အမေရိကန်အမတ် ၂ ဦးကို ပစ်မှတ်ထားပြီး ၁ ဦးကို လုပ်ကြံခဲ့တဲ့တရားခံကို ပိုက်စိပ်တိုက်ရှာပြီ

    • ရေးသားသူ, ဒါနိုင်း နက်စတာ ကူပမ်းဘား
    • ရာထူးတာဝန်, ဘီဘီစီသတင်း

မင်နီဆိုတာ ပြည်နယ် လွှတ်တော် အမတ်နဲ့ ခင်ပွန်းတို့ နေအိမ်မှာ စနေနေ့ မနက်အစောပိုင်းက ပစ်သတ်ခံရမှုမှာ ကျူးလွန်သူ တရားခံကို ရဲက ပိုက်စိပ်တိုက်ရှာနေပြီလို့ သိရပါတယ်။

ဒီဖြစ်ရပ်ကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ နိုင်ငံရေး ဆူပူမှုအဖြစ် ပြည်နယ် အုပ်ချုပ်ရေးမှူး တင်မ် ဝေါ့လ်ဇ်က ပြောထားပါတယ်။

ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဟောင်း ဒီမိုကရက်အမတ် မယ်လီဆာ ဟော့တ်မန်းနဲ့ ခင်ပွန်းတို့ အသတ်ခံရကြောင်း ဝေါ့လ်ဇ်က ပြောပါတယ်။

ပြည်နယ် အထက်လွှတ်တော်အမတ် ဒီမိုကရက်ပါတီဝင် ဂျွန် ဟော့ဖ်မန်းနဲ့ ဇနီးလည်း နေအိမ်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီဇနီးမောင်နှံဟာ အကြိမ်ကြိမ် ပစ်ခတ်ခံရလို့ ခွဲစိတ်ကုသခဲ့ရကြောင်း မစ္စတာ ဝေါ့လ်ဇ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ပစ်ခတ်ခဲ့သူဟာ အသက် ၅၇ နှစ်အရွယ် ဗန့်စ် လူသာ ဘိုတာဆိုသူ အမျိုးသားဖြစ်ပြီး သူဟာ ရဲလို အသွင်ယူပြီး ပစ်ခတ်မှုလုပ်ခဲ့တာလို့ ရဲက ပြောပါတယ်။ အခုတော့ သူ့ကို ရှာဖွေနေပြီဖြစ်သလို သူ့သတင်းပေးရင် ဆုကြေး ဒေါ်လာ ငါးသောင်းပေးမယ်လို့လည်း အာဏာပိုင်တွေက သတင်းထုတ်ထားပါတယ်။

မင်နီယာပိုလစ်မြို့နားက ဘရွတ်ကလင်ပတ်နဲ့ ချမ်ပလင်မြို့တွေနားမှာ ဒီပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

ပစ်ခတ်မှု တရားခံလို့ မသင်္ကာသူဟာ ရဲအရာရှိ ယောင်ဆောင်ခဲ့ကြောင်း ဘရွတ်ကလင်ပတ် ရဲမှူး မတ် ရူလီက ပြောပါတယ်။

ဒီလူဟာ ရဲတံဆိပ်နဲ့ ဝတ်စုံသုံးပြီး လွှတ်တော်အမတ်တွေရဲ့ အိမ်တွေကို ဝင်ရောက်ခဲ့ကြောင်း သူက ဆိုပါတယ်။ အရေးပေါ် မီးတပ်ထားတဲ့ ရဲကားနဲ့ တူတဲ့ကားကိုပါ မောင်းခဲ့တယ်လို့လည်း ပြောပါတယ်။

မနက် ၂ နာရီထိုးမှာ ဟော့ဖ်မန်းတို့ မောင်နှံကို ပစ်ခတ်မှုအကြောင်း သတင်း ကြားရတယ်ဆိုပြီး မင်နီဆိုတာ ပြည်သူ့လုံခြုံရေးဌာန အကြီးအကဲ ဒရူးအီဗန်စ်က ပြောပါတယ်။

ရဲနဲ့ သေနတ်သမားလို့ မသင်္ကာသူတို့ ဟော့တ်မန်းအိမ်မှာ အပြန်အလှန် ပစ်ခတ်ကြပေမယ့် ဒီလူလွတ်သွားပါတယ်။

အက်ဖ်ဘီအိုင်နဲ့ ရာနဲ့ချီတဲ့ ရဲတွေ သုံးပြီး ဒီလူကို အကြီးအကျယ် လိုက်ရှာနေတယ်လို့ ဘရွတ်ကလင်ပတ် ရဲမှူး ရူလီက ပြောပါတယ်။

ရဲအရာရှိ တယောက်ထဲ လာရင် တံခါးဖွင့်မပေးဘဲ နှစ်ယောက်လာမှ ဖွင့်ပေးဖို့လည်း အာဏာပိုင်တွေက သတိပေးထားကြောင်း Fox 9 သတင်းမှာ ပါရှိပါတယ်။

အက်ဒင်ဘာရာ ဂေါက်ကွင်းနဲ့ သုံးမိုင်ပတ်လည်ကို အိမ်ထဲမှာပဲ ခိုလှုံ နေထိုင်ကြဖို့ ဘရွတ်ကလင်ပတ် ရဲဌာနက အမိန့်ထုတ်ထားပါတယ်။

လွှတ်တော်အမတ်တွေနဲ့ ရွေးကောက်ခံ အရာရှိတွေဆီကို လုံခြုံရေး သတိပေးချက်တွေ ရောက်လာကြောင်းလည်း အနီးနား မောင်းဗျူးမြို့က မြို့တော်ဝန် ဇက် လင်းစထရောင်းက ပြောပါတယ်။

အာဏာပိုင်တွေက အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ဝေါ့လ်ဇ်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီး ပြည်နယ် အရေးပေါ် ဌာနကို တပ်လှန့်ထားပါတယ်။

အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ် ဂေါကလည်း အမေရိကန်အထက်လွှတ်တော်မှာ သူနဲ့ ခဏ အတူလက်တွဲ အလုပ်လုပ်ခဲ့ဖူးသူ အမတ် ဟော့ထ်မန်း အတွက် ဝမ်းနည်းကြောင်း ပြောပါတယ်။

''ခဏလေး အလုပ်တွဲလုပ်ဖူးတာဆိုပေမဲ့ သူ့ လုပ်ဆောင်ချက်တွေဟာ ရေရှည်အကျိုးကျေးဇူးတွေ ထင်ကျန်နေဆဲပါ'' လို့ ဒုသမ္မတ ဟောင်းက ဝမ်းနည်းစကားပြောပါတယ်။ ''နိုင်ငံရေး အကြမ်းဖက်မှုအတွက် လက်ခံနိုင်စရာ ဆင်ခြေဆိုတာ မရှိပါဘူး''

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဟောင်း နန်စီ ပလိုစီကလည်း အခုလို ပစ်မှတ်ထား ပစ်ခတ်မှုတွေသတင်းကြားရလို့ နှလုံးကြေကွဲရတယ်လို့ ကြေညာချက် တစ်စောင် ထုတ်ပါတယ်။

''အခုလို နိုင်ငံရေး အကြမ်းဖက်မှု အမြင့်ဆုံးဖြစ်နေတာ ရပ်တန့်မှ ဖြစ်မယ်'' လို့ မစ္စစ် ပလိုစီက ပြောပါတယ်။ သူ့ ခင်ပွန်းဖြစ်သူဟာ လည်း ၂၀၂၂ ခုနှစ်တုန်းက နိုင်ငံရေးပယောဂနွှယ်တဲ့ သူတို့အိမ်အဖောက်ခံရမှုမှာ တိုက်ခိုက်ခံခဲ့ရတာကို ကြုံခဲ့ရသူပါ။

ရှေ့နေ တစ်ဦးဖြစ်တဲ့ ဟော့ထ်မန်းဟာ မင်နီဆိုတာ အောက်လွှတ်တော်အတွက် ၂၀၀၄ ခုနှစ်မှာ ရွေးကောက်ခံရပြီး ပြည်နယ် အောက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ၂၀၁၉ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် အထိ တာဝန်ယူခဲ့သူပါ။

''သူဟာ အမျိုးသမီးအခွင့်အရေးအတွက် အားထုတ်ခဲ့သူ၊ သန့်ရှင်းစွမ်းအင်သုံးလာကြအောင် စေ့ဆော် ကြိုးပမ်းခဲ့သူ၊ ကလေးတွေ ကျောင်းမှာ နေ့လည်စာ အခမဲ့စားနိုင်အောင် အားထုတ်ခဲ့သူ'' လို့ ဒီမိုကရက်တစ်ပါတီဝင်လည်းဖြစ်၊ မင်နီဆိုတာ အထက်လွှတ်တော်အမတ်လည်းဖြစ်တဲ့ အမေရိကန်အထက်လွှတ်တော်အမတ် အေမီ ကလိုဘူချာက ကြေညာချက် ထုတ်ပါတယ်။

ဟော့ထ်မန်းဟာ ၂၀၂၀ ပြည့်နှစ်မှာ လူမည်းအမျိုးသား ဂျော့ ဖလွိုက်ဒ် အသတ်ခံရမှုဖြစ်ပြီးတဲ့နောက် ရဲလုပ်ငန်း ပြုပြင်ပြောင်းလဲရေး ဖြစ်လာအောင် ရှေ့တန်းကနေ ပညာပေး ကြိုးပမ်းခဲ့သူလည်းဖြစ်ပါတယ်။

သူ့မှာ ကလေး ၂ ယောက် ကျန်ရစ်ပါတယ်။