ချိုးဖောက်မှုစွပ်စွဲချက်ရှိပေမဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား အပစ်ရပ်မှု ဆက်ရှိနေ

အိန္ဒိယ ကာကွယ်ရေး ဌာန အရာရှိတွေရဲ့ သတင်းစာ ရှင်းလင်းပွဲကို နယူးဒေလီမှာ ကျင်းပ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အိန္ဒိယ ကာကွယ်ရေး ဌာန အရာရှိတွေရဲ့ သတင်းစာ ရှင်းလင်းပွဲကို နယူးဒေလီမှာ ကျင်းပ

အပစ်ရပ် သဘောတူညီချက်ရရှိပြီး နာရီပိုင်းအကြာမှာပဲ ''ချိုးဖောက်မှုတွေ''ရှိနေတယ်လို့ တစ်ဖက်နဲ့ တစ်ဖက် စွပ်စွဲခဲ့ကြပေမဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကြား အပစ်ရပ်သဘောတူညီချက်ဟာ ဆက်ပြီး အသက်ဝင်နေတယ်လို့ နားလည်ရပါတယ်။

လေးရက်ကြာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေအပြီး အမေရိကန်ကြားဝင် စေ့စပ်မှုကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်တို့ အပစ်ရပ်ခဲ့ကြတာပါ။

ဆယ်စုနှစ်တွေအတွင်း နှစ်နိုင်ငံကြား အဆိုးဆုံး စစ်ရေးရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ လက်နက်ကြီးတွေ သုံးပြီး တိုက်ခိုက်ခဲ့ကြတာပါ။

ဒီသဘောတူညီချက်သာမရဘူးဆိုရင် လူတွေ သန်းချီ သေကြေကုန်ကြမှာလို့ဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အိန္ဒိယနဲ့ ပါကစ္စတန်ခေါင်းဆောင်တွေကို ချီးကျူးစကား အသစ်ပြောလိုက်ပါတယ်။

အပစ်ရပ်ချိုးဖောက်မှုတွေရှိတယ်လို့ နှစ်ဖက် စွပ်စွဲချက်နဲ့အတူ အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသထဲမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရအပြီးမှာပဲ သမ္မတ ထရမ့်ရဲ့ ပြောဆိုချက် ထွက်လာတာပါ။

တောင်အာရှ စည်းလုံးညီညွတ်ရေး အုပ်စုက စစ်ရပ်စဲရေးအတွက် လန်ဒန်မှာ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, တောင်အာရှ စည်းလုံးညီညွတ်ရေး အုပ်စုက စစ်ရပ်စဲရေးအတွက် လန်ဒန်မှာ ဆန္ဒပြ

အမေရိကန် ကြားဝင်ပေးမှုနဲ့ ညလုံးပေါက် ဆွေးနွေးကြပြီးနောက် ဒီလို သဘောတူခဲ့ကြကြောင်း သမ္မတ ထရမ့်က အစောပိုင်းက ပြောထားပါတယ်။

နှစ်ဘက်စလုံး ဉာဏ်သုံးပြီး စဉ်းစားဆင်ခြင်မှု ကြီးကြီး သုံးကြတယ်လို့လည်း သူက ချီးကျူးခဲ့ပါတယ်။

ပါကစ္စတန်နဲ့ တနင်္လာနေ့မှာ ထပ်မံ တွေ့ဆုံဖို့ သဘောတူခဲ့တယ်လို့ အိန္ဒိယဘက်က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပိုကျယ်ပြန်တဲ့ အရေးကိစ္စတွေအတွက် ကြားနေရာတခုမှာ နှစ်နိုင်ငံ ဆွေးနွေးကြဖို့ သဘောတူညီခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုက ပြောပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် ၀န်ကြီးချုပ်တွေအပါအဝင် ထိပ်တန်း အရာရှိကြီးတွေဟာ သူနဲ့ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့နဲ့ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း မစ္စတာ ရူဘီယိုက ပြောပါတယ်။

ဒါပေမဲ့ ဒီသဘောတူညီချက်စတင်တယ်လို့ ကြေညာပြီး နာရီပိုင်းအကြာမှာပဲ အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသထဲက စရင်နာဂါနဲ့ ဂျမူးမြို့ကြီးတွေမှာ ပေါက်ကွဲသံတွေကြားခဲ့ရသလို ကောင်းကင်မှာလည်း မီးပွင့်တာတွေ မြင်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မီစရီကတော့ ပါကစ္စတန်ဟာ သဘောတူညီချက်ကို ''အကြိမ်ကြိမ် ချိုးဖောက်''ပြီး အိန္ဒိယ စစ်တပ်ဟာ ''လိုအပ်တဲ့တုံ့ပြန်မှုတစ်ခု'' ပေးမယ်လို့ ပြောခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ ပါကစ္စတန်ဟာ ''နေရာတချို့မှာ အိန္ဒိယ ကျူးလွန်နေတဲ့ ချိုးဖောက်မှုရှိနေပေမဲ့'' အပစ်ရပ်သဘောတူညီချက် အထမြောက်ရေးကို ဆက်လိုက်နာနေပြီး မြေပြင်မှာ ရှိတဲ့ တပ်ဖွဲ့တွေဟာ ထိန်းထိန်းသိမ်းသိမ်းဖြစ်သင့် တယ်လို့ ပြောပါတယ်''

စစ်ဘေးကြောင့် ထွက်ပြေးရတဲ့ ဂျမူးက ဒုက္ခသည်တွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စစ်ဘေးကြောင့် ထွက်ပြေးရတဲ့ ဂျမူးက ဒုက္ခသည်တွေ

ပါကစ္စတန်ဟာ အချုပ်အချာအာဏာနဲ့ နယ်မြေ တည်တံ့မှုကို အလျှော့မပေးဘဲ အမြဲတမ်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကြိုးပမ်းခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး အီစ်ဟက်ဒါးက ပြောပါတယ်။

ပါကစ္စတန် ရထားဝန်ကြီး ဘီလားလ် ကယာနီကလည်း အိန္ဒိယကို အပစ်ရပ်ဖို့ ပြောခဲ့ပါတယ်။

ပါကစ္စတန်က ငြိမ်းချမ်းရေး ရချင်ပေမယ့် လာပြီး ကျူးကျော် ရန်စခံနေရလို့ ဒါကို တုံ့ပြန်ဖို့ နိုင်ငံတကာ ဥပဒေအရ အခွင့်ရှိပါတယ်။ အိန္ဒိယက ဒါကို နားလည်ပြီး ပိုပြီး ရင့်ကျက်မှုနဲ့ ဆောင်ရွက်သွားမယ်လို့ မျှော်လင့်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

တရုတ်ဘက်ကလည်း ပါကစ္စတန်နဲ့အတူ ခိုင်မာစွာ ရပ်တည်ကြောင်း ထပ်လောင်းပြောကြားခဲ့သလို တရုတ်ဟာ ပါကစ္စတန်ရဲ့ အခိုင်မာဆုံး မိတ်ဆွေ ဖြစ်ကြောင်း ပါကစ္စတန်ဘက်က ထုတ်ပြန်ပါတယ်။

အပစ်ရပ်စဲလိုက်တဲ့အတွက် ဗြိတိန်ဘက်ကလည်း အကြီးအကျယ် ကြိုဆိုကြောင်း ထုတ်ပြန်သလို ညှိနှိုင်းအဖြေရှာရေးမှာလည်း ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ်လမ်မီက အဓိက အခန်းက ပါ၀င်ခဲ့ကြောင်း ပါကစ္စတန်က ပြောကြားပါတယ်။

အိန္ဒိယထိုးစစ်ကြောင့် သေဆုံးသူတွေအတွက် ပါကစ္စတန်မှာ ဆုတောင်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အိန္ဒိယထိုးစစ်ကြောင့် သေဆုံးသူတွေအတွက် ပါကစ္စတန်မှာ ဆုတောင်း

ကြည်းရေလေ ပစ်ခတ်မှုတွေအားလုံးကို ရပ်ဆိုင်းဖို့ သဘောတူလိုက်ပြီလို့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဗစ်ကရမ် မီစရီက အစောပိုင်းမှာ ဆိုပါတယ်။

အိန္ဒိယ ကာကွယ်ရေး ဌာန အရာရှိတွေရဲ့ သတင်းစာ ရှင်းလင်းပွဲကို နယူးဒေလီမှာ ကျင်းပခဲ့ပြီး အပစ်ရပ် သဘောတူညီမှုကို လက်ခံပေမယ့် လိုအပ်လာရင် နိုင်ငံကို ကာကွယ်ဖို့ အသင့်ရှိနေမယ်လို့ ဆိုပါတယ်။