တင်ဘာလ ၁၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပြီး ရမည်းသင်းက ပျောက်ဆုံးစာရင်းကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ရေဘေးဒုက္ခရောက်တဲ့ နေရာတွေထဲမှာ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ဟာလည်း အဆိုးဝါးဆုံး ခံစားခဲ့ရပြီး လူရာဂဏန်းအထိ သေဆုံးတာတွေ ဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံရဲ့ မြို့နယ် ၃၄ ခုက ရေဘေးသင့်သူ နှစ်သိန်းသုံးသောင်းကျော်ကို ရေဘေးကယ်ဆယ်ရေး စခန်း ၁၈၇ ခုကိုပြောင်းရွှေ့ပေးထားတယ် လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
မြန်မာနယ်စပ်အထိ ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်
ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဟာ ရေဘေးဒဏ် အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား(၁) ပေါ်ကို စက်တင်ဘာလ ၁၃ ရက် က သွားရောက် ခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်မတော် ပြောရေးဆိုခွင့်ရှိသူရုံးက ထုတ်ပြန်ပါတယ်။
ဝန်ကြီးချုပ် ပေထုန်တန် ဟာ ချစ်ကြည်ရေးတံတားရဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာန နဲ့ ရေဘေးသင့်နေရာတွေကိုသွားရောက်ခဲ့ပြီး ရေဘေးသင့်ထိုင်းပြည်သူတွေကို အသုံးအဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
ဒါအပြင် ရေဘေးသင့်ပြည်သူတွေကို အမြန်ဆုံးနေရာချထားဖို့နဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို အနီးကပ် စောင့်ကြည့်ဖို့ကိုလည်း ချင်းရိုင်မြို့မှာလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ ထိုင်းအစိုးရရုံး က ထုတ်ပြန်ထားပါတယ်။
ထိုင်းအစိုးရဟာ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ အပါအဝင် ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ ထိုင်းတော်ဝင်တပ်မတော်က အထူးတပ်ဖွဲ့ဝင်တွေကို စေလွှတ်ထားတာလည်းဖြစ်ပါတယ်။
ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံတာတွေကြုံနေရတဲ့ မြန်မာနိုင်ငံမှာလည်း စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကစလို့ မြို့နယ် ၃၄ ခုမှာ ရေကြီးခဲ့တာဖြစ်ပြီး ရေဘေးသင့်သူ နှစ်သိန်းသုံးသောင်းကျော်အထိ ရှိနေပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လည်း စက်တင်ဘာလ ၁၃ ရက် က နေပြည်တော် နဲ့အနီးတဝိုက်မှာ ရေကြီးနေတဲ့အခြေအနေကို သွားရောက်ကြည့်ရှုပါတယ်။
မြန်မာ့ရေဘေး နိုင်ငံတကာ အထောက်အပံ့ရအောင်လုပ်ဖို့ စစ်ခေါင်းဆောင်ပြော
ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံတာတွေကြုံနေရတဲ့ တခြားနိုင်ငံတွေလိုမျိုး နိုင်ငံတကာ အထောက်အပံ့တွေရအောင် အမြန်ဆုံးချိတ်ဆက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မနေ့က ပြောပါတယ်။
ပြည်ပနိုင်ငံတွေဆီက ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အမြန်ဆုံးရအောင် လုပ်ပြီး ရေဘေးသင့်ပြည်သူတွေဆီ အမြန်ဆုံးထောက်ပံ့ပေးနိုင်ဖို့ လိုတယ်လို့ စက်တင်ဘာလ ၁၃ ရက် က နေပြည်တော် မှာ ရေကြီးနေတဲ့အခြေအနေကို သွားရောက်ချိန်မှာ စစ်ခေါင်းဆောင် က ပြောခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ မြို့နယ် ၃၄ ခုက ရေဘေးသင့်သူ နှစ်သိန်းသုံးသောင်းကျော်ကို ရေဘေးကယ်ဆယ်ရေးစခန်း ၁၈၇ ခုကိုပြောင်းရွှေ့ပေးထားတယ် လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
ရေဘေးဒုက္ခရောက်တဲ့ နေရာတွေထဲမှာ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ဟာ အဆိုးဝါးဆုံးခံစားခဲ့ရပြီး လူရာဂဏန်းအထိ သေဆုံးတာတွေ ဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
စစ်ကောင်စီကတော့ ရေဘေးကြောင့် သေဆုံးသူ ၃၃ ဦးအထိ ရှိတယ်လို့ စက်တင်ဘာလ ၁၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပြီး ရမည်းသင်းက ပျောက်ဆုံးစာရင်းကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်တဲ့နေရာမှာ လူအင်အားလုံလောက်မှုရှိပေမဲ့ စက်လှေ မလုံလောက်လို့ ကူညီကယ်ဆယ်ရေးတွေ နှောင့်နှေးနေတယ်လို့လည်း လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။
စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၅ ပေကျော်မြင့်တက်နေသလို ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်မှာဆက်ရှိနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ဒီကနေ့ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂိနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်တို့ရဲ့ အရှိန်ကြောင့် စက်တင်ဘာလ(၁၀)ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ မိုးအဆက် မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံတာတွေ ဖြစ်ပေါ် ခဲ့လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ဘေးရှောင်တွေရဲ့ အဖိုးတန်ပစ္စည်းတွေကို ယူထားတဲ့တပ်ဖွဲ့ဝင်တွေကို အရေးယူမယ် လို့ အေအေပြော
အာရက္ခတပ်တော်(AA) ရဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်းမှာ အရပ်သားတွေကျန်ရစ်ခဲ့တဲ့ ရွှေ၊ငွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ယူထားတဲ့ အကျင့်ပျက်တပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကို အပြစ်ပေး အရေးယူမယ်လို့ အေအေက ထုတ်ပြန်ပါတယ်။
AA အနေနဲ့ တိုက်ပွဲတွေအတွင်း လိုက်နာကျင့်သုံးရမဲ့ စစ်သည်တော်ကျင့်ဝတ်နဲ့ ပြည်သူတွေရဲ့ အသက် အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်ဖို့ တိတိကျကျ ပြဋ္ဌာန်းညွှန်ကြားထားပြီးသားလို့လည်း AA က ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲတွေအတွင်းနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံပြည်သူတချို့ ရဲ့ ရွှေ၊ ငွေ၊ လက်ဝတ် ရတနာတွေ ပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီး ကာယကံရှင်တွေရဲ့ တိုင်တန်းချက်တွေရှိခဲ့တယ်လို့လည်း AA က ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ပစ္စည်းတွေကို ရှာဖွေပြီး မူလပိုင်ရှင်တွေလက်ထဲပြန်ထည့်ပေးခဲ့သလို ပျောက်ဆုံးနေသေး တဲ့ ပစ္စည်းတွေကိုလည်း ဆက်ရှာဖွေနေတယ်လို့လည်း AA က ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း အရပ်သားတွေရဲ့ စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကို အပ်နှံဖို့နဲ့ အလွဲသုံးစားလုပ်ထားသူတွေကို အပြစ်ပေး အရေးယူမယ်လို့လည်း AA က သတိပေးထားပါတယ်။
မြို့တွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ပေါက်တော၊ ရမ်းဗြဲ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့ တိုက်ပွဲကာလတွေ အတွင်းမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ လူနေအဆောက်အဦတွေ အပျက်အစီးပိုများခဲ့တယ်လို့လည်း AA က ပြောပါတယ်။
အာရက္ခတပ်တော်(AA ) ဟာ သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ မောင်တောမြို့၊ တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေအပါအဝင် လက်ကျန်မြို့တွေ အားလုံးသိမ်းပိုက်နိုင်ရေး အတွက် စစ်ကောင်စီ ကို ထိုးစစ်ဆင်သွားမယ်လို့လည်း AA က ထုတ်ပြန်ပါတယ်။
နောင်ချို နဲ့ လားရှိုးမှာ စစ်ကောင်စီ ဗုံးထပ်ကြဲ
မြောက်ပိုင်းမဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး နဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက မနေ့က လေကြောင်းကနေ ဗုံးထပ်ကြဲခဲ့တယ်လို့ တအာင်းတပ် TNLA နဲ့ ဒေသခံတွေထံကသိရပါတယ်။
စက်တင်ဘာလ (၁၃)ရက် နေ့လယ်ပိုင်းက လေကြောင်းကနေ ဗုံးလာကြဲခဲ့တာ ၁၃ လုံးအထိ ရှိခဲ့ပြီး နောင်ချိုရဲစခန်းဝန်းထဲနဲ့ လူနေရပ်ကွက်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းမှာလည်း လားရှိုးမြို့နယ်ထဲက နမ့်ပေါင်ကျေးရွာကို စစ်ကောင်စီတပ်ကလေကြာင်းကနေ ဗုံးကြဲခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ TNLA ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့ တွေကို ဗုံးဆက်တိုက်ကျဲနေတယ်လို့လည်း TNLA က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့တုန်းကလည်း နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးလာကျဲလို့ အရပ်သား (၁၁)ဦး သေဆုံးခဲ့ပြီး၊လူ (၁၁)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။
နောင်ချိုမြို့နယ် စစ်ကောင်စီ အမြောက်တပ် (၃၅၄)တပ်စခန်းနားမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ် က ဟောင်၀စ်ဇာလက်နက်ကြီးတွေနဲ့ပစ်နေတယ်လို့လည်း TNLA က စက်တင်ဘာ ၁၃ ရက်စွဲ နဲ့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာနားမှာ နောင်ချိုမြို့ ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့လည်း တိုက်ပွဲဖြစ်နေတယ်လို့ TNLA က ပြောပါတယ်။
တောင်ငူ မှာ ရေကြီးလို့ ပိတ်မိနေသူ ၃၀၀ ကျော်ရှိနေ
တောင်ငူမြို့၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ညောင်ပင်သာနဲ့သာယာကုန်းရွာချင်းဆက်လမ်း တာဘောင် ပေါ်မှာ ရေကြီးလို့ ပိတ်မိနေသူ ၃၀၀ ကျော်ရှိနေတယ်လို့ ရေဘေးကူညီရေးလုပ်နေသူတွေက ဘီဘီစီ ကို စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက ပြောပါတယ်။
“မနေ့ညထဲက ပိတ်မိနေတာ လူ ၃၀၀ ကျော်တယ်။ ရေကလည်း တစ်ပေလောက်ထပ်တက်လာတယ်။ ကျွန်တော်တို့ သွားကယ်ဖို့ စက်လှေမလုံမလောက်ဖြစ်နေတယ်” လို့ တောင်ငူမြို့ခံ ရေဘေးကယ်ဆယ်ရေး လုပ်နေသူ တစ်ဦး က ပြောပါတယ်။
တောင်ငူမြို့ စစ်တောင်းမြစ် အနောက်ဘက်ကမ်းမှာလည်း ရေကြီးနေပြီး လူသေဆုံးမှုတွေပါရှိနေတယ် လို့ လည်း ပြောပါတယ်။
တောင်ငူမြို့ပေါ်က မြေအနိမ့်ပိုင်းတွေမှာ ရေကြီးနေပြီး မြင့်တဲ့နေရာတွေမှာတော့ ရေ မရောက်သေးဘူးလို့လည်း ဆိုပါတယ်။
စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၅ ပေကျော်မြင့်တက်နေသလို ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်မှာဆက်ရှိနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ဒီကနေ့ မနက်ပိုင်းက ထုတ်ပြန် ထားပါတယ်။
ဒါအပြင် သံလွင်မြစ်ရေဟာလည်း ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်မှာ ရှိနေတယ်လို့လည်း မိုးဇလဌာန က ပြောပါတယ်။
စစ်တောင်းမြစ်ရေကြီးတာဟာ တောင်ငူမြို့အောက်ဘက်နဲ့ ရွှေကျင်မြို့အထက်နားက နတ်သံကွင်းရွာ ဘက်မှာ အဆိုးဆုံးအခြေအနေရောက်နေတယ်လို့ နိုင်ငံတကာမြစ်ရေကြီးမှုထုတ်ပြန်ချက်တွေကို ကိုးကားပြီး ရာသီဥတုနဲ့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင် က သတိပေးထားပါတယ်။
မြို့နယ် ၃၄ ခုက ရေဘေးသင့်သူ နှစ်သိန်းသုံးသောင်းကျော်ကို ရေဘေးကယ်ဆယ်ရေးစခန်း ၁၈၇ ခုကိုပြောင်းရွှေ့ပေးထားတယ် လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က မနေ့ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။