အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ အာရှခရီးစဥ်စ၊ ထိုင်ဝမ်အကြောင်း မဖော်ပြ

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီရဲ့ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ကိုသွားရောက်မယ့် အာရှခရီးစဥ် တနင်္ဂနွေနေ့မှာ စတင်ပြီလို့ သူ့ရဲ့ ရုံးက ပြောကြားပြီး အဲဒီထဲမှာ သွားရောက်မယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးတဲ့ ထိုင်ဝမ်ကို ဖော်ပြထားတာ မရှိပါဘူး။

ဒီလိုမကြေညာခင်က ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို မစ္စပလိုစီသွားရောက်နိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပါတယ်။

ထိုင်ဝမ်ကို တရုတ်က သူ့ပိုင်နက်လို့ ပြောနေပြီး သူသွားရင် "ပြင်းထန်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ" ဖြစ်လာမယ်လို့ သတိပေးထားပါတယ်။

စစ်ရေးအရ တုံ့ပြန်မှုမျိုး ဖြစ်လာနိုင်တယ်ဆိုတဲ့ တရုတ်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေတောင် ထွက်ခဲ့ပါတယ်။

၂၅ နှစ်အတွင်းမှာ ထိုင်ဝမ်ကို အမေရိကန်ရဲ့ ရာထူးမြင့်မားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ သွားရောက်ထားတာ မရှိပါဘူး။

ဒါပေမဲ့ လွှတ်တော်အမတ် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ကို ပြီးခဲ့တဲ့လပိုင်းက မမျှော်လင့်ဘဲ သွားရောက်ခဲ့ပါတယ်။

မစ္စပလိုစီက လွှတ်တော်အမတ် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဒီခရီးစဥ်နဲ့ ပတ်သက်ပြီး "ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ မိတ်ဆွေတွေကို အမေရိကန်ရဲ့ ခိုင်မာ လေးနက်မှုကို သေချာအောင်" ပြသတာမျိုးဖြစ်တယ် လို့ တွစ်တာမှာ ပြောပါတယ်။ 

အခု သူ့ရဲ့ ဒီခရီးစဥ်က "အင်ဒို-ပစိဖိတ် ဒေသ ခရီးစဥ်" လို့ ပြောပြီး ခရီးစဥ်ထဲမှာ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ပါဝင်တယ်လို့ သူ့ရဲ့ ရုံးက ပြောပါတယ်။ 

အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်ကျွန်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက် လက်နက်တွေ ရောင်းပေးနေပေမဲ့ တရားဝင် သံတမန်ရေးကိုတော့ တရုတ်နဲ့သာ ထူထောင်ထားပြီး ထိုင်ဝမ်နဲ့ တော့ မရှိပါဘူး။ 

ဒါကြောင့် မစ္စပလိုစီရဲ့ ထိုင်ဝမ်ခရီးစဥ် သတင်းတွေထွက်ပေါ်လာချိန်မှာ အမေရိကန် စစ်တပ်ကတော့ ဒါဟာ ကောင်းတဲ့ အစီအစဥ် မဟုတ်ဘူးလို့ ယူဆကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ပြောထားပြီး ဒီခရီးစဥ် မဖြစ်အောင် ဘိုင်ဒန်အစိုးရ ကိုယ်တိုင်ကတောင် လုပ်နေတယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ထုတ်ပြန်တဲ့ သူရုံးရဲ့ ထုတ်ပြန်ချက်မှာ ဒီခရီးစဥ်ဟာ လုံခြုံရေးမြှင့်တင်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ အင်ဒို-ပစိဖိတ် ဒေသ ဒီမိုကရေစီ အုပ်ချုပ်ရေး ကိစ္စတွေကို အဓိက ဦးတည်သွားမယ်လို့ ဆိုပါတယ်။

 ဒါ့အပြင် ကုန်သွယ်ရေး၊ ရာသီဥတု ပြောင်းလဲမှုနဲ့ လူ့အခွင့်အရေး ကိစ္စတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ 

မစ္စပလိုစီနဲ့အတူ ပါဝင်မယ့် ကိုယ်စားလှယ်တွေကတော့ အောက်လွှတ်တော် အမတ်တွေဖြစ်တဲ့ ဂရယ်ဂရီ မီးခ်စ်၊ မာ့ခ် တာကာနို၊ ဆူဇန်ဒယ်လ်ဘန်၊ ရာဂျာ ခရစ်ရှနမ်မော်သီ နဲ့ အန်ဒီကင်မ်တို့ ဖြစ်ပါတယ်။ 

ထိုင်၀မ်ကို နောက်ဆုံးသွားရောက်ထားတဲ့ အမေရိကန် လွှတ်တော်ဥက္ကဋ္ဌကတော့ ရီပတ်ဘလစ်ကန် ပါတီက နျု ဂင်းဂရစ်ချ် ဖြစ်ပြီး ၁၉၉၇ မှာ သွားရောက်ခဲ့တာပါ။