တရုတ်နဲ့ မြေရှားသတ္တုသဘောတူညီချက် ရပြီလို့ ထရမ့်ပြော

    • ရေးသားသူ, ပီတာ ဟော့စ်ကင်းနဲ့ နာတာလီရှာမန်
    • ရာထူးတာဝန်, စီးပွားရေးသတင်းထောက်များ၊ ဘီဘီစီသတင်း
    • ရေးသားပေးပို့သည့်နေရာ, စင်္ကာပူနဲ့ နယူးယောက်

အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှုတွေအနည်ထိုင်သွားအောင် လုပ်ပေးနိုင်မယ့် ''သဘောတူညီချက်တစ်ခု'' ရရှိသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

တရုတ်ဟာ အမေရိကန်ကုမ္ပဏီတွေကို သံလိုက်တွေနဲ့ မြေရှားသတ္တုတွေကို ထောက်ပံ့မှု ပေးဖို့ သဘောတူခဲ့တယ်လို့ သူက ပြောပါတယ်။ အဲဒီအတွက် အမေရိကန်ဟာ တရုတ်ကျောင်းသားတွေကို ဗီဇာရုပ်သိမ်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကနေ နောက်ကြောင်းပြန်လှည့်မယ်လို့ ဆိုပါတယ်။

"တရုတ်နဲ့ ကျွန်တော်တို့ရဲ့အပေးအယူ ရရှိပါပြီ။ သမ္မတရှီနဲ့ ကျွန်တော်တို့ နောက်ဆုံး အတည်ပြုဖို့သာ ရှိတော့ပါတယ်" လို့ ထရမ့်က သူ့ရဲ့ ထရု မီဒီယာမှာ ရေးပါတယ်။

ကမ္ဘာ့စီးပွားရေးအကြီးမားဆုံး နိုင်ငံကြီး ၂ နှစ်နိုင်ငံကြားမှာ အပြန်အလှန်အခွန်တိုးကောက်ကြလို့ ကုန်သွယ်ရေး ကမောက်ကမဖြစ်ခဲ့ကြအပြီး ပြန်လည် ကိုယ်ရှိန်သတ်ကြဖို့ မေလမှာ နှစ်ဖက် သဘောတူခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ရအပြီး လန်ဒန်မြို့မှာ ရက်နဲ့ချီကြာအောင် နှစ်ဖက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြလို့ အခုအခြေအနေအထိ ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတထရမ့်က သဘောတူညီချက်နဲ့ပတ်သက်ပြီး နည်းနည်းပဲ ပြောဆိုထားတာကြောင့် အိမ်ဖြူတော်အနေနဲ့ သူ့ရဲ့ အခွန်အတုပ်တိုးကောက်တဲ့ဗျူဟာကို အခုလို သဘောတူညီချက် ခိုင်ခိုင်မာမာ ရရှိတဲ့အခါမျိုးမှာ ပြုလွယ် ပြောင်းလွယ် လုပ်မှာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ် လာပါတယ်။

သမ္မတ ထရမ့်ကတော့ ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ တစ်ဖက်သတ် အခွန်ကောက်နှုန်းတွေကို လာမယ့် သီတင်း ၁ ပတ် ဒါမှမဟုတ် ၂ ပတ်အတွင်း ပြုလုပ်မယ်လို့ ကြာသပတေးနေ့တုန်းက ပြောထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေအပေါ် သွင်းကုန်စည်းကြပ်ခွန်တွေကို ပြန်လည် တိုးမြှင့်ကောက်ခံမယ့် ဇူလိုင် ၉ ရက် နောက်ဆုံးသတ်မှတ်ချက် မတိုင်ခင်မှာ သေဘောတူညီချက်ဆိုင်ရာသတ်မှတ်မှုတွေကို စာတွေ ပေးပို့သွားမယ်လို့လည်း သမ္မတ ထရမ့်က ပြောထားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်စ်ဆန့်ကလည်း တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ဆက်ရှိလာစေဖို့ ကြီးကြီးမားမားလုပ်ထားတဲ့ အခွန်တိုးတဲ့ကိစ္စအချို့ဆို ထပ်မံ ဆိုင်းငံ့တာလုပ်မယ်လို့ သီးခြားပြောထားပါတယ်။

တရုတ်နဲ့သဘောတူညီထားတဲ့ သဘောတူညီချက်အသေးစိတ်တော့ မထွက်လာသေးပါဘူး။ ဒါပေမဲ့ တရုတ်နဲ့ အမေရိကန် ထိပ်တန်းအရာရှိတွေ ပါဝင်ကြတဲ့ လန်ဒန်မြို့က ညှိနှိုင်းဆွေးနွေးတာတွေကို စတင်ဖို့ ထရမ့်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖုန်းပြောခဲ့ကြပါတယ်။

အရာရှိတွေကတော့ အခုအသစ်ရပြီဆိုတဲ့သဘောတူညီချက်ဟာ မေလတုန်းက ဆိုင်းငံ့ခဲ့ပြီး ခဏရပ်ထားတဲ့ နှစ်နိုင်ငံအပြန်အလှန် အခွန်တိုးကောက်မှု သဘောတူညီချက်ပါ အခြေခံအချက်တွကို အပြောင်းအလဲ ဖြစ်စေမှာမဟုတ်ဘူးလို့ ပြောပါတယ်။

"မူအရတော့ နှစ်ဖက်စလုံးဟာ ဇွန်လ ၅ ရက်တုန်းက နှစ်နိုင်ငံခေါင်းဆောင်တွေကြား ဖုန်းခေါ် ဆိုမှုနဲ့ ဂျနီဗာ တွေ့ဆုံမှုကနေ ရရှိခဲ့တဲ့ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖို့ မူဘောင်တစ်ခု ရရှိတယ်ပေါ့လေ'' လို့ တရုတ် စီးပွားကူးသန်းဝန်ကြီး လီ ချန်းဂန်က ပြောပါတယ်။

နှစ်ဖက်စလုံးဟာ "ဂျနီဗာ အများသဘောတူညီချက် အကောင်အထည်ဖော်မှု မူဘောင်တစ်ခုအထိ ရောက်ခဲ့ပါတယ်" လို့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝပ် လုနစ်က သတင်းထောက်တွေကို ပြောပါတယ်။

"သမ္မတက အတည်ပြုတာနဲ့တစ်ခါတည်း ကျွန်တော်တို့ကအကောင်အထည်ဖော်ဖို့ ကြိုးစား ကြမှာပါ" လို့ သူက ထပ်ပြောပါတယ်။

ဆွေးနွေးမှုက ဂျနီဗာသဘောတူညီချက်နဲ့ ပတ်သက်ပြီး "အခြေတည်ဖို့လိုအပ်တဲ့အရာတွေကို ဆွေးနွေးခဲ့တယ် " လို့ သူက CNBC ရုပ်သံဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

"ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ"၊ "အားလုံးအဆင်ပြေတယ်လို့ ယူဆပါတယ်" လို့ သူက ပြောပါတယ်။

သဘောတူညီချက် အသေးစိတ်ကို ထရမ့်က ပြန်လည်သုံးသပ်နေတယ်လို့ အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လက်ဗစ်ဒ် ကပြောပါတယ်။ "သမ္မတကတော့ လောလောဆယ် သူ ကြားသိထားရသမျှကို သဘောကျတာမျိုးတော့ရှိပါတယ်" လို့ သူက ပြောပါတယ်။

မိုဘိုင်းဖုန်းကနေ လျှပ်စစ်ကားအဆုံး ထုတ်ကုန်တွေမှာ မရှိမဖြစ် အသုံးဝင်တဲ့ မြေရှားသတ္တုတွေနဲ့ သံလိုက်တွေကို တင်ပို့မှုအပိုင်းကို ခပ်နှေးနှေးလုပ်လာမှာကို အမေရိကန် စိုးရိမ်ချက်ကြောင့်လည်း လန်ဒန်က အခုလို ညှိနှိုင်းဆွေးနွေးမှုတွေထွက်လာတယ်လို့ နားလည်ရပါတယ်။

ဘေဂျင်းဘက်ကလည်း အမေရိကန်က ထိန်းချုပ်ထားတဲ့ နိုင်ငံရဲ့ပိုင်ဆိုင်မှု semiconductors တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ ဉာဏ်ရည်တုနဲ့ပတ်သက်တဲ့နည်းပညာတွေ၊ တရုတ်ကျောင်းသား တွေအပေါ် ဗီဇာကန့်သတ်မှု စတာတွေကိုပြန်လည်‌ ဝေဖန်ပြောဆိုခဲ့ပါတယ်။

''တန်ပြန်အစီအမံတွေ'' ကို ဖယ်ရှားဖို့ အမေရိကန်က သဘောတူညီခဲ့တယ်လို့ အမေရိကန် စီးပွား ကူးသန်းဝန်ကြီးက CNBC ကို ပြောပေမဲ့ အသေးစိတ်တော့ ပြောခဲ့တာမရှိပါဘူး။

ဘဏ္ဍာရေးဝန်ကြီး စကော့ ဘန်ဆန့်ကတော့ အခုပြုလုပ်တဲ့ဆွေးနွေးပွဲတွေဟာ ဘောင်ကျဉ်းကျဉ်းအတွက် အာရုံစိုက်ထားတာဖြစ်ပြီး ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်တွေရနိုင်ဖို့ဆိုရင်တော့ အချိန်ပိုယူရလိမ့်မယ်လို့ ဗုဒ္ဓဟူးနေ့တုန်းက ကွန်ဂရက်စ်လွှတ်တော် ကြားနာမှုကို တက်ရောက်ရင်း ပြောပါတယ်။

လတ်တလောဆွေးနွေးမှုတွေဟာ အကြောင်းအရာအပေါ်ဦးတည်မှုအကောင်းဆုံးထာပြီးတော့ ပိုပြီးပြည့်စုံကောင်းမွန်တဲ့ သဘောတူညီချက်အတွက် အချိန်ယူရမှာပါလို့ ဗုဒ္ဓဟူးနေ့ ကွန်ဂရက်မတိုင်ခင် ကြားနာခဲ့မှုမှာ ဘဏ္ဍာရေးဝန်ကြီး၊ စကော့ဘတ်ဆန့် က‌ပြောခဲ့ပါတယ်။

"ရှည်လျားတဲ့လုပ်ငန်းအစီအစဥ်မျိုး ဖြစ်ပါလိမ့်မယ်" လို့ သူကပြောပါတယ်။

အခြားသောနိုင်ငံတွေနဲ့ ကုန်သွယ်ရေးဆွေးနွေးမှုဟာ တချို့နိုင်ငံတွေအတွက် အမေရိကန်က ကြေညာထားတဲ့ အခွန်တိုးကောက်မှုကို ရက် ၉၀ ကာလအကျော်အထိ ထပ်ပြီး ထားရှိတာမျိုး ရှိလာနိုင်မယ်လို့လည်း သူက ကွန်ဂရက်စ်လွှတ်တော် ကြားနာမှုအတွင်း ပြောသွားပါတယ်။

"ညှိနှိုင်းနေတဲ့နိုင်ငံတွေ ဒါမှမဟုတ် ဒီနေရာမှာ ဥရောပသမဂ္ဂ အီးယူလို့ တစ်ဖွဲ့လုံးစာ ကိုယ်စားပြုမယ့်ကုန်သွယ်ရေးအဖွဲ့တွေလို အဖွဲ့တွေက ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးမယ်ဆိုရင် ကျွန်တောတို့ဘက်ကလည်း ဆွေးနွေးမယ့် ရက် သတ်မှတ်မှာပါ။ ညှိနှိုင်းဆွေးနွေးတာကို အယုံအကြည်မရှိကြဘူးဆိုရင် ကျွန်တော်တို့ဘက်ကလည်း တုံ့ပြန်မှာ မဟုတ်ပါဘူး'' လို့ သူက ပြောပါတယ်။

အခုနှစ်အစောပိုင်းမှာ နိုင်ငံအများအပြားက သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေကို သမ္မတ ထရမ့်က ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန်ခဲ့တဲ့အခါမှာ တရုတ်ဟာ ထိခိုက်မှုအရှိဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။

တရုတ်ကလည်း အမေရိကန်ကုန်ပစ္စည်းတွေအပေါ် မြင့်မားတဲ့အခွန်တွေကို သတ်မှတ်တုန့်ပြန်ခဲ့လို့ အမေရိကန်နဲ့ တရုတ်လို့ အပြန်အလှန် လက်တုံ့ပြန် အခွန်တိုးကောက်တာတွေ ဖြစ်ခဲ့ပါတယ်။

မေလမှာတော့ ဆွစ်ဇလန်မှာ နှစ်နိုင်ငံဆွေးနွေးပွဲ လုပ်ခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲ ခဏရပ်တန့်ခဲ့တယ်။ သမ္မတ ထရမ်ကတော့ ဒါကို "သံပတ်ကို အလုံးစုံ ပြန်လှည့်တာ" လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။

ဒါကြောင့်ပဲ တရုတ် ပို့ကုန်တွေကို အမေရိကန်က အခွန်တိုးကောက်မှုကို ၁၄၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိကို လျော့ချခဲ့ပါတယ်။ ဘေဂျင်းကလည်း တရုတ်ကို ပို့လာတဲ့ အမေရိကန် ကုန်တွေကို အခွန်ကောက်နှုန်း ၁၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး အရေးပါတဲ့ဓာတ်သတ္တုတွေ တင်ပို့မှုမှာ စည်းနှောင်ထားတဲ့လုပ်ထုံးလုပ်နည်း ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ ကတိပေးခဲ့ ပါတယ်။ ရက်ပေါင်း ၉၀ အတွင်း ကုန်သွယ်သဘောတူညီချက် ရရှိဖို့ကိုလည်း နှစ်ဖက် စလုံးက အချိန်ပေးခဲ့ကြပါတယ်။

ဒါပေမဲ့ သွင်းကုန်စည်းကြပ်မှုမလုပ်ဖို့ ဂတိတွေကို ချိုးဖောက်ခဲ့ကြတယ်လို့ အမေရိကန်ရော တရုတ်ကပါ တစ်ဖက်ကို တစ်ဖက် ပြောခဲ့ကြပါတယ်။ ဖောက်ထုတ်ဖို့ နှစ်နိုင်ငံလုံးက တောင်းဆိုခဲ့ပါတယ်။

အမေရိကန်အနေနဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ်မှာ ၅၅ ရာခိုင်နှုန်းအခွန်ကောက်တာလို့ ထရမ့်က လူမှုကွန်ရက်မှာ တက်ပြောပေမဲ့ အဲဒီပမာဏဟာ သူရဲ့ပထမ သမ္မတသက်တမ်းတုန်းက ထားခဲ့တဲ့ ကုန်သွယ်ခွန်တိုးကောက်မှု ပမာဏလို့ အရာရှိတွေက ပြောပါတယ်။

အခု တရုတ်နဲ့ အမေရိကန်ကြား ရရှိတဲ့သဘောတူညီချက်ကြောင့် စျေးကွက်တွေမှာ လှုပ်လှုပ်ခတ်ခတ်တော့ မရှိသေးပါဘူး။ ''သိပ်ကို အကန့်အသတ်ဖြစ်နေတုန်းပဲ၊ ဆက်လုပ်ဖို့ ကျန်နေသေးတာကိုး'' လို့ ဝါရှင်တန် အခြေစိုက် အကြံပေးလုပ်ငန်း ပန်ဂဲရာမူဝါဒအဖွဲ့ကို ထူထောင်သူ တယ်ရီ ဟိန်းစ် ကပြောပါတယ်။

"ခတ္တရပ်ထားတဲ့ ဂျနီဗာ(ကုန်သွယ်ရေးဆွေးနွေးမှုတွေကို) လမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်နိုင််တယ်ဆိုတာ မပြောပလောက်တဲ့ တိုးတက်မှုပါ။ နောက်ပြီး အနာဂတ်မှာ ဖြစ်လာနိုင်မယ့် တရုတ် - အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်နဲ့ ပထဝီဝင်နိုင်ငံရေးအရ ချဉ်းကပ်မှု အသစ်ပြုလုပ်မလားဆိုတဲ့အထိလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာဖို့ မမြင်သေးပါဘူး''