အမေရိကန်ကို ထွက်ပြေးခိုလှုံနေတဲ့ ဘရာဇီးသမ္မတဟောင်း နေရပ်တိုင်းပြည်ပြန်လာ-မတ်လ ၃၀ ညနေခင်း နိုင်ငံတကာသတင်းများ

ဘရာဇီးလ်နိုင်ငံရဲ့ လက်ယာစွန်းဝါဒီ သမ္မတဟောင်း ဂျယဲ ဘော်လ်ဆိုနာရို ဟာ အမေရိကန်နိုင်ငံမှာ ၃ လကြာ ထွက်ပြေးခိုလှုံနေခဲ့အပြီး အခုအခါ နေရပ်တိုင်းပြည်ကို ပြန်ရောက်လာပြီ ဖြစ်ပါတယ်။

သူ့ကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ ဘရာဆေးလီးယား မြို့တော်ကို ဆိုက်ရောက်လာစဉ် သူ့ကို အားပေးထောက်ခံသူတွေက ဘရာဇီးလ်နိုင်ငံတော်အလံကို ကိုင်ဆောင်ရင်း သမိုင်းဝင်သူရဲကောင်း လို့ ဂုဏ်ပြု ဟစ်ကြွေးခဲ့ကြပါတယ်။

အောက်တိုဘာလ ရွေးကောက်ပွဲတုန်းက သူ့ကို အနိုင်ရခဲ့သူ လူဝိဇ် အင်နာဆီယို လူလာ ဒ ဆေလ်ဗာရဲ့ လက်ဝဲဝါဒီအစိုးရ ကို ဆန့်ကျင်တဲ့ အတိုက်အခံအဖွဲ့ကို ဦးဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ အချက်ကို မစ္စတာ ဘော်လ်ဆိုနဲရိုက ငြင်းဆိုထားပါတယ်။

မစ္စတာ ဘော်လ်ဆိုနာရို ဟာ သမ္မတ လူလာ ကျမ်းသစ္စာကျိန်ဆိုတဲ့ ဇန်နဝါရီလ ၁ ရက်နေ့မတိုင်ခင် ၂ ရက်အလိုမှာပဲ ဖလော်ရီဒါပြည်နယ်ကို လေယာဉ်နဲ့ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ လူလာ ရာထူးလက်ခံယူခဲ့အပြီး သီတင်းတစ်ပတ်အကြာမှာ အစိုးရ အဆောက်အအုံတွေကို ဆူပူသောင်းကျန်းသူတွေ ဝင်ရောက် စီးနင်းခဲ့အောင် သူက သွေးထိုးလှုံ့ဆော်ခဲ့သလားဆိုတာအပေါ် စုံစမ်းစစ်ဆေးမှုအပါအဝင် ဥပဒေကြောင်း စိန်ခေါ်မှု အများအပြားနဲ့ မစ္စတာ ဘော်လ်ဆိုနာရို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

အမေရိကန် Wall Street Journal ရဲ့ သတင်းထောက် ရုရှားမှာ ထိန်းသိမ်းခံရ

အမေရိကန်အခြေစိုက် Wall Street Journal သတင်းစာတိုက်က ရုရှားနိုင်ငံအလယ်ပိုင်းမှာ အထိန်းသိမ်းခံခဲ့ရတဲ့ သူတို့ သတင်းသမားတစ်ဦးရဲ့ ဘေးကင်းလုံခြုံမှုအတွက် အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲဒီသတင်းသမား အီဗန် ဂါရှ်ကိုဗစ်ချ် ကို ယီကာတာရင်ဘာ့ဂ်မြို့မှာ ထိန်းသိမ်းခဲ့ပြီး သူလျှိုမှုနဲ့ စွပ်စွဲထားတယ်လို့ ရုရှားပြည်တွင်း လုံခြုံရေးအဖွဲ့ FSB က အစောပိုင်းက အတည်ပြုပြောပါတယ်။

သူဟာ ရုရှားကာကွယ်ရေး လုပ်ငန်းနဲ့ ဆိုင်တဲ့ အစိုးရလျှို့ဝှက်သတင်းအချက်အလက်တွေကို စုဆောင်း ရယူနေတယ်လို့ ဆိုပါတယ်။

မစ္စတာ ဂါရှ်ကိုဗစ်ချ် ကို လက်ပူးလက်ကျပ် မိခဲ့တာ ဖြစ်တယ်လို့ ရုရှားအစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

Wall Street Journal သတင်းစာတိုက်ကတော့ မော်စကိုအခြေစိုက် သူတို့ရဲ့ သတင်းသမားဟာ သူလျှိုတစ်ယောက် ဖြစ်တယ်ဆိုတာကို ခါးခါးသီးသီး ငြင်းဆိုထားပါတယ်။

မစ္စတာ ဂါရှ်ကိုဗစ်ချ် ဟာ စစ်အေးကာလပြီးကတည်းက ရုရှားမှာ သူလျှိုမှုနဲ့ အထိန်းသိမ်းခံရတဲ့ ပထမဆုံး အမေရိကန်သတင်းဌာနတစ်ခုရဲ့ သတင်းသမားဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နေ့စဉ်သတင်းစာတိုက်တစ်ခုရဲ့ သတင်းသမားတွေ ထိန်းသိမ်းခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံရဲ့ ပုံရိပ်ကို အမည်းစက်ထင်အောင် လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထိပ်တန်း နေ့စဉ် သတင်းစာတိုက်တစ်ခုက အယ်ဒီတာကို ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

ဒစ်ဂျစ်တယ် လုံခြုံရေး ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခံရသူတွေထဲမှာ ပရိုတောမ် အလို ဘင်ဂေါလီ နေ့စဉ် သတင်းစာတိုက်ရဲ့ အယ်ဒီတာ မသီယာ ရာမန်နဲ့ အဲဒီသတင်းစာတိုက်က ဗီဒီယို သတင်းထောက်တစ်ဦးတို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်းမှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့နဲ့ အချိန်ကိုက်ပြီး ထုတ်ပြန်ခဲ့တဲ့ ဒီသတင်းဆောင်းပါးကို ရေးသားခဲ့သူ သတင်းထောက် ဆမ်ဆပ်ဇမန် ရှမ်စ်ကို မနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ ဝေဖန်မှုတွေကို တင်းကျပ်ပိတ်ပင်ဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ တိုးပွားလာနေတယ်လို့ အခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေက ပြောနေပါတယ်။

ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာရဲ့ အစိုးရကတော့ ဒီပြောဆိုမှုတွေကို လက်မခံဘဲ ငြင်းဆိုထားပါတယ်။

ဖိလစ်ပိုင် ကူးတို့ သင်္ဘော မီးလောင်မှု ၃၀ ကျော်သေဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ ၆ လသား ကလေးငယ်တစ်ဦးအပါအဝင် လူ ၃၀ ကျော် သေဆုံးခဲ့တဲ့ ခရီးသည်တင် ကူးတို့သင်္ဘောတစ်စင်း မီးလောင်ခဲ့မှုကနေ အသက်ရှင် လွတ်လာနိုင်ဖွယ်လူတွေကို ကယ်ဆယ်ဖို့ ကမ်းခြေစောင့် တပ်ဖွဲ့တွေက ဆက်လက် လုပ်ဆောင်နေပါတယ်။

သင်္ဘောပေါ်ကနေ ခုန်ချခဲ့တဲ့အတွက် အသက်ရှင်လွတ်မြောက်ခဲ့သူ အတော်များများကို ကယ်ဆယ်လိုက်နိုင်ခဲ့ပေမဲ့ တချို့ကတော့ ရေနစ် သေဆုံးခဲ့ကြတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီ MV Lady Mary Joy ဆိုတဲ့ ကူးတို့ သင်္ဘောဟာ ဇမ်ဘိုအဲန်ဂါ မြို့ကနေ ဆူလူ ပြည်နယ်ကို ညဘက် ခုတ်မောင်းနေရာမှာ ခရီးသည်တွေ အိပ်မောကျနေကြစဉ်မှာပဲ အခုလို မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

မီးလောင်နေတဲ့ အဲဒီသင်္ဘောဟာ ရေပြင်မှာ မျောပါသွားခဲ့အပြီး ဘာလုခ် ဘာလုခ် ကျွန်းနားမှာ သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ လူ ၂၀၀ ကျော် ပါသွားတယ်လို့ ခရီးသည်စာရင်းအရ ဖော်ပြထားပေမဲ့ တကယ့်အရေအတွက်ကို အတိအကျ မသိရဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။