ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလင်္ကာပုလဲပန်း၊ မကောင်းမြစ်ထာ
မြန်မာစကားကိုက လေးနက်တဲ့အတွက် တချို့စကားတွေဟာ အသိခက်ပါတယ်။ ကလေးဘဝ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်မှာပါခဲ့ပြီး အသက်ကြီးတဲ့အထိ နားမလည်တဲ့စကားလုံးမျိုးတွေလည်း ရှိတတ်ပါတယ်။ မြန်မာ့ပညာရေးစနစ်ကြောင့် ကျောင်းသားကလည်း ငယ်စဉ်မှာ ဆရာကိုမမေးရဲကြပါဘူး။ ဆရာကသဘောကောင်းပြီး ကျောင်းသားကလည်း သတ္တိကောင်းလို့ မေးခဲ့ရင်တောင် ဆရာ ၁၀၀ မှာ ၉၀ လောက်က ဖြေချင်မှဖြေနိုင်ပါလိမ့်မယ်။
အဲသလို အကြောင်းအရာတွေထဲက ဥပမာတခုကို ထုတ်ပြချင်ပါတယ်။ မိဘဝတ်၊ သားသမီးဝတ်၊ တပည့်ဝတ်၊ ဆရာ့ဝတ်ဆိုတာတွေကို မူလတန်းကျောင်းသုံးမြန်မာစာမှာ အကြိမ်ကြိမ်အခါခါ ပြဋ္ဌာန်းဖူးသလို လေ့ကျင့်ခန်းစာအုပ်၊ ဗလာစာအုပ်တွေရဲ့ နောက်ကျောဖုံးတွေမှာလည်း ရှေးအခါက ပုံနှိပ်ဖော်ပြလေ့ရှိပါတယ်။ အဲဒါကြောင့် ကျောင်းသားတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်ပါတယ်။ ဘုရားဟောသုတ္တန်ပါဠိတော်ထဲက ကောက်နုတ်ဘာသာပြန်ထားတာဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တိုင်းနဲ့လည်း ရင်းနှီးကျွမ်းဝင်ကြပါတယ်။ သိင်္ဂါလောဝါဒဆုံးမစာများမှာပါဝင်ပါတယ်။ သိင်္ဂါလသတို့သားကို အကြောင်းပြုပြီးသြဝါဒပေးတဲ့ဆုံးမစကားမို့ သိင်္ဂါလသြဝါဒ သို့မဟုတ် သိင်္ဂါလောဝါဒလို့ ခေါ်တာပါ။ အဲဒီကျင့်ဝတ်တွေအနက် မိဘဝတ်ထဲမှာပါတဲ့ မကောင်းမြစ်ထာ ဆိုတဲ့စကားလုံးကို လူတော်တော်များများက သေသေချာချာနားမလည်ကြပါဘူး။ အဓိပ္ပာယ်ကိုသိပါတယ်။ မြစ်ထာဆိုတဲ့ဝေါဟာရနဲ့ စိမ်းနေကြတာပါ။ အဓိပ္ပာယ်ကိုသိခြင်းဟာ အပေါ်ယံအသိဖြစ်ပါတယ်။ ရင်းမြစ်ကို ဂနသေချာမသိတဲ့အတွက် ထင်ယောင်ထင်မှား ဖြစ်တတ်ကြပါတယ်။ အဲသလိုထင်ယောင်ထင်မှားဖြစ်တတ်ကြတယ်ဆိုတာကို သက်သေပြနေတဲ့ အထောက်အထားတွေ အများအပြားရှိပါတယ်။ ဘယ်လိုသက်သေလဲဆိုတော့ အမှားသက်သေတွေပါ။ အင်တာနက်မှာ မိဘဝတ်လို့ရိုက်ကြည့်လိုက်ရင် စာလုံးပေါင်းအမှားတွေအများအပြားထွက်လာပါလိမ့်မယ်။ အမှန်ထက် အမှားတွေက ပိုများနေတယ်ဆိုတာ လက်တွေ့သိနိုင်ပါတယ်။
ကိုယ်ကိုယ်တိုင်က အမှန်ကိုသေသေချာချာမသိတဲ့အခါ အမှန်ကိုအမှားထင်တတ်ကြပါတယ်။ ထင်ရုံသာမက တချို့က အမှန်နေရာမှာ အမှားနဲ့ အစားထိုးကြပါတယ်။
မိဘဝတ်ကဗျာရဲ့ မူရင်းက ဒီလိုပါ။
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊
အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊
ဖခင်မယ်တို့တာ။
ဒီကဗျာမှာ မကောင်းမြစ်ထာကို သေသေချာချာနားမလည်ကြတဲ့အတွက် တချို့က မကောင်းမြစ်တားလို့ ပြောင်းရေးကြပါတယ်။ မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်ဆိုတော့ ကာရန်ပျက်ပါတယ်။ မြစ်တားဆိုတာ တားမြစ်ကို ကဗျာသဘောအရစကားလုံးပြောင်းပြန်ဖွဲ့ဆိုတယ်လို့ ယူချင်ရင်ယူလို့ ရနိုင်ပေမဲ့ ကာရန်ပျက်နေတာကို ကြည့်ခြင်းအားဖြင့် မမှန်ကြောင်းသိသာပါတယ်။ အရသာလည်း ပျက်ပါတယ်။ နောက်တမျိုးပြင်ရေးတတ်ကြတာက မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ် ဆိုတာမျိုးပါ။ မြစ်တာဆိုရင်လည်း တာဟာ တားတဲ့အနက်အဓိပ္ပာယ်ထွက်နိုင်ပါတယ်။ သိပ်မရိုင်းဘူးလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မြစ်တာဆိုတာ ဗမာစကား၊ ဗမာစာမှာ အသုံးမရှိပါဘူး။ မြစ်ထာအသုံးကို နားမလည်လို့သာ မြစ်တာနဲ့ အစားထိုးထားကြောင်း ထင်ရှားပါတယ်။
ဒီတော့ မြစ်ထာဆိုတာ ဘာလဲလို့ မေးစရာရှိပါတယ်။ တကယ်တော့ လူအများနားလည်ကြပါတယ်။ မြစ်ထာဟာ တားမြစ်တာပါပဲ။ စကားလုံးကစိမ်းနေလို့သာ မှားတယ်လို့ ထင်နေကြတာပါ။ ထာဟာ တားမြစ်တဲ့ အနက်အဓိပ္ပာယ်ထွက်ပါတယ်။ ဆရာကြီးဦးထွန်းတင့်က အခုလိုရှင်းပြပါတယ်။
“ထားဆိုတာ တားတဲ့သဘောနဲ့ မထူးခြားပါဘူး။ ‘ထာ’ဆိုတာ ‘တာ’ ထားတာပေါ့ဗျာ။ ‘တာ’ တာတို့ ‘တား’ တာတို့ဆိုတာ ဆီးတာပါပဲ။ ရေကာတာတို့ဘာတို့ရဲ့ ‘တာ’လိုပေါ့။ သူ့ရင်းမြစ်ကတော့ ‘တာ’ဆိုတာ ‘တိုင်း’တာပေါ့ဗျာ။ တိုင်းက လာတာပေါ့။ ‘တာ’နဲ့ ‘ထာ’ကလည်း အတူတူပါပဲ။ တားဆီးတဲ့သဘောပါပဲ။ ဒီကောင်က သူ့အထာလေးနဲ့သူနေတယ်လို့ ပြောရင် သူ့အတားအဆီးသူ့အကန့်အသတ်လေးနဲ့သူနေတယ်လို့ပြောတာပါပဲ။ အဲဒါကလွဲရင် ‘ထာ’က တခြားနေရာတွေမှာသုံးခဲတယ်။ ‘ထာ’ကို ‘မြစ်ထာ’ နဲ့ပဲတွဲသုံးတတ်တယ်။ တခြားအသုံးမရှိဘူး။ မြစ်တယ်ဆိုတာကလည်း တားတာပါပဲ။ မြစ်တားတယ်ဆိုရင်လည်း မှားတာတော့ မမှားပါဘူး။ ဒါပေမဲ့ တကယ့် အမှန်ကတော့ မြစ်ထာပါ။ ကျွန်တော်တို့ ဓားဆိုပါတော့။ ဓားကို ဒီနေ့ရေးရင်တော့ ဓအောက်ချိုက်နဲ့ ဓားလို့ရေးတာပေါ့။ ဒါပေမဲ့ သူ့ရင်းမြစ်က ထဆင်ထူးကနေလာတာ။ ထားပေါ့။ အဲဒီထားဟာ ဘာကိုဆိုလိုသလဲဆိုတော့ တားဆီးတဲ့သဘောကိုပြောတာပဲ။ ဒါကို ထားလို့ခေါ်တာပေါ့။ ရှေးတုန်းကတော့ ထားလို့ပဲ အသံထွက်ချင်ထွက်ခဲ့လိမ့်မယ်။ ကျွန်တော်တို့ယောမှာဆို ဓားလို့မခေါ်ဘူး။ ထားလို့ပဲ ကနေ့အထိ အသံထွက်တယ်ဗျ။ တခါတလေရှေ့ကတလုံးထည့်တတ်တယ်။ အိမ်ထားလို့ တွဲသုံးတတ်တယ်။ တခါတလေလည်း တလုံးတည်းပဲ ထားလို့သုံးတယ်။”
မြစ်ထာကိုရှေးအခါက တွင်တွင်ကျယ်ကျယ်သုံးပါတယ်။ အခုအခါ အသုံးနည်းလို့ မတွင်ကျယ်တော့တာပါ။ မတွင်ကျယ်တော့ စိမ်းသွားလို့ လူအများနားမလည်တာပါ။
ရှေးစာပေကျမ်းဂန်အများအပြားမှာ မြစ်ထာကို တွေ့ရပါတယ်။ နည်းနည်းကောက်နုတ်ပြချင်ပါတယ်။ ပြဋိဟာခန်းပျို့အပိုဒ် ၇ မှာ “တပည့်ညီညာ၊ ချုပ်မြစ်ထာ၏ တခါလှည့်ဖျား” လို့သုံးစွဲထားပါတယ်။ ချုပ်ချယ်တားမြစ်တာကို ဆိုလိုပါတယ်။ သုတရာသီပျို့အပိုဒ် ၈၉ မှာတော့ “လိုက်ကြရာတွင် မြစ်ထာဖီတား မနိုင်ငြားမူ” လို့သုံးစွဲထားပါတယ်။ တားမြစ်တယ်၊ ဖီဆန်တယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။
ဝေါဟာရတွေ အသုံးနည်းတိမ်ကောလာတာဟာ ဘာသာစကားဖွံ့ဖြိုးကြီးထွားမလာဘဲ သေးသိမ်သွားတဲ့သဘောပါ။ ဒါကြောင့် ဗမာစာ၊ ဗမာစကားအတွက် အန္တရာယ်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ စည်ပင်ဖွံ့ဖြိုးရှင်သန်နေတဲ့ ဘာသာစကားတွေမှာ ဝေါဟာရတွေဟာ တိုးပွားလာတတ်ပါတယ်။ အဲသလို တိုးပွားခြင်း မတိုးပွားခြင်း၊ သေးသိမ်ခြင်း မသေးသိမ်ခြင်းဟာ ဘာသာစကားကို အသုံးပြုနေသူတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ မိမိဘာသာစကားကို သုံးစွဲမှုများပြားလာရင် စကားလုံးတွေ၊ ဝေါဟာရတွေတိုးပွားလာပါတယ်။ သုံးစွဲသူဆိုရာမှာ သာမန်အရပ်သူအရပ်သားလူအများနဲ့ သက်ဆိုင်သလို၊ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာနယ်ပယ်အမျိုးမျိုးနဲ့လည်း သက်ဆိုင်ပါတယ်။ မြစ်ထာဆိုတဲ့စကားကို ပြန်ပြီးတွင်ကျယ်လာအောင် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ကဗျာ အနုပညာသမားတွေက ပြန်လည်သုံးစွဲကြမယ်ဆိုရင် မြန်မာစာပေအတွက် အကျိုးပြုရာရောက်ပါလိမ့်မယ်။