ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ပြဿနာ - နှစ်ဘက် စစ်အင်အားတွေ တိုးချဲ့နေ

ကမ္ဘောဒီးယားနဲ့ကြား ပိုင်နက်အငြင်းပွားမှု ဖြစ်နေတဲ့ နယ်စပ်နေရာကို ထိုင်းက စစ်ကူတပ်တွေ ထပ်ပြီး စေလွှတ်လိုက်ပါတယ်။

တစ်ဘက်တပ်တွေ အင်အားဖြည့်တင်း လာနေတဲ့အတွက် ထိုင်းဘက်ကလည်း အခုလို တုံ့ပြန် လုပ်ဆောင်ရတာဖြစ်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ်၊ ဒုဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူထားတဲ့ ဖွန်သမ် ဝီချာရချိုင်းက ပြောတဲ့အကြောင်း ထိုင်းကလာတဲ့ သတင်းတွေက ဆိုပါတယ်။

နှစ်နိုင်ငံနယ်စပ် ပိုင်းခြားထားတဲ့ အမှတ်အသား တစုံတရာ အတိတကျ မရှိတဲ့ အဲဒီ နယ်စပ်ဒေသမှာ နှစ်ဘက်တပ်တွေကြား တင်းမာမှုတွေ ပေါ်ပေါက်နေပါတယ်။

ပြီးခဲ့တဲ့ လ ကုန်ပိုင်း မေ ၂၈ ရက်နေ့တုန်းက ပစ်ခတ်မှုတွေ အထိ ခဏတာ ပေါ်ပေါက်လာခဲ့ပြီး ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

အခင်းဖြစ်ရာနေရာမှာ ထိုင်းဘက်ခြမ်းကို ကမ္ဘောဒီးယား စစ်သားတွေရော၊ အရပ်သားတွေပါ ထပ်ပြန်တလဲလဲ နယ်စပ် ကျူးကျော် ဝင်ရောက်လေ့ ရှိတယ်လို့ ဘန်ကောက်ဘက်က ပြောဆို နေပါတယ်။ အဲဒီလို ဖြစ်ပျက်နေတဲ့အပေါ် ထိန်းချုပ်ရေးကို ဖနွမ်းပင်အနေနဲ့ ကိုင်တွယ်လိုတဲ့ စိတ်ဆန္ဒ ရှိမနေဘူးလို့လည်း ထိုင်းအာဏာပိုင်တွေက ဝေဖန်ပါတယ်။

ကမ္ဘောဒီးယားကလည်း သူတို့ ပိုက်နက် ဖြစ်ကြောင်း ပြောနေပြီး၊ နိုင်ငံတကာ တရားရုံး (ICJ) ကနေတဆင့် အဆုံးအဖြတ် ခံယူမယ်လို့ဆိုပါတယ်။ ထိုင်းကတော့ နှစ်နိုင်ငံကြားပဲ ဆွေးနွေးဖြေရှင်းလိုတဲ့ သဘောထားမျိုး ရှိနေပါတယ်။

အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံဟာ အခုအချိန်ထိတော့ တစ်နည်းနည်းနဲ့ ဆွေးနွေး ညှိနှိုင်းသွားမယ့်အကြောင်း စကားလုံး ဝေါဟာရတွေကို သတိထား သုံးစွဲထားတဲ့ ကြေညာချက်တွေကို အပြန်အလှန် ထုတ်နေကြပါတယ်။

နယ်စပ်ပေါက်တွေတော့ ခုချိန်ထိ ပွင့်နေ

"နှစ်နိုင်ငံကြားမှာပဲ စကားပြော အဖြေရှာမယ့် လမ်းကြောင်းကို ကမ္ဘောဒီးယားက ပယ်ချခဲ့တယ်" လို့ ဖွန်သမ် ဝီချာရချိုင်းက ဆိုပါတယ်။ အဲဒါကြောင့် တင်းမာမှုတွေ လျှော့ချနိုင်မယ့် အခွင့်အလမ်း ထိခိုက်သွားပြီး၊ ကမ္ဘောဒီးယားက စစ်အင်အားသာ တိုးမြှင့်ချလာနေတာကြောင့် ထိုင်း စစ်ကူတပ်တွေလည်း စေလွှတ်ရတာ ဖြစ်တယ်လို့ ထိုင်းဘက်က ပြောနေပါတယ်။

ဘယ်လောက် အတိုင်းအတာအထိ စစ်အင်အားတွေ နှစ်ဘက် အသင့် ဖြစ်နေကြလဲ ဆိုတဲ့ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကမ္ဘောဒီယားရဲ့ တပ်အင်အား ဖြည့်တင်းနေတဲ့ အနေအထားဟာ တကယ့်ကို စစ်ရေး ဆောင်ရွက်မှုတွေ လုပ်လာနိုင်တဲ့ ပုံမျိုး ဖြစ်နေတယ် ဆိုပြီး ထိုင်းစစ်တပ်က ပြောနေပါတယ်။

ဒ့ါကြောင့် နယ်စပ်တလျှောက် စစ်ဆေးရေး ဂိတ်တွေရဲ့ လုံခြုံရေးကို ထိုင်းစစ်တပ်က ဝင်ရောက် တာဝန်ယူမယ်လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့် ရှိသူ ဝင်ထိုင်း ဆူဗာရီးက ဆိုပါတယ်။

လက်ရှိအချိန်အထိတော့ နယ်စပ် ဂိတ်တွေ ပွင့်နေကြဆဲ ဖြစ်ပေမဲ့ နှစ်ဘက် စိစစ် စစ်ဆေး မေးမြန်းမှုတွေ တိုးမြှင့်လာနေပါတယ်။ ဂိတ်တွေကို အချိန်စောပြီး ပိတ်တာမျိုးကနေ လုံးဝ ပိတ်ချတာမျိုးအထိ အခြေအနေတွေ အပေါ် မူတည်လို့ လိုအပ်သလို လုပ်သွားမယ် ဆိုပြီးတော့လည်း ထိုင်းစစ်တပ် ပြောခွင့်ရက ဆိုပါတယ်။

ကမ္ဘောဒီးယားဘက်ကို ကူးတဲ့ တရားဝင် ဂိတ်ပေါက် လက်ရှိ ၁၇ ခုအထိ ထိုင်းက ဖွင့်လှစ်ထားရှိပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ မိုင်ပေါင်း ၅၀၈ မိုင် အရှည်အထိ နှစ်နိုင်ငံ ထိစပ်နေတာ ဖြစ်ပါတယ်။

ICJ မှာ ရှင်းမှာလား၊ နှစ်နိုင်ငံတိုက်ရိုက် စကားပြောကြမလား

လက်ရှိ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မားနက်က "ပဋိပက္ခဖြစ်လာအောင် စလုပ်ဆောင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ခုခံ ကာကွယ်သွားမယ်။ အဲဒါ ကမ္ဘောဒီးယား ရပ်တည်မှုပဲ'' လို့ ဆိုပါတယ်။

"ကျွန်ုပ်တို့ လမ်းညွှန်အဖြစ် ကိုးကားတာဟာ နိုင်ငံတကာ ဥပဒေ မူဘောင် ဖြစ်ပြီး အခြေခံ အကျဆုံး အချက်ကတော့ ကိုယ့်ရဲ့အချုပ်အခြာ အထိပါး မခံရရေးပဲ ဖြစ်တယ်" လို့လည်း ဝန်ကြီးချုပ် ဟွန်မားနက်က ဆိုပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်က သူတို့ရဲ့ စစ်တပ်ဟာ တစ်ဘက်ရဲ့ ရန်လိုမှုကို တုံ့ပြန်ပြီး ခုခံကာကွယ်ဖို့ အသင့်ပဲလို့လည်း ဇွန် ၇ ရက်၊ စနေနေ့ အစောပိုင်းမှာ ပြောတဲ့ သူ့ရဲ့ မိန့်ခွန်းထဲ ထည့်သွင်း ပြောသွားပါတယ်။

နိုင်ငံတကာ ဥပဒေ မူဘောင်လို့ ရည်ညွှန်းပြောတဲ့ အတွက် ဒါဟာ ICJ မှာ တက်ပြီး ရှင်းရအောင်ဆိုတဲ့ရပ်တည်မှုကို ကမ္ဘောဒီးယားက ထပ်လောင်းပြသတာလို့ အကဲခတ်တွေက ယူဆကြပါတယ်။

ထိုင်းကတော့ နှစ်နိုင်ငံကြား စကားပြောဆို ဆွေးနွေးရေး ဖြစ်မြောက်ဖို့ပဲ လိုလားနေဆဲ ဖြစ်ပြီး နယ်စပ် အခြေအနေတွေ ပြန်လည် တည်ငြိမ်ဖို့ ဆိုရင် နှစ်နိုင်ငံ စကားပြော ဖြေရှင်းဖို့ လိုတယ်လို့ ထိုင်းနိုင်ငံခြားရေး ဌာန ပြောခွင့်ရကလည်း လောလောလတ်လတ်ပဲ ပြောထားပါတယ်။

အခုလို ထိုင်းနဲ့ ကမ္ဘောဒီးယားကြား တင်းမာမှုကို လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၊ ဒေသတွင်း ဩဇာကြီးတဲ့ တရုတ်နိုင်ငံကပါ ကြားဝင်လျှော့ချပေးဖို့ ကြိုးစားနေတဲ့ကြားကပဲ နယ်စပ်မှာ စစ်အင်အား အပြိုင် တိုးချဲ့ချတာမျိုးအထိ ဖြစ်လာခဲ့ပါတယ်။

ရာဇဝင်ကြွေးတွေ ကိုယ်စီ ရှိတယ်

ထိုင်း နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ပိုင်နက် အငြင်းပွားမှုဆိုတာ အခု ခေတ်သစ်ကာလမှ ဖြစ်လာတာ မဟုတ်ပါဘူး။ ရာစုနှစ်နဲ့ချီ ကြာမြင့်ပြီဖြစ်တဲ့ပြဿနာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား အသေအချာ သတ်မှတ် ပိုင်းခြားထားတာမျိုး မရှိတဲ့ နေရာတွေဟာ ထိစပ်နေတဲ့ မိုင် ၅၀၀ ကျော် နယ်စပ်တလျှောက် အများအပြားပဲ ရှိနေပါတယ်။ နယ်စပ်မြေပုံ ဆိုတာကို ၁၉၀၇ ခုနှစ်မှာ အဲဒီတုန်းက ကမ္ဘောဒီးယားကို ကိုလိုနီပြုထားတဲ့ ပြင်သစ်က စတင် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ခေတ်သစ် သမိုင်းမှာတော့ နှစ်နိုင်ငံကြား တင်းမာမှု အမြင့်ဆုံးဟာ ၂၀၀၈ ခုနှစ်မှာ ရောက်ရှိလာပါတယ်။ ၁၁ ရာစု ဟိန္ဒူ ဘုရားကျောင်းတစ်ခု ဘယ်သူ့ပိုင်နက်မှာ ရှိလဲ၊ ဘယ်သူ့ အပိုင်လဲ ဆိုပြီး အငြင်းပွားကြတာ ဖြစ်ပါတယ်။

စစ်ပွဲကြီး အသွင် မဟုတ်ပဲ ထိတွေ့ ပစ်ခတ်မှုတွေ ကြိုကြားကြိုကြား ပေါ်ပေါက်နေခဲ့တာ နှစ် တချို့ထိအောင်ကြာပါတယ်။ လူတွေလည်း အနည်းဆုံး တစ်ဒါဇင် သေဆုံးခဲ့ပါတယ်။ အဲဒီ အငြင်းပွားမှုမှာ အပြင်းထန်ဆုံး စစ်ရေး ပဋိပက္ခကတော့ ၂၀၁၁ မှာ သီတင်းတစ်ပတ်ကြာတဲ့ အထိ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တဲ့ ကာလ အပိုင်းအခြားပဲ ဖြစ်ပါတယ်။

လက်ရှိ နှစ်နိုင်ငံ အစိုးရ ခေါင်းဆောင်တွေကို ကြည့်ရင် ဟွန်ဆန် မိသားစုနဲ့ သက်ဆင် မိသားစုဟာ အင်မတန် နွေးထွေးတဲ့ ဆက်ဆံရေး ရှိကြတဲ့ မိသားစုတွေ ဖြစ်ပါတယ်။ အဖေကြီး နှစ်ယောက်က မိတ်ဆွေရင်းတွေ ဖြစ်ကြပါတယ်။ အဲဒီ မိသားစုကလာတဲ့ ဟွန်ဆန့်သားနဲ့ သက်ဆင်ရဲ့ သမီးတို့ အခု ဝန်ကြီးချုပ်တွေ ကိုယ်စီ ဖြစ်နေကြတာပါ။

အခု ရက်ပိုင်းမှာပဲ ထိုင်းနဲ့ကြား အချင်းများနေတဲ့ နေရာ ၄ ခု နဲ့ ပတ်သက်ပြီး ICJ မှာ တင်ပြီး အဆုံးအဖြတ် ခံယူမယ် ဆိုပြီး ကမ္ဘောဒီးယားက ပြောလာပါတယ်။ ထိုင်းကတော့ ICJ အဆုံးအဖြတ်ကို အသိအမှတ် ပြုမှာ မဟုတ်ပဲ၊ ကာယကံရှင် နှစ်နိုင်ငံကြားမှာပဲ ဆွေးနွေး အဖြေရှာကြမယ် ဆိုပြီး တုံ့ပြန် ပြောဆိုထားပါတယ်။