ဒီဇင်ဘာ ၁၃ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - စဉ့်ကူးမြို့ ၁၁ မိုင်အကွာထိ စစ်တပ်ထိုးစစ်ရောက်လာ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက ထုံးကြီးနဲ့ ညောင်ဝန်းရွာ ၂ ရွာကို စစ်တပ်က ဒီနေ့မှာ ပြန်ထိန်းချုပ်လိုက်ပြီလို့ မြေပြင်အခြေအနေသိတဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

"ညောင်ဝန်းရွာကတော့ နယ်မြေတဝက်လောက်ပါသွားပြီ။ ညောင်ဝန်းရွာကနေ တော်လှန်ရေးတပ်တွေလည်း ဆုတ်သွားပြီ" လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ထိန်းချုပ်လိုက်တဲ့ ညောင်ဝန်းရွာဟာ စဉ့်ကူးရဲ့ အရှေ့တောင်ဘက်မှာရှိပြီး မြို့နဲ့ ၁၁ မိုင်လောက်ပဲ ကွာဝေးပါတယ်။ ထုံးကြီးရွာကတော့ စဉ့်ကူးမြို့နဲ့ ၁၆ မိုင်ကွာဝေးပြီး တောင်ဘက်ခြမ်းမှာရှိပါတယ်။

စစ်တပ်က စဉ့်ကူးတစ်နယ်လုံးကိုရဖို့ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

စဉ့်ကူးမြောက်ဘက်၊ သပိတ်ကျင်း၊ ဖော့တော့လမ်းဆုံကနေဆင်းလာတဲ့ စစ်ကြောင်း၊ ဧရာဝတီမြစ်ကပ်လျက် တောင်ဘက်ကထိုးလာတဲ့ တောင်အင်း-ထုံးကြီးဘက်က တစ်ကြောင်း၊ စဉ့်ကူး မြို့ အရှေ့တောင်ဘက်ရွှေပြည်-ညောင်ဝန်းဘက်က ထိုးနေတဲ့ တစ်ကြောင်း စတဲ့နေရာတွေကနေ မြို့ကိုပိတ်ထိုးနေတာလို့ သူက ရှင်းပြပါတယ်။

ညောင်ဝန်းနဲ့ ထုံးကြီးရွာမတိုင်ခင် တစ်ပတ်အတွင်းမှာပဲ စစ်တပ်က စဉ့်ကူးမြို့နယ်တောင်ဘက်က တရော်ပင်ရွာနဲ့ ရွှေပြည်ကျေးရွာတို့ကိုလည်း ထိန်းချုပ်ခဲ့ပါတယ်။

လက်ရှိမှာတော့ မန္တလေးအခြေစိုက်တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း စဉ့်ကူးမြို့ လက်မလွှတ်ရရေးအတွက် ခုခံတိုက်ခိုက်နေတာကြောင့် စစ်တပ်နဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စဉ့်ကူးနယ်ထဲက ဒေသခံအများစုကတော့ လေကြောင်းထိုးစစ်နဲ့ မြေပြင်တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ လဆန်းပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ကျားဖြန့်ကိစ္စ ဒေသတွင်းနိုင်ငံတွေပဲ ပူးပေါင်းတိုက်ဖျက်ဖို့ တရုတ်ပြော

ကျားဖြန့်အကြောင်းပြပြီး ပြည်ပနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို လက်မခံဖို့ မြန်မာနဲ့ တရုတ်ကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်က ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးရိနဲ့ အဖွဲ့ နေပြည်တော်ကိုရောက်လာပြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ မနေ့က ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မြဝတီဒေသက ကျားဖြန့်တိုက်ဖျက်ရေးတွေနဲ့ ပတ်သက်လို့ တရုတ်-မြန်မာနှစ်နိုင်ငံအပြင် ဒေသတွင်းနိုင်ငံတွေပဲ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖွဲ့စည်းလိုက်တဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (FBI) ပါဝင်တဲ့ (ကျားဖြန့်) တိုက်ဖျက်ရေးအထူးအဖွဲ့(Scam Center Strike Force) ဟာ မြဝတီမြို့တောင်ဘက် ကျောက်ခက် ဒေသက ကျားဖြန့် လုပ်ငန်းတစ်ခုရဲ့ ခရစ်တိုငွေကြေးအရောင်းအဝယ်ပုံစံ အွန်လိုင်းလိမ်လည် အင်တာနက်စာမျက်နှာတစ်ခုကို နှိမ်နင်း သိမ်းဆည်းတာတွေ လုပ်ခဲ့ပါတယ်။

အဲဒီနောက် အရှေ့တောင်အာရှမှာ ကြီးစိုးနေတဲ့ နိုင်ငံဖြတ်‌ကျော် အွန်လိုင်းလိမ်လည်(ကျားဖြန့်)ဂိုဏ်းတွေကို ဖြိုခွဲနှိမ်နင်းရေးအတွက် ဥပ‌ဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရေး အမေရိကန်အမတ်တွေ တင်ပြချက်ကိုလည်း အောက်လွှတ်တော်မှာ ဆက်ဆွေးနွေးဖို့ အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီက ဒီဇင်ဘာလထဲမှာပဲ အတည်ပြုလိုက်ပါတယ်။

စစ်ကော်မရှင်ကတော့ အွန်လိုင်းလိမ်လည်လောင်းကစားကျုးလွန်မှုတွေကို မြန်မာနိုင်ငံထဲမှာ အခြေမချနိုင်ဖို့ဆိုပြီး အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဒီဇင်ဘာ ၁၀ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

တစ်ဖက်မှာလည်း နေပြည်တော်ကိုရောက်နေတဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကော်မရှင်ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့နဲ့အတူ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီဒေသက ကျားဖြန့်တိုက်ဖျက်ရေးဆောင်ရွက်နေတဲ့အခြေအနေတွေကို ကွင်းဆင်းလေ့လာမယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်နဲ့ တရုတ်ကြား နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ မူဆယ်-တယ်ဟုန် ခရိုင်အဆင့် ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(မူကြမ်း)နဲ့ ပတ်သက်ပြီးတော့လး ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ရခိုင်၊ ဂွမြို့နယ်ကို စစ်တပ်ဗုံးထပ်ကြဲ

ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်ထဲက စစ်တပ်စခန်းနေရာဟောင်းတွေအနီးကို ဒီနေ့နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

မြို့မရပ်ကွက် အလယ်ရွာအနီးက ကျေးလက်ရုံးဟောင်းနဲ့ စစ်တပ်ရဲ့ အမှတ် ၅၆၃ နဲ့ ၅၆၂ တပ်ရင်းရုံးဟောင်း အနောက်ဘက်ခြမ်းက တောင်တန်းတွေကို ကြဲချခဲ့တာပါ

အဲဒီတိုက်ခိုက်မှုကြောင့် ကျေးလက်ရုံးအပါအဝင် ပစ္စည်းဂိုဒေါင်တွေပါ မီးလောင်ပျက်စီးနေပြီး အရပ်သားထိခိုက်တာတော့ မရှိဘူးလို့ သူကဆိုပါတယ်။

အေအေကတော့ စစ်တပ်က ဒီဇင်ဘာ ၁၂ ရက်ကစပြီး ဖျက်အားပြင်းဗုံး(Cluster) တွေအပြင် ဒုံးကျည်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ မနေ့ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ဒုတိယတစ်ပတ်အတွင်း ရခိုင်ထဲက အေအေထိန်းချုပ်ထားတဲ့ မြို့နယ် ၅ မြို့နယ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူဒါဇင်နဲ့ချီ သေဆုံးခဲ့သလို လူဆယ်နဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

စစ်ကော်မရှင်ကတော့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို (Rules of Engagement ROE) နဲ့အညီ လိုအပ်သလို ဆက်လုပ်သွားမယ်လို့ ဒီဇင်ဘာ ၁၂ ရက်မှာ သတင်းထုတ်ထားပါတယ်။

အပစ်ရပ်သဘောတူလိုက်ပြီလို့ ထရမ့်ပြောပြီးနောက် ထိုင်းနဲ့ကမ္ဘောဒီးယား ဆက်တိုက်ခိုက်

ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူညီလိုက်ပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုပြီး နာရီအနည်းငယ်အကြာမှာ စနေနေ့ နံနက်အစောပိုင်းမှာ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ကမ္ဘောဒီးယားတပ်တွေ အကုန်ဆုတ်ခွာပြီး မြေမြှုပ်မိုင်းတွေရှင်းလင်းပေးမှသာ အပစ်အခတ်ရပ်စဲနိုင်မယ်လို့ အမေရိကန်သမ္မတကို ပြောခဲ့တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်က ပြောပါတယ်။

"ထိုင်းနိုင်ငံနဲ့ ပြည်သူတွေကို အန္တရာယ်ပေးတာ၊ ခြိမ်းခြောက်တာတွေမရှိတော့ဘူးလို့ ခံစားရမှသာ ထိုင်းဘက်က စစ်ရေးအရ လုပ်ဆောင်တာတွေ ရပ်ဆိုင်းမယ်" လို့ ထိုင်းဝန်ကြီးချုပ်က လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

နယ်စပ်တစ်လျှောက်က အရေးကြီးနေရာတွေမှာ တပ်စွဲထားတဲ့ ကမ္ဘောဒီးယားတပ်တွေကို ထိုင်းတပ်တွေက နှင်ထုတ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်နေတာမို့ ညအချိန်မှာတောင် လက်နက်ကြီးပစ်ခတ်မှုတွေရှိနေပါတယ်။

ပြန်လည်စတင်တဲ့ တိုက်ခိုက်မှုတွေအတွင်း လူ ၂၁ ဦးထက်မနည်းသေဆုံးပြီး နှစ်ဖက်စလုံးမှာ လူ ခုနှစ်သိန်းလောက်နေရပ်စွန့်ခွာခဲ့ရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားကြား တိုက်ခိုက်မှုကို ဖုန်းတစ်ချက်ကောက်ဆက်လိုက်ရုံနဲ့ ရပ်ဆိုင်းသွားအောင် လုပ်ပေးလို့ရတယ်လို့ ထရမ့်က အခုအပတ်အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ထရမ့်က နှစ်နိုင်ငံဝန်ကြီးချုပ်နှစ်ဦးလုံးကို သောကြာနေ့ညပိုင်းမှာ ဖုန်းပြောပြီးနောက်

နှစ်နိုင်ငံဟာ ဒီညနေပိုင်းမှာ အပစ်ရပ်ဖို့ သဘောတူခဲ့ပြီး အောက်တိုဘာမှာ သူ့ရှေ့မှာ လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီမှုကို ပြန်ကျင့်သုံးလိမ့်မယ်လို့ လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။

"နှစ်နိုင်ငံလုံးက ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်နေပါပြီ" လို့ ထရမ့်ကရေးသားခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ကျူးကျော်ရန်စသူမဟုတ်ဘဲ အပစ်အခတ်ရပ်စဲဖို့ဆိုရင် ကမ္ဘောဒီးယားဟာ သူ့တပ်တွေကို ပြန်ဆုတ်ရမှာဖြစ်ပြီး နယ်စပ်ကနေ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပေးရမှာဖြစ်တယ်လို့ ထရမ့်ကိုပြောဆိုခဲ့ကြောင်း အနုတင်က ပြောခဲ့ပါတယ်။

"သူတို့က ဒါကို အရင်ပြဖို့လိုလိမ့်မယ်" လို့ သူကပြောခဲ့ပါတယ်။

နှစ်ဖက်စလုံး အပစ်အခတ်မရပ်ဘူးဆိုရင် သွင်းကုန်ခွန်ကို တိုးမြှင့်ကောက်ခံမယ်လို့ ဇူလိုင်မှာ ပြောဆိုခဲ့တဲ့ ခြိမ်းခြောက်စကားကိုတော့ ထရမ့်က ထပ်ပြောခဲ့တာမရှိပါဘူး။

အခုပဋိပက္ခနဲ့ ကုန်သွယ်ရေးကို မချိတ်ဆက်ဖို့ ထိုင်းနိုင်ငံက အမေရိကန်ကို သတိပေးထားပါတယ်။ ထိုင်းရဲ့လေကြောင်းတိုက်ခိုက်မှုများစွာနဲ့ ကြုံခဲ့ရတယ်လို့ ကမ္ဘောဒီးယားက စနေနေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ ထိုင်းစစ်တပ်ဟာ အက်ဖ်-၁၆ တိုက်လေယာဉ်တွေသုံးပြီး ပစ်မှတ်တချို့အပေါ် ဗုံးခုနစ်လုံးကြဲခဲ့တယ်လို့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။

"ထိုင်းစစ်လေယာဉ်တွေက အခုထိ ဗုံးကြဲတာမရပ်သေးပါဘူး"လို့ ဝန်ကြီးဌာနက ရေးသားခဲ့ပါတယ်။

တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေဆဲဖြစ်တယ်လို့ ထိုင်းစစ်တပ်ကလည်း အတည်ပြုထားပါတယ်။

တရုတ်ကုမ္ပဏီဝမ်ပေါင် လုပ်ငန်းလည်ပတ်မှု ၃ လ ရပ်ဆိုင်း

စစ်ကိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီ ဝမ်ပေါင်ရဲ့ လုပ်ငန်းလည်ပတ်မှုအားလုံးကို နိုဝင်ဘာ ၂၇ ရက်ကတည်းက ရပ်ဆိုင်းထားပြီး ၃ လ ကြာ ရပ်ဆိုင်းမယ်လို့ ဝမ်ပေါင်ထဲမှာလုပ်ကိုင်နေသူတချို့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဘာကြောင့်ရပ်နားရလဲ ဆိုတာ ကုမ္ပဏီဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။

ဆားလင်းကြီးမှာ ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ရှိန်မြှင့်ဖို့ ရှိနိုင်တာကြောင့် ခဏပိတ်တာဖြစ်နိုင်တယ်လို့ စစ်ကိုင်းစစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

မြေပြင်မှာရှိတဲ့ ဒေသခံတစ်ဦးကတော့ ဒီဇင်ဘာလအတွင်း ဝမ်ပေါင်စီမံကိန်း အနီးတဝိုက်မှာ ဒေသအခြေစိုက်တော်လှန်ရေးတပ်တချို့က မိုင်းဆွဲတိုက်ခိုက်တာတွေလုပ်နေသလို ပစ်ခတ်တဲ့ အသံတွေ ခပ်စိပ်စိပ်ကြားလာရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"အလုပ်သမားတွေကို နေရပ်ပြန်ချင်တဲ့သူ ပြန်ခွင့်ပေးတယ်။ မပြန်ချင်လည်း ကုမ္ပဏီထဲမှာ ဆက်နေလို့ရတယ်" လို့ သူက ဆက်ပြောပါတယ်။

နေရပ်ပြန်တဲ့သူတွေကိုတော့ လစာလုံးဝမပေးဘူးလို့ ဝမ်ပေါင်ဘက်က ပြောတဲ့အ‌ကြောင်း သူကရှင်းပြပါတယ်။

တစ်ချိန်တည်းမှာပဲ ဝမ်‌ပေါင်ကုမ္ပဏီဘက်က လုပ်ငန်းခွင်ရပ်နားထားချိန်မှာပဲ စည်းရုံးရေးကောင်းတဲ့ ဝန်ထမ်းတချို့ကို တရုတ်ပြည်ဘက် အလည်အပတ်ခရီးစဉ် ပို့ပေးထားတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဝမ်ပေါင်စီမံကိန်းကိုပဲ လနဲ့ချီ ရပ်ဆိုင်းလိုက်တာကြောင့် ဒေသခံတချို့ကတော့ ရွေးကောက်ပွဲအချိန်နီးကပ်လာတာကြောင့် ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ရေးပိုပြီးတင်းမာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တုန်းက ဆားလင်းကြီးမြို့နယ်မှာလုပ်တဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး အသံတိတ်သပိတ်လှုပ်ရှားမှာ ဒေသခံလူထုအပါအဝင် သပိတ်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ဆန္ဒပြလှုပ်ရှားခဲ့ကြတာ တွေ့ရပါတယ်။

အီရန်က နိုဘယ်ဆုရှင် မိုဟမ်မာဒီ အဖမ်းခံရ

ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆုရှင်ဖြစ်သလို အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူလည်းဖြစ်တဲ့ နာဂက်စ် မိုဟမ်မာဒီကို အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးပြီး ဖမ်းဆီးခဲ့တယ်လို့ သူ့ရဲ့ဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။

အသက် ၅၃ နှစ်အရွယ် မိုဟမ်မာဒီကို တခြားလှုပ်ရှားသူတွေနဲ့အတူ အီရန်နိုင်ငံအရှေ့ပိုင်း မက်ရှ်ဟတ်မြို့မှာ ဖမ်းဆီးခဲ့တာလို့ နာဂက်စ်ဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။

နိုဘယ်ဆုရွေးချယ်ရေးကော်မတီကလည်း မိုဟမ်မာဒီကို ချုပ်နှောင်ထားတဲ့နေရာကို အချိန်မဆိုင်းဘဲ ထုတ်ပြန်ပေးဖို့၊ သူလုံခြုံမှုရှိဖို့၊ ဂုဏ်သိက္ခာထိပါးမှုမရှိကြောင်း အတည်ပြုပေးဖို့နဲ့ တောင်းဆိုချက်တစ်စုံတရာမရှိဘဲ ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

အီရန်ဘက်က တစ်စုံတရာ မှတ်ချက်ပေးတာမရှိသေးပါဘူး။

အီရန်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုနဲ့ လူ့အခွင့်ရေးတိုးမြှင့်ရရှိရေး လုပ်ဆောင်ခဲ့တာကြောင့် မိုဟမ်မာဒီဟာ ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်ဆုကို ရရှိခဲ့ပါတယ်။

မိုဟမ်မာဒီဟာ တီဟီရန်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အဲဗင်အကျဉ်းထောင်မှာ ၂၀၂၁ ခုနှစ်မှာ ချုပ်နှောင်ခံခဲ့ရပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ ကျန်းမာရေးအကြောင်းပြချက်နဲ့ အကျဉ်းထောင်ကနေ ရက်သတ္တပတ်သုံးပတ် ယာယီလွတ်မြောက်ခွင့်ရခဲ့ပါတယ်။

သူဟာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရတာဖြစ်ပြီး ယာယီလွတ်မြောက်မှုရပြီးနောက် အကျဉ်းထောင်ကို ပြန်သွားရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့အပတ်မှာ ရုံးခန်းအတွင်း သေဆုံးလျက်တွေ့ရတဲ့ ရှေ့နေ ခိုစ်ရိုး အလီကော်ဒီနဲ့ပတ်သက်တဲ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်စဉ် မိုဟမ်မာဒီ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ရှေ့နေသေဆုံးရတဲ့ အခြေအနေတွေက သံသယဝင်စရာကောင်းတာမို့ ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာကို အမှီအခိုကင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ နော်ဝေအခြေစိုက်အုပ်စု အီရန်လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားပါတယ်။ အောက်မေ့ဖွယ်အခမ်းအနားမှာ အခြားလှုပ်ရှားသူများစွာလည်း အဖမ်းခံခဲ့ရပါတယ်။

"အာဏာရှင် ကျဆုံးပါစေ" နဲ့ "အီရန် အဓွန့်ရှည်ပါစေ" လို့ သူတို့က ကြွေးကြော်ခဲ့ကြတယ်လို့ ပြောဆိုတာတွေရှိခဲ့ပါတယ်။

မိုဟမ်မာဒီ အကြမ်းဖက်ဖမ်းဆီးခဲ့တာကို ရှေ့နေရဲ့ အစ်ကိုဖြစ်သူက မျက်မြင်ကြုံတွေ့ခဲ့ရတယ် လို့ မိုဟမ်မာဒီရဲ့ ခင်ပွန်း တာဂီ ရာမာနီက ဘီဘီစီပါရှန်းအစီအစဉ်ကို ပြောပါတယ်။

တနင်္သာရီ၊ ရေဖြူက ဌာနဆိုင်ရာရုံးတွေနဲ့ ဝန်ထမ်းအိမ်ရာတွေ မီးရှို့ခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့က အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သစ်တောဦးစီးမှူးရုံး၊ စုပေါင်းဌာနဆိုင်ရာရုံးတွေအပါအဝင် ရေဖြူပြည်သူ့ဆေးရုံ၊ ဘဏ်နဲ့ ဝန်ထမ်းအိမ်ရာ စတဲ့နေရာတွေ လက်နက်ကြီး၊ ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး မီးရှို့ခံရတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။

မနေ့မနက်ပိုင်းမှာ ရေဖြူမြို့မရဲစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ဖို့ကြိုးစားခဲ့ပြီး ပြန်ဆုတ်ခွာချိန်မှာ မီးရှို့ခံခဲ့ရတာလို့ ထုတ်ပြန်ပါတယ်။

ရေဖြူမြို့ အနောက်ခြမ်းက မြို့မရဲစခန်းကို သိမ်းဖို့ KNU နဲ့ PDF တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး စစ်ကူတွေ မရောက်လာနိုင်အောင်နှောင့်ယှက်ပစ်ခတ်ခဲ့တယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။

ရေဖြူရဲစခန်းမကျအောင် စခန်းထဲက ရဲတပ်ဖွဲ့ဝင်တွေက KNU နဲ့ PDF ပူးပေါင်းတပ်တွေကို ပြန်လည်ပစ်ခတ်သလို စခန်းပြင်ပက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း လက်နက်ကြီးနဲ့ ပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။

KNU နဲ့ PDF တပ်တွေ မွန်းလွဲပိုင်းမှာ ဆုတ်ခွာခဲ့ပြီး စစ်တပ်က လိုက်လံတိုက်ခိုက်တာတွေ မလုပ်နိုင်အောင် ဌာနဆိုင်ရာရုံးတွေကို မီးရှို့ပြီး ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မီးရှို့ဖျက်ဆီးမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရတာမရှိပေမယ့် ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။

ရခိုင်၊ မြောက်ဦးဆေးရုံဗုံးကြဲခံရမှု နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်

အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက မြောက်ဦးဆေးရုံဗုံးကြဲခံရပြီးနောက် လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချကြပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က မြောက်ဦးဆေးရုံဗုံးကြဲခံရမှုအပါအဝင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက လူထုအ‌ပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းအဆုံးသတ်ဖို့ ကုလသမဂ္ဂကနေ တောင်းဆိုမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားတွေကို ထိခိုက်နစ်နာစေတဲ့ စစ်ဆင်‌ရေးတွေကို ရပ်တန့်ပြီး အရပ်သားတွေကို ကာကွယ်ဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့ လူ့အခွင့်အရေးဥပ‌ဒေတွေကို လိုက်နာဖို့ ကုလသမဂ္ဂက စစ်ကော်မရှင်ကို ထပ်မံတောင်းဆိုလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ(ICRC) က ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ အဆောက်အအုံတွေအပြင် ပို့ဆောင်ရေးတွေကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေက အကာအကွယ်ပေးထားတာကြောင့် ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မလုပ်ရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM ကတော့ ဆေးရုံနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေဟာ အထူးကာကွယ်ထားတဲ့ အရပ်ဘက်ပစ္စည်းတွေဖြစ်ပြီး ဒါတွေကို တိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

IIMM အနေနဲ့ မြောက်ဦးလေကြောင်းဗုံးကြဲခံရမှုအပေါ် အသက်ရှင်ကျန်ရစ်သူတွေ၊ လူနာတွေနဲ့ ပြုစုစောင့်ရှောက်သူတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အခြားမျက်မြင်သက်သေ ဒါမှမဟုတ် ဖြစ်စဉ်ကို တိုက်ရိုက်သိတဲ့ အဖွဲ့အစည်းတွေဆီကနေ သက်သေအချက်အလက်တွေ ရှာဖွေစုဆောင်းနေတာကြောင့် အချက်အလက်တွေပေးပို့ကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

‌မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ ဒဏ်ရာတွေနဲ့ ဆက်စပ်ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင်အချက်အလက်တွေ၊ ဒရုန်းတွေနဲ့ ပျက်စီးမှုကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေ၊ လေကြောင်းတိုက်ခိုက်ရာမှာ သုံးခဲ့တဲ့ လေယာဉ်ဆိုင်ရာ အချက်အလက်တွေ လက်နက်အကြွင်းအကျန်တွေရဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တွေ စတာတွေကို ပေးပို့ဖို့ IIMM က တောင်းဆိုထားပါတယ်။

ဒီအချက်အလက်တွေ တောင်းဆိုရတာဟာ အထောက်အထားတွေကို ထိန်းသိမ်းစောင့်ရှောက်စုစည်းပြီး ဒေသဆိုင်ရာနဲ့ နိုင်ငံတကာတရားရုံးတွေမှာ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို တရားစွဲဆိုဖို့ အသုံးပြုနိုင်မှာဖြစ်ပြီး တရားမျှတမှုနဲ့ တာဝန်ခံမှုကို အထောက်အကူပြုဖို့ရည်ရွယ်တယ်လို့ IIMM က အသိပေးပါတယ်။

စစ်ကော်မရှင်ကတော့ လူ ၃ ဒါဇင်နီးပါးအထိ သေဆုံးခဲ့တဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး အေအေ၊ ဒေသခံ PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)နဲ့ အရှိုချင်းစတဲ့တပ်တွေဟာ မြောက်ဦးဆေးရုံကို ဆေးရုံအသွင်အပြင်အဖြစ် အခြေပြုပြီး စစ်စခန်းအဖြစ် သုံးနေတာလို့ ဒီဇင်ဘာ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်မှာ အမျိုးသမီးအရာရှိ ၉၀၀ ကျော် တာဝန်ထမ်းဆောင်နေ

မြန်မာစစ်တပ်မှာ အမျိုးသမီးအရာရှိ ၉၀၀ ကျော် တာဝန်ထမ်းဆောင်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းပွဲ မိန့်ခွန်းမှာပြောပါတယ်။

ကြည်း၊ ရေ၊ လေနဲ့ လက်ရုံးတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေကြပြီး အမျိုးသမီးလေသူရဲပျံသန်းရေးတာဝန်ပါ ယူနေကြတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး)တာဝန်၊ စစ်ရေယာဉ်တွေပေါ် လိုက်ပါပြီး ပိုင်နက်ရေပြင်ကာကွယ်ရေးတာဝန်၊ လေထီးစစ်သမီးတာဝန်တွေနဲ့ နယ်လှည့်ဆေးကုသရေးတာဝန်တွေကိုပါ ထမ်းဆောင်နေကြပါတယ်။

အမျိုးသမီး ဗိုလ်လောင်းတွေကို တပ်ပြင်စည်းရုံးရေးကိုပါ ဆက်လက်တည်ဆောက်ကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ရန်ကုန်မြို့က ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်ကို လေကြောင်းဗုံးဆက်ကြဲ

ရခိုင်မှာ စစ်ဆင်ရေးဆက်လုပ်သွားမယ်လို့ စစ်တပ်ပြော

ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင် ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ အေအေက ဒီဇင်ဘာ ၁၂ ရက်မှာ သတင်းထုတ်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်ကစပြီး စစ်တပ်က ရခိုင်ပြည်နယ်ထဲ လေကြောင်းတိုက်ခိုက်ရာမှာ ဖျက်အားပြင်း ကလပ်စတာ(Cluster) ဗုံးတွေကို သုံးနေပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလည်း လုပ်နေတယ်လို့ အေအေက ပြောပါတယ်။

ပေါက်တော နဲ့ ‌မြောက်ဦးမြို့နယ်တွေမှာလည်း လေကြောင်းရန်သတိပေးချက် အေအေက ထုတ်ပြန်ပါတယ်။

စစ်တပ်က ရခိုင်မှာ သုံးရက်ဆက်တိုက်ဗုံးကြဲတာဖြစ်ပြီး မြောက်ဦး၊ဂွနဲ့ ကျောက်ဖြူတို့ကိုကြဲပြီး ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင် ကိုပါဆက်ကြဲလာတာပါ။

ဒီဇင်ဘာ ၁၀ ရက် ညပိုင်းတုန်း အေအေထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်ထဲက ဆေးရုံ ဗုံးကြဲခံရမှုနဲ့ပတ်သက်ပြီး ၃လ အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၃၃ ဦးသေဆုံးခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ကတော့ လူ ၃ ဒါဇင်နီးပါးအထိ သေဆုံးခဲ့တဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး အေအေ၊ ဒေသခံ PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)နဲ့ အရှိုချင်းစတဲ့တပ်တွေဟာ မြောက်ဦးဆေးရုံကို ဆေးရုံအသွင်အပြင်အဖြစ် အခြေပြုပြီး စစ်စခန်းအဖြစ် သုံးနေတာလို့ ဒီဇင်ဘာ ၁၂ ရက်မှာပဲ သတင်းထုတ်ပြန်ပါတယ်။

မြောက်ဦးဗုံးကြဲမှုနဲ့ ပတ်သက်ပြီး သံရုံးတွေအပါအဝင် နိုင်ငံတကာနဲ့အရပ်ဘက်အဖွဲ့အစည်းတချို့က ကန့်ကွက်ခဲ့ကြပါတယ်။

စစ်တပ်ကတော့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို (Rules of Engagement ROE)နှင့်အညီ လိုအပ်သလို ဆက်လုပ်သွားမယ်လို့ ဒီဇင်ဘာ ၁၂ ရက်မှာပဲ ထုတ်ပြန်ကြေညာပါတယ်။