ဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေအဖြစ် စာချုပ်ကြဖို့ သမ္မတဘိုင်ဒန် ဗီယက်နမ်ကို ရောက်နေ ဆိုတဲ့ သတင်း နဲ့ စက်တင်ဘာ ၁၀ ရက် ညပိုင်း နိုင်ငံတကာ သတင်းတွေ

ဗီယက်နမ်စစ်ပွဲကနေ အမေရိကန်တပ်တွေ ဆုတ်ခွာခဲ့တာ နှစ်ပေါင်း ၅၀ နီးပါး ကြာလာတဲ့ ဒီအချိန်မှာ သမ္မတ ဘိုင်ဒန်က ဗီယက်နမ်နဲ့ ဗျုဟာမြောက်မိတ်ဖက်နိုင်ငံ အဖြစ် စာချုပ် ချုပ်ဆိုဖို့ ဗီယက်နမ်ကို ရောက်နေပါတယ်။

မြို့တော် ဟနွိုင်းက သမ္မတနန်းတော်မှာ မစ္စတာ ဘိုင်ဒန်ကို ဂုဏ်ပြုအခမ်းအနားနဲ့ ဗီယက်နမ်က ကြိုဆိုပါတယ်။

မစ္စတာ ဘိုင်ဒန်နဲ့ ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင် ငွင် ဖူချောင်တို့ တွေ့ဆုံခဲ့ ကြပြီး ကမ္ဘာကအရေးကြီးတဲ့ကာလကို ရောက်နေတဲ့အချိန်မှာ အမေရိကန်နဲ့ ဗီယက်နမ်တို့ဟာ အရေးကြီးတဲ့ မိတ်ဖက်တွေအဖြစ် လုပ်ကိုင်နေကြတာလို့ ပြော ပါတယ်။

ဒီစာချုပ်ဟာ အမေရိကန်နဲ့ ဗီယက်နမ်အကြား ဆက်ဆံဆောင်ရွက်မှုကို သိသိသာသာ တိုးမြှင့်လိုက်တာဖြစ်ပြီး ဒေသတွင်း တရုတ်ရဲ့ လွှမ်းမိုးမှု ကြီးလာတာကို တုံ့ပြန်ဖို့ သူတို့ ရည်ရွယ်ထားကြ ပါတယ်။

စစ်ရေးအရ ရုရှားကို မှီခိုမှု ကြီးမားနေတဲ့အပေါ် ဟနွိုင်းက လျှော့ချစေဖို့ အမေရိကန်က ဆန္ဒရှိသလို အမေရိကန် ကုမ္ပဏီတွေအနေနဲ့ တရုတ်စျေးကွက်ကို မှီခိုနေနေတဲ့ အပေါ်ကိုလည်း သက်သာမှု ရလိုနေပါတယ်။

မော်ရိုကို မြေငလျင် ကယ်ဆယ်ရေး

အရေးပေါ်လိုအပ်နေတဲ့ လူတွေကို အကူအညီတွေ ပေးနိုင်ဖို့အတွက် သောကြာနေ့က မြေငလျင်မှာ အဆိုးဆုံးထိခိုက်ခံရတဲ့ နေရာတွေဆီကို သွားဖို့ အဓိကလမ်းမ တခုကို မော်ရိုကို စစ်တပ်က ဖွင့်ပေးလိုက်ပါတယ်။

အက်လတ်စ် တောင်တန်းတွေက အက်စ်နီ မြို့လေးဆီကိုသွားတဲ့ လမ်းမှာ မြေတွေ ပြိုကျပြီး လမ်းပိတ်နေခဲ့ပါတယ်။

ဗီဒီယိုတွေထဲမှာ အဲဒီဒေသမှာ ရှိတဲ့ တောင်ထိပ်ပေါ်က ရှေးဟောင်းရွာလေးတွေ ငလျင်ဒဏ်ကြောင့် ပြိုလဲ ပျက်စီးနေတာကို တွေ့ရပါတယ်။

သေဆုံးရတဲ့ လူတွေစာရင်းမှာ လူ ၂,၀၀၀ ကျော်ရှိနေပြီး လာမယ့်ရက်ပိုင်းတွေမှာ သေဆုံးသူတွေကို ထပ်တွေ့ကြနိုင်တာမို့ ဒီစာရင်းက ပိုများလာမှာကို စိုးရိမ်နေရ တဲ့အကြောင်း အရင် မော်ရိုကို ခရီးသွားလာရေး ဝန်ကြီး လာဆင် ဟက်ဒက်က ဘီဘီစီကို ပြောပါတယ်။

စပိန်နိုင်ငံ နဲ့ ချက်ဇ် ပြည်သူ့ သမ္မတနိုင်ငံတွေက မော်ရိုကိုကို ကူညီဖို့ သူတို့ရဲ့ ကယ်ဆယ်ရေး အဖွဲ့တွေကို အဲဒီကို စေလွှတ်နေပါတယ်။

အာဖဂန်မှာ ဘိန်းအထွက်ကျဆင်းပေမယ့် စိတ်ကြွဆေးကုန်သွယ်မှုတွေ ပိုများလာ

အာဖဂန်နစ္စတန်နဲ့ အနီးတဝိုက်မှာ ဘိန်းဖြူ ကုန်သွယ်မှု ကျဆင်းလာပေမယ့် စိတ်ကြွဆေး မက်သဖက်တာမင်း ကုန်ကူးသန်းနေတာက မြန်မြန်ဆန်ဆန် တိုးပွားလာနေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများဆိုင်ရာ ရုံးက ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်း စိတ်ကြွဆေး တန်ချိန်ပေါင်း ၃၀ လောက် ဖမ်းဆီးမိခဲ့ရပြီး လွန်ခဲ့တဲ့ ၅နှစ် ကဆိုရင် ဒီလို ဖမ်းဆီးမိတဲ့ ပမာဏဟာ ၃ တန် နီးပါးသာ ရှိခဲ့ကြောင်း UNODC က ‌ပြောပါတယ်။

မနှစ်ကစပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တာလီဘန်တို့က ပိတ်ပင်လိုက်တဲ့ နောက်ပိုင်း ဒီစိတ်ကြွဆေးထုတ်လုပ်မှု တက်လာတာလို့ အဲဒီ ကုလသမဂ္ဂရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာသစ် ထဲမှာ ရေးထားပါတယ်။

အဲဒီလို တာလီဘန်တို့က ဘိန်းစိုက်ပျိုးမှု မပိတ်ခင်ချိန်အထိ အာဖဂန်ဟာ ကမ္ဘာ့ ဘိန်းအထွက် စုစုပေါင်းရဲ့ ၈၀% ကျော်ကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။