ဂါဇာကို တစ်ရက် ဆီကား နှစ်စီး ဝင်ခွင့်ပြု - နိုဝင်ဘာ ၁၇ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ဂါဇာကို တရက်ကို ဆီကား နှစ်စီး ဝင်ခွင့်ပြုတယ်လို့ အစ္စရေးက လာတဲ့ သတင်းတွေအရ သိရပါတယ်။

လောင်စာဆီ မရှိတဲ့အတွက် ကူညီရေးအဖွဲ့တွေ ဂါဇာကို အကူအညီတွေ မပို့နိုင်ဘဲ ဆိုင်းငံ့ခဲ့ရပါတယ်။

ဂါဇာက ကုလသမဂ္ဂအဖွဲ့တွေ အတွက် လိုတဲ့ ဆီကို ခွင့်ပြုတာဆိုပြီး အမည်မဖော်လိုတဲ့ အစ္စရေး အရာရှိတယောက်က ပြောပါတယ်။

ဒါ အမေရိကန် အစိုးရရဲ့ တောင်းဆိုမှုကြောင့် ဆုံးဖြတ်တာလို့လည်း ပြောပါတယ်။

ဂါဇာမှာ နေ့စဉ်လိုအပ်တဲ့ အစားအသောက်ရဲ့ ဆယ်ရာခိုင်နှုန်းပဲ ရတော့ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ပြောခွင့်ရ အမျိုးသမီး အဘီရာ အီတီဖာက ဆိုပါတယ်။

ဒီအပတ်ထဲ ဂါဇာကို ဝင်မယ့် ကုလသမဂ္ဂယာဉ်တွေ သုံးဖို့ ဓာတ်ဆီနည်းနည်းပဲ အစ္စရေးက ခွင့်ပြုထားပြီး အခု ကုန်သွားပြီ ဖြစ်ပါတယ်။

အေပက်မှာ တရုတ်နဲ့ ဂျပန်တွေ့

ဖူကူရှီးမား အဏုမြူ ဓာတ်ပေါင်းဖိုဟောင်းက ရေဆိုး စွန့်ပစ်မှုကိစ္စ အဖြေရှာရေးအတွက် နောက်ထပ် ဆွေးနွေးကြဖို့ ဂျပန်နဲ့ တရုတ်ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

အေပက် ထိပ်သီးဆွေးနွေးပွဲရဲ့ အရံဆွေးနွေးပွဲအဖြစ် သူတို့ တွေ့ဆုံခဲ့ကြတာပါ။

ဒီတွေ့ဆုံပွဲမှာပဲ ဂျပန် ပင်လယ်စာတင်သွင်းမှုကို ဒဏ်ခတ်ပိတ်ဆို့ထားတာကနေ ရုပ်သိမ်းပေးဖို့ ဖူမီယို ကီးရှီးဒါးက ရှီကျင်ပင်းကို တောင်းဆိုခဲ့ပါတယ်။

သြဂုတ်လကစပြီး ရေဆိုးစွန့်ပစ်မှု စခဲ့လို့ တရုတ်ဘက်က ဂျပန်ပင်လယ်စာ တင်သွင်းမှု ပိတ်ခဲ့တာပါ။

ဒီရေဆိုးတွေကြောင့် လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်ကြောင်း မစ္စတာရှီက မစ္စတာ ကီးရှီးဒါးကို ပြောကြားခဲ့ပါတယ်။

တူရကီသမ္မတ ဂျာမနီသွား

ဂါဇာပဋိပက္ခမှာ နှစ်နိုင်ငံ တင်းမာမှုတွေ ရှိပေမယ့် တူရကီသမ္မတ အာဒိုဝမ် ဂျာမနီကို နိုင်ငံတော် ခရီးစဉ်အဖြစ် ကနေ့ သွားရောက်နေပါတယ်။

ဒီခရီးစဉ် ဖျက်သိမ်းဖို့လည်း တချို့ ဂျာမန် အတိုက်အခံပါတီတွေက တောင်းဆိုခဲ့ကြတာပါ။

ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ် အုပ်စုကို ရှုတ်ချဖို့ တောင်းဆိုတာကို မစ္စတာ အာဒိုဝမ် ပယ်ချခဲ့ပြီး ဟားမတ်စ်တွေကို လွတ်မြောက်ရေး လှုပ်ရှားသူတွေလို့ သုံးနှုန်းပါတယ်။

အစ္စရေးကို အကြမ်းဖက် ဖက်ဆစ်နိုင်ငံလို့ သူက စွပ်စွဲတာကိုလည်း ကျိုးကြောင်းမကျတဲ့ စကားဆိုပြီး ဂျာမနီ ဝန်ကြီးချုပ် အိုးလပ်ဖ် ရှော့လ်ဇ်က ပယ်ချခဲ့ပါတယ်။

ဂျူးလူမျိုးတုံး သတ်ဖြတ်မှု သမိုင်းအမှားကြောင့် ဂျာမနီအတွက် အစ္စရေးကို ထောက်ခံမှုကနေ လျှော့ချလို့မရ ဖြစ်နေပါတယ်။

မစ္စတာ အာဒိုဝမ်နဲ့ မစ္စတာ ရှော့လ်ဇ်တို့ ဘာလင်မှာ ဆွေးနွေးဖို့ ရှိပါတယ်။

သြစတြေးလျ ရာသီဥတုပြောင်းလဲမှု ဆန္ဒပြပွဲ

သြစတြေးလျမှာ ထောင်နဲ့ချီတဲ့ ဆယ်ကျော်သက်တွေ ကျောင်းမတက်ဘဲ ရာသီဥတု ပြောင်းလဲမှု ဆန္ဒပြပွဲ တက်ကြပါတယ်။

ရာသီဥတု ကျွမ်းကျင်သူတွေဆီက တရားမဝင် ဆေးခွင့်လက်မှတ်ယူပြီး ပြကြတာပါ။

ရာသီဥတု ဒေါက်တာလို့ ကိုယ့်ကိုယ်ကိုယ် မှည့်ခေါ်ထားတဲ့ အဖွဲ့က ကျောင်းသားတွေအတွက် နေမကောင်းကြောင်း လက်မှတ်တွေ ထုတ်ပေးခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲမှု အရေးပေါ်ကိစ္စကြောင့် ကျောင်းသားတွေ စိတ်ဖိစီးပြီး စိတ်ဓာတ်ပျက်ပြားကြကြောင်း ဆေးလက်မှတ်မှာ ပါရှိပါတယ်။

ဆန္ဒပြဖို့အတွက် ကျောင်းသားတွေ ကျောင်းမပျက်သင့်ကြောင်း သြစတြေးလျ ပညာရေး ဝန်ကြီး ဂျေဆန် ကလဲက ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုကိစ္စတွေကို ပိုပြီး ခိုင်ခိုင်မာမာ တိုက်ပွဲဝင်ဖို့ ကျောင်းသားတွေက တောင်းဆိုနေကြပါတယ်။

ဒီထဲမှာ လက်ရှိအစိုးရ မီးစိမ်းပြထားတဲ့ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေး စီမံကိန်းတွေကို ဖျက်သိမ်းဖို့လည်း ပါပါတယ်။