အောက်တိုဘာ ၁၂ ရက် ထိပ်တန်းသတင်းများ - အပစ်ရပ်စာချုပ် အပေါ် KNU ၊ ABSDF နဲ့ CNF ဘယ်လိုသဘောထားလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်အမျိုးသားအစည်အရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ချင်းအမျိုးသားတပ်ဦး CNF တို့ ပူးပေါင်းပြီး စစ်ကောင်စီက ပြင်ဆင်နေတဲ့ NCA ၈ နှစ်ပြည့် အထိမ်းအမှတ်အပေါ် ဘုံသဘောထား ကြေညာချက် ထုတ်လိုက်ပါတယ်။
စစ်တပ်ရဲ့အာဏာသိမ်းမှုက NCA အခြေခံမူတွေကို ဖျက်ဆီးပစ်သလို ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေကိုလည်း ပျက်ပြယ်စေလို့ NCA ကို အခြေခံတဲ့ လုပ်ငန်းစဉ် နဲ့ ဆွေးနွေးပွဲ လမ်းကြောင်းတွေ ရပ်တန့်သွားပြီ လို့ ဒီကနေ့ထုတ်ပြန်တဲ့ ဘုံသဘောထားကြေညာချက်မှာ ရေးသားထားပါတယ်။
စစ်ကောင်စီ က ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ပဋိပက္ခတွေကို ရှည်လျားအောင် လုပ်နေတာသာ ဖြစ်တယ်လို့ ဒီသုံးဖွဲ့က ဆိုပါတယ်။
စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး နိုင်ငံရေးကနေ စစ်တပ်ပါဝင်နေတာကို အဆုံးသတ်ဖို့ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲတာ အပါအဝင် ဘုံနိုင်ငံရေးရည်မှန်းချက် ၅ ရပ်ကို ဒီအဖွဲ့တွေက ချမှတ်လိုက်ပြီး စစ်တပ်က ဒါကိုလက်မခံသရွေ့ ဘာဆွေးနွေးပွဲမှ လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့အကျပ်အတည်းကိုဖြေရှင်းရာမှာ အမျိုးသားစည်းလုံးညီညွတ်မှုပုံစံကိုအခြေခံပြီးအနာဂတ်အစိုးရတွေကို ဖန်တီးပေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ရွေးကောက်ပွဲတွေလိုအပ်တယ် ဆိုတာကိုတော့ ဒီသုံးဖွဲ့က လက်ခံထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ အဓိက ပဋိပက္ခ မိတ်ဖက်သာဖြစ်ပြီး အသွင်ကူးပြောင်းရေး အာဏာပိုင်မဟုတ်ဘူး လို့ ဒီသုံးဖွဲ့က ချမှတ်ထားတဲ့ ဘုံနိုင်ငံရေးရပ်တည်ချက်မှာ ပါဝင်ပါတယ်။
သက်ဆိုင်သူအားလုံးသဘောတူညီထားတဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာအာဏာပိုင်တစ်ရပ် လိုအပ်မှာဖြစ်ပြီး အဲဒီအဆင့်တွေ အကောင်အထည်ဖော်ပြီးမှ မြန်မာနိုင်ငံမှာရွေးကောက်ပွဲ အသစ်တစ်ခုကျင်းပနိုင်မယ် လို့ ဒီသုံးဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
NCA ထိုးထားတဲ့အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေမှာမပါဝင်ဘဲ KNU ၊ ABSDF နဲ့ CNF တို့ရဲ့ ဘုံနိုင်ငံရေးရည်မှန်းချက်ဖော်ဆောင်ရေးမှာ ပံ့ပိုးပေးကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တော့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ KNU ၊ ABSDF နဲ့ CNF (၃)ဖွဲ့ဟာ NCA လမ်းကြောင်းကနေ သွေဖည် ပစ်ပယ်ခဲ့တယ် လို့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး စစ်ကောင်စီအနေနဲ့ NCA ပါ သဘောတူညီချက်တွေနဲ့ အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်နေတယ် လို့ ဆိုပါတယ်။
KNU နယ်မြေထဲ လက်နက်ကြီးကျလို့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, KNU
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပဲခူးတိုင်း ၊ ညောင်လေးပင် ခရိုင် ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ အုပ်ချုပ်မှု နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျလို့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံးပြီး ကလေး ၂ ဦး အပါအဝင် အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေဟာ အောက်တိုဘာ ၁၀ ရက် တစ်ရက်တည်းမှာပဲ ၄ ကြိမ်ဖြစ်ခဲ့ပြီး ကျောက်ကြီး နဲ့ မုန်းမြို့နယ်ထဲက ကျေးရွာတွေထဲက အိမ် တစ်အိမ်တည်းဆီကို ကျရောက်ပေါက်ကွဲခဲ့တာတွေဖြစ်လို့ မိသားစုလိုက် သေဆုံး ထိခိုက်ဒဏ်ရာတွေရခဲ့တာလို့ သိရပါတယ်။
KNUက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာတော့ လက်နက်အပိုင်းအစတွေနဲ့ အတူ ထိခိုက်ဒဏ်ရာရသူတွေ ရဲ့ ကျော ၊ ပေါင် ၊ လက် နဲ့ ခေါင်း အပါအဝင် ခန္ဓာကိုယ်ရဲ့ နေရာအများစုမှာ လက်နက်ကြီးထိမှန်တဲ့ ဒဏ်ရာတွေကိုရထားတာတွေ့ရပါတယ်။
ကျောက်ကြီးမြို့နယ် ၊ ရွာကန်လန့် ကျေးရွာ က အိမ်တစ်အိမ်ကို လက်နက်ကျရောက်ခဲ့ပြီး မိသားစုဝင် ၂ နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မုန်းမြို့နယ်ထဲမှာတော့ တစ်ရက်တည်း ၃ ကြိမ်လက်နက်ကြီးကျခဲ့ပြီး သနပ်ကွင်းကျေးရွာအတွင်းကျရောက်ပေါက်ကွဲမှုမှာတော့ သက်တော် ၇၄ နှစ်ရှိ ကျေးရွာကျောင်းတိုက်ဆရာတော် ဦးကောဝိတကိုလက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး ကျော်လှကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လက်နက်ထိမှန်သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကေအဲန်ယူကဖော်ပြပါတယ်။
အောက်တိုဘာ ၁၀ ရက် ညပိုင်း နန္ဒမိတ်ကျေးရွာအတွင်းက နေအိမ်ပေါ်ကို လက်နက်ကြီးကျရောက် ပေါက်ကွဲမှုမှာလည်း အသက် ၆၀ နှစ်အရွယ် မိဘ နှစ်ဦး နဲ့ သမီး နဲ့ မြေး ဖြစ်သူတို့ ၄ ဦးလုံးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင် အထိ စာရင်းအရ KNU တပ်မဟာ ၇ ခုမှာ လေကြောင်းတိုက်ခိုက်ခံရနဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သေဆုံးသူ ၁၂၀ နီးပါးရှိပြီး ၊ ထိခိုက်ဒဏ်ရာရထားတဲ့ အရပ်သား ၂၇၀ ကျော်ရှိတယ်လို့ ထုတ်ပြောထားပြီး အဲဒီထဲမှာ ကလေးသူငယ်နဲ့ အမျိုးသမီးသေဆုံးမှုက အများဆုံးလို့ ပြောထားပါတယ်။
စစ်ကောင်စီဘက်ကတော့ KNU နဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အခုရက်ပိုင်းအတွင်းထုတ်ပြန်တာမရှိသေးပါဘူး။
စစ်တောင်းမြစ်ဝှမ်း နဲ့ ဧရာဝတီမြစ် အနောက်ဘက်ကမ်း ဒေသနှစ်ခုမှာ စစ်ဆင်ရေးတွေလုပ်နေတယ်လို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, NUG/MOD
စစ်တောင်းမြစ်ဝှမ်းဒေသ နဲ့ ဧရာဝတီမြစ် အနောက်ဘက်ကမ်း စိုးမိုးရေး စစ်ဆင်ရေးတွေကို လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။ ဒီစစ်ဆင်ရေး နှစ်ခု ဟာ စစ်တပ်ရဲ့ စိုးမိုးနယ်မြေတွေကို ထိုးဖောက်ဝင်ရောက်ရတာဖြစ်လို့ မဟာဗျူဟာအရ အရေးကြီးစစ်ဆင်ရေးလို့ သုံးနှုန်းပြောဆိုပါတယ်။
'' ရန်ကုန် - နေပြည်တော်လမ်း ရဲ့ အနောက်ဘက်ခြမ်းဖြစ်တဲ့ စစ်တောင်းမြစ်ဝှမ်းစိုးမိုးရေးကိုဆောင်ရွက်နေပြီ ဖြစ်သလိုပဲ ပဲခူးတိုင်း အနောက်ဘက်ခြမ်း နဲ့ မကွေးတိုင်းရဲ့ ဒေသအချို့ပါတဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဒေသစိုးမိုးရေးအတွက်ကိုလည်း စစ်ဆင်ရေး လုပ်ငန်းတွေဆောင်ရွက်နေပါတယ် '' လို့ ဦးမောင်မောင်ဆွေကပြောပါတယ်။
ဒီစစ်ဆင်ရေး နှစ်ခုကြားမှာ မဟာဗျူဟာအရ အရေးပါတဲ့ ပဲခူးရိုးမကြီး လည်း ပါရှိပြီး အခုစစ်ဆင်ရေးဒေသနှစ်ခု မှာ ပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ မဟာမိတ်တပ်တွေပေါင်းပြီး စခန်းသိမ်း တိုက်ပွဲတွေ လုပ်နိုင်ပြီလို့ဆိုပါတယ်။
ဦးမောင်မောင်ဆွေ ရဲ့ အပြောအရ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပဲခူးရိုးမ ထဲက မင်းလှမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခါချဥ်တောင် စစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို အမြန်လမ်း ၁၆၂ မိုင်မှာရှိတဲ့ ဆိတ်ဖူးတောင် စစ်စခန်းကိုလည်း တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိတယ်လို့ ပြောပါတယ်။
ပဲခူးတိုင်းဟာ စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော် နဲ့ စီးပွားရေးမြို့တော် ရန်ကုန်ကြားရှိလို့ စစ်ကောင်စီအတွက် မဟာဗျူဟာ အရ အရေးပါသလို ထောက်ပို့လမ်းကြောင်း လည်းဖြစ်တယ်လို့ ပြောပါတယ်။
'' ပြည်သူ့ရင်ခွင်ကို ချိတ်ဆက်ပြီးတော့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ အရာရှိ ၊ အရာခံ အကြပ် စစ်သည်တွေလည်း အခုချိန်မှာဆိုရင် တစ်သောင်းခွဲနီးနီးကို ရှိနေပြီ '' လို့ လည်း ဦးမောင်မောင်ဆွေက CDM လုပ်ထားတဲ့ အရေအတွက်ကို ထည့်ပြောပါတယ်။
တဖက် စစ်ကောင်စီကလည်း နေပြည်တော် ၊ ပျဥ်းမနားတခွင်မှာ ဒေသခံတွေ ၊ သာသနာရေးဆိုင်ရာ အကြီးအကဲတွေကိုလိုက်လံတွေ့ဆုံတာတွေလုပ်သလို စစ်ကောင်စီဝင် အရပ်သားတွေကလည်း သူတို့ရဲ့ နယ်မြေအလိုက် အရပ်သားဒေသခံတွေ နဲ့လိုက်လံတွေ့ဆုံတာတွေလုပ်နေပါတယ်။ တချိန်တည်းမှာပဲ ဌာနေပြည့်သူ့စစ်အဖွဲ့တွေကို နိုင်ငံတဝန်းနီးပါးသာမက ပဲခူး နဲ့ ရန်ကုန်အထိ တိုးချဲ့ ဖွဲ့စည်းလာတဲ့အနေအထားကို တွေ့ရပါတယ်။
မြန်မာမှာ ဓာတ်ငွေ့ပိုက်လိုင်းဆောက်ဖို့ ရုရှားနဲ့ စစ်ကောင်စီ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, State Media
မြန်မာ မှာဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးအတွက် မြန်မာစစ်ကောင်စီ နဲ့ ရုရှား တို့ကြား ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံ ၊ မော်စကိုမှာ ဆွေးနွေးကြတယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။ ရန်ကုန်မြို့ ကို ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှာဖြစ်ပြီး အဲဒီမှာ ရုရှား ပါဝင်ဆောင်ရွက်ရေး အတွက် ဆွေးနွေးတာလို့ ရုရှားစွမ်းအင်ဝန်ကြီးဌာနက ပြောကြောင်း ရိုက်တာသတင်းကရေးပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုဖော်ပြတာမရှိဘူးလို့ဆိုပါတယ်။
တချိန်တည်းမှာပဲ ရုရှား ရဲ့ နိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း "Rosatom" နဲ့ မြန်မာစစ်ကောင်စီ ရဲ့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ကြား နျူကလီးယား အခြေခံအဆောက်အအုံဆိုင်ရာ လေ့လာဆန်းစစ်ခြင်း နဲ့ အဆင့်မြှင့်တင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို အောက်တိုဘာ ၁၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ "Rosatom" ကုမ္ပဏီကထုတ်ပြန်ထားပါတယ်။
အဲဒီထဲမှာ မြန်မာမှာ စွမ်းအင်နည်းနျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် လိုအပ်တဲ့ လေ့လာဆန်းစစ်မှုတွေ နဲ့ ဦးစားပေးကဏ္ဍကိုရေးဆွဲမယ့် အစီအစဉ်လည်းပါတယ်လို့ဆိုပါတယ်။
"Rosatom" အကြီးအကဲ ကတော့ လာမယ့် နွေရာသီမှာ မြန်မာ ၊ သီရီလင်္ကာ နဲ့ ကာဂျစ်စတန် တို့ နဲ့ နျူကလီးယားစွမ်းအင်ဆိုင်ရာ လုပ်ငန်းတွေမှာ သဘောတူညီမှုတွေရဖို့ မျှော်လင့်တယ်လို့ ပြောထားပါတယ်။
အခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား နဲ့ စစ်ကောင်စီတို့ကြား စွမ်းအင်နည်းနျူကလီးယားစက်ရုံတည်ဆောက်ရေးအတွက် ထောက်ပံ့ပေးမယ့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ထိုးထားတာဖြစ်ပါတယ်။
စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ (၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်ကို တက်ရောက်ဖို့ ရုရှားနိုင်ငံမော်စကိုမြို့ကို ရောက်ရှိနေပြီး အောက်တိုဘာ ၁၀ ရက်က ရုရှား နိုင်ငံပိုင်ဘူမိသိပ္ပံစူးစမ်းလေ့လာရေးနဲ့ရှာဖွေရေးအဖွဲ့ ROSGEO နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။
မြန်မာစစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်ကစလို့ ရုရှားရေနံထွက်ကုန်တွေကို စတင်ဝယ်ယူခဲ့သလို မြန်မာ နဲ့ ရုရှားက နှစ်နိုင်ငံငွေကြေးတွေတိုက်ရိုက်ဖလှယ်သုံးနိုင်မယ့်လမ်းကြောင်းကို စတင်ဖို့အဆင်သင့်ဖြစ်နေတဲ့အကြောင်း စစ်ကောင်စီ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က စက်တင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်အထိ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့ မှာလုပ်ခဲ့တဲ့ ရုရှားအရှေ့ဖျား စီးပွားရေးဖိုရမ်မှာ ရုရှားမီဒီယာနဲ့ တွေ့ချိန်မှာ ပြောထားပါတယ်။








