ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်ပွဲ - မေ ၈ ရက်မှ အပစ်ရပ်မယ့် ပူတင်ရဲ့ ကြေညာချက်ကို ယူကရိန်း မေးခွန်းထုတ်
ယူကရိန်းထဲက စစ်ပွဲအတွက် ယာယီအပစ်ရပ်ပေးမယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က ကြေညာပါတယ်။
ဧပြီ ၂၈ ရက်မှာ ဒီ အကြောင်း ကရင်မလင်ဘက်က ပြောတာဖြစ်ပေမယ့်၊ အပစ်ရပ်မှုက ချက်ခြင်း အသက်ဝင်မှာ မဟုတ်ပါဘူး။ မေ ၈ ရက်နေ့ကျမှ စတင်မှာ ဖြစ်ပါတယ်။ ၃ ရက်တာ ရပ်မယ်လို့ ဆိုပါတယ်။
အဲဒီကာလဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီ ဂျာမနီ အပေါ် ဆိုဗီယက် ယူနီယံ အောင်နိုင်ခဲ့တဲ့ အနှစ် ၈၀ ပြည့် မြောက် နှစ်ပတ်လည် အခါသမယလည်း ဖြစ်ပါတယ်။ အဲဒီ ရက်တွေမှာ ဆိုရင် ဆိုဗီယက် ခေတ်ကနေ အခု အချိန်ထိ ရုရှား နိုင်ငံထဲ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနားတွေ အကြီးအကျယ် ပြုလုပ်လေ့ ရှိပါတယ်။
ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆီဘီဟာကတော့ အပစ်ရပ်တာကို ချက်ခြင်းလက်ငင်း စတင်ဖို့နဲ့ အနည်းဆုံး ရက် ၃၀ ကြာ အပစ်ရပ်ကြဖို့ ဆော်သြပါတယ်။
ယူကရိန်းနဲ့ ရုရှားကြား ငြိမ်းချမ်းရေး သဘောတူမှု ထွက်လာအောင် ကြားဝင် ဆောင်ရွက် ပေးနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူ့ အနေနဲ့ အမြဲတမ်းသဘော သက်ဝင်မယ့် အပစ်ရပ်တာမျိုး တွေ့မြင်ချင်တယ်လို့ ဆိုပါတယ်။
ခရစ်ယန်တို့ရဲ့ ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်ထားတဲ့ အီစတာ ပွဲတော်ကာလ ပြီးခဲ့တဲ့ သီတင်းပတ် တစ်ခုကျော်တုန်းကလည်း ရုရှားက နာရီ ၃၀ အပစ်ရပ် ကြေညာခဲ့ပါတယ်။
ဒါပေမယ့်လည်း တိုက်ခိုက်မှုတွေ ဆက်ရှိနေခဲ့ကြပြီး၊ အပစ်ရပ် ချိုးဖောက်တဲ့ လုပ်ရပ်တွေ ရာနဲ့ချီပြီး ကျူးလွန်ကြောင်း ယူကရိန်းနဲ့ ရုရှား တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် စွပ်စွဲ ခဲ့ကြပါတယ်။
ယူကရိန်းထဲမှာ အပစ်ရပ်ဖို့ အကြိမ် ၂၀ ထက်မက ကြိုးစားခဲ့ကြပြီး ဖြစ်ပါတယ်။ အကြိမ်တိုင်း မြေပြင်ပေါ်မှာ လက်တွေ့ မအောင်မြင်ခဲ့ပါဘူး။ တချို့ အကြိမ်တွေမှာ ဆိုရင် အပစ်ရပ် စတင် အသက်ဝင်တယ် ဆိုတဲ့ အချိန်ကနေ တွက်ရင် မိနစ် အနည်းငယ် အတွင်းမှာပဲ ကျိုးပေါက်ကုန်တာ ဖြစ်ပါတယ်။
အခု နောက်ဆုံး တွေ့မြင်ခဲ့ရတဲ့ အီစတာ အပစ်ရပ်မှုကို ကြည့်ရင် သက်ရောက်မှု အတိုင်းအတာ ပမာဏ အင်မတန်မှ အကန့်အသတ် ရှိလှပါတယ်။ တိုက်ပွဲတွေကို တကယ်တမ်း လျှော့မချ နိုင်ခဲ့ပါဘူး။
အခုတခါလည်း မေလ ၈ ရက်က စပြီး ၃ ရက်ကြာ အပစ်ရမယ့် အကြောင်း ကရင်မလင်က ပြောလာပြန်ပါတယ်။ စာနာမှု ဆိုင်ရာ အခြေခံ အချက်တွေကို သမ္မတပူတင်က ထည့်သွင်း စဥ်းစားပြီး အပစ်ရပ်ပေးဖို့ ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှ ဘာသာစကားနဲ့ ရေးထားတဲ့ ကရင်မလင်ရဲ့ ထုတ်ပြန်ချက်ထဲ ယူကရိန်းဘက်ကလည်း ဒီ ဥပမာအတိုင်း အလားတူ လိုက်လံ လုပ်ဆောင်သင့်တယ် ဆိုပြီး ထည့်သွင်းရေးထားပါတယ်။
"ယူကရိန်းဘက်က ဖောက်ဖျက်မယ် ဆိုရင်တော့ ရုရှားဖက်ဒရေးရှင်းရဲ့ လက်နက်ကိုင်တပ်တွေ အနေနဲ့ လုံလောက်အောင် ထိရောက်တဲ့ အတိုင်းအတာ ပမာဏမျိုးအထိ တုန့်ပြန်သွားမယ်" လို့လည်း ဆိုထားပါတယ်။
ရေရှည် ငြိမ်းချမ်းရေးအတွက် ရည်ညွှန်းတဲ့ အချက်အလက်တွေကိုလည်း ထည့်သွင်း ရေးထားပါတယ်။
အခုလို အပစ်ရပ် ထပ်မံ ကြေညာပေးတာဟာ ငြိမ်းချမ်းရေး ပြောဆို ဆွေးနွေးမှုတွေ အတွက် အသင့်ရှိကြောင်း ရုရှားဘက်က ပြသတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်၊ ဆွေးနွေးကြမယ် ဆိုရင် ဘယ်လို တင်ကြို ကန့်သတ်ချက်မှာ ရှိမနေရဘူး၊ ယူကရိန်း အကျပ်အတည်း ပေါ်ပေါက်စေတဲ့ အရင်းခံ အကြောင်းအရာတွေ အားလုံး အဆုံးသတ်သွားတဲ့ အထိ ကိုင်တွယ် ဖြေရှင်းလိုစိတ် ထားရှိရမယ်လို့လည်း ကရင်မလင် ကြေညာချက်က ဆိုထားပါတယ်။
အဲဒီ ကြေညာချက် ထွက်လာ အပြီးမှာတော့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆီဘီဟာက "တကယ်လို့ ရုရှား အနေနဲ့ ငြိမ်းချမ်းရေး တကယ်လိုလားတယ်ဆိုရင် အပစ်ရပ်တာကို ချက်ခြင်း စတင်သင့်တယ်၊ ဘာလို့ မေလ ၈ ရက် အထိ စောင့်နေရသလဲ" ဆိုပြီး တုန့်ပြန်ပါတယ်။
ဝန်ကြီး အန်ဒရီ ဆီဘီဟာက သူ့ရဲ့ အိတ်ဇ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားတာ ဖြစ်ပါတယ်။ "အနည်းဆုံး ရက် ၃၀ ကြာအောင် ချက်ခြင်း အပစ်ရပ်ပါမှပဲ အပြသဘောမဟုတ်၊ တကယ့် အစစ်အမှန် သဘော ဖြစ်လိမ့်မယ်" လို့ ဆိုပါတယ်။
လွယ်လွယ် မကျိုးပေါက်ပဲ တာရှည်နိုင်တဲ့ အပြည့်အဝ အပစ်ရပ်မှု အတွက် ဆိုရင် ယူကရိန်းက အဆင်သင့်ပဲ ဆိုပြီးတော့လည်း ဝန်ကြီး အန်ဒရီ ဆီဘီဟာက ပြောပါတယ်။
အမေရိကန် အစိုးရ အိမ်ဖြူတော်ရဲ့ ပြန်ကြားရေး အရာရှိ ကာရိုလိုင်း လိဗစ်ကတော့ ပစ်ခတ် တိုက်ခိုက်မှု မရပ်နိုင် ဖြစ်နေပြီး၊ ငြိမ်းချမ်းရေး စကားပြောဆိုမှုတွေ တကယ်တမ်း စမလာနိုင်သေးတဲ့ အတွက် ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ယောက် စလုံး အပေါ် သမ္မတ ထရမ့်အနေနဲ့ အားမရတာတွေ၊ စိတ်ပျက်တာတွေ ပိုပိုပြီး ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေး သဘောတူမှု ရလာအောင် သမ္မတထရမ့် ဦးဆောင်တဲ့ အမေရိကန် အစိုးရက ကြားဝင် ဆောင်ရွက်နေပေမယ့်၊ တကယ်လို့ တိုးတက်မှုတွေ ရှိမလာဘူး ဆိုရင် အမေရိကန်ရဲ့ ကြားဝင်မှု အဆုံးသတ်ရလိမ့်မယ် …. နုတ်ထွက်ရလိမ့်မယ် ဆိုပြီးတော့လည်း အိမ်ဖြူတော်က သတိပေးထားပါတယ်။
အထူးသဖြင့် ယူကရိန်းအပေါ် ရုရှားက ဆက်လက် တိုက်ခိုက်နေတဲ့ နောက်ပိုင်း သမ္မတ ထရမ့်က ရုရှားရဲ့ အပြုအမူ အပေါ် အတော်လေး သဘောမကျ ဖြစ်နေတဲ့ အကြောင်း ထုတ်ပြောလာပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၄ ရက်ကစလို့ ယူကရိန်းထဲ စစ်ရေးနည်းနဲ့ အပြည့်အဝ ကျူးကျော် တိုက်ခိုက်လာခဲ့ပါတယ်။ အဲဒီနောက် ယူကရိန်းရဲ့ နယ်မြေ ၂၀ % ဝန်းကျင်ကို ရုရှားက ထိန်းချုပ်လိုက်ပါတယ်။ ၂၀ % ဝန်းကျင်လို့ ပြောရာမှာ ၂၀၁၄ ကတည်းက ရုရှားထဲ ဆွဲသွင်းခဲ့တဲ့ တောင်ဘက် ခရိုင်းမီးယား ကျွန်းဆွယ်လည်း အပါအဝင် ဖြစ်ပါတယ်။
အခု ယူကရိန်းထဲ ကျူးကျော်နေတဲ့ စစ်ပွဲကြောင့် သေဆုံး ဒဏ်ရာရခဲ့သူတွေ သိန်းနဲ့ချီ ရှိနေပြီ ဖြစ်တာမှာ အများစုဟာ နှစ်ဘက် စစ်သားတွေ ဖြစ်ကြပါတယ်။