Deepfake နည်းပညာသုံးပြီး အချစ်ဆုံးသူငယ်ချင်းက ညစ်ညမ်းဆိုက်မှာ တင်ခံခဲ့ရသူ

    • ရေးသားသူ, ကိတ် ဝက်စ်
    • ရာထူးတာဝန်, BBC File on 4

ဂျိုဒီဟာ deepfake နည်းပညာနဲ့ အတုလုပ်ထားတဲ့ သူ့ရဲ့ပုံကို ညစ်ညမ်း ဝက်ဆိုက်တစ်ခုမှာ ကိုယ်တိုင် တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာ ဆိုးဆိုးဝါးဝါး တုန်လှုပ်စရာတစ်ခုနဲ့ ထပ် ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ အဲဒါကတော့ ဒါဟာ သူ့အချစ်ဆုံးသူငယ်ချင်း တစ်ဦးရဲ့ လက်ချက်ဆိုတာကို သိလိုက်ရချိန် ဖြစ်တယ်လို့ ဂျိုဒီက BBC File on 4 သတင်းဌာနကို ပြောပြပါတယ်။

ကြိုတင် အသိပေးချက် - ဒီဆောင်းပါးမှာ ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ လိင်အကြမ်းဖက်မှုဆိုင်ရာ ဖော်ပြချက်တွေ ပါဝင်ပါတယ်။

၂၀၂၁ ခုနှစ် နွေဦးပေါက်ချိန်မှာ ဂျိုဒီ (အမည်လွှဲ) ဆီကို ညစ်ညမ်း ဝက်ဆိုက်တစ်ခုရဲ့ လင့်ခ်ကို အမည်မသိသူတစ်ဦးက အီးမေးလ်ကနေ ပေးပို့လာပါတယ်။

အဲဒီလင့်ခ်ကို နှိပ်ကြည့်မိတဲ့အခါ လူတွေအများကြီးနဲ့ သူ လိင်ဆက်ဆံနေတဲ့ပုံလို့ ယူဆရတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုပုံတွေကို တွေ့လိုက်ရပါတော့တယ်။ "deepfake" လို့ ခေါ်တဲ့ ဒစ်ဂျစ်တယ်နဲ့အတုဖန်တီးချက်နည်းပညာကို သုံးပြီး တခြား အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဂျိုဒီရဲ့ မျက်နှာကို အစားထိုးထည့်ထားတာပါ။

တစ်စုံတစ်ယောက်က ဂျိုဒီရဲ့ မျက်နှာပုံကို ညစ်ညမ်းဝက်ဆိုက်ပေါ် တင်လိုက်ပြီး ဂျိုဒီကြောင့် သူ "လိင်စိတ် အရမ်းကြွလာတယ်"၊ အဲဒီဝက်ဆိုက်ပေါ်က တခြားသူတွေရော "ဂျိုဒီ့ပုံကို သုံးပြီး ညစ်ညမ်းပုံအတု လုပ်နိုင်ကြသလား" လို့ မေးထားပါတယ်။ "deepfake" နဲ့ ပုံအတုတွေ လုပ်ပေးရင် နောက်ထပ် ဂျိုဒီ့ဓာတ်ပုံတွေနဲ့ ဂျိုဒီ့အကြောင်း အသေးစိတ် အချက်အလက်တွေ ပို့ပေးမယ်ဆိုပြီး အဲဒီလူက အပေးအယူလုပ် ကမ်းလှမ်းခဲ့ပါတယ်။

“ကျွန်မ အော်ဟစ် ငိုယိုရင်း အခု ကျွန်မ ဖတ်မိ၊ တွေ့မိနေတာတွေက ဘာတွေလဲဆိုတာ သိရဖို့ ကျွန်မရဲ့ ဖုန်းထဲမှာ ဆောက်တည်ရာမရ လျှောက်ရှာကြည့်ခဲ့ပါတယ်” လို့ အသက် ၂၀ ကျော်အရွယ် ရှိပြီဖြစ်တဲ့ ဂျိုဒီက သူ့ရဲ့ အတွေ့အကြုံအကြောင်း ပထမဆုံးအကြိမ် ထုတ်ပြောပြခဲ့ပါတယ်။

“ဒါက ကျွန်မဘဝကို တကယ့်ကို ဖျက်ဆီးလိုက်နိုင်မယ်ဆိုတာကို သိခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

အားတင်းပြီး အဲဒီ ညစ်ညမ်းဝက်ဆိုက်ထဲ လျှောက်ကြည့်ခဲ့တဲ့အခါ “ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားတဲ့အလား ခံစားမိခဲ့တယ်" လို့ ဂျိုဒီက ပြောပြပါတယ်။

အဲဒီနောက် ပုံတစ်ပုံကို တွေ့လိုက်ရချိန်မှာတော့ ဘယ်သူ့လက်ချက်လဲ ဆိုတာကို ဂျိုဒီတစ်ယောက် အထိတ်တလန့်နဲ့ သဘောပေါက် သွားခဲ့ပါတော့တယ်။

တုန်လှုပ်ချောက်ချားစရာ ဖြစ်စဉ်တစ်ခု

တစ်ကယ်တန်းမှာ ဂျိုဒီ ပစ်မှတ်ထားခံရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။

အွန်လိုင်းကနေ အမည်မသိသူရဲ့ နှစ်နဲ့ချီ စော်ကားနှောင့်ယှက်ခံနေခဲ့ရတဲ့ ဂျိုဒီအတွက် ဒါက အဆိုးဆုံး အထွဋ်အထိပ်အဆင့် ဖြစ်လာခဲ့တာပါ။

ဂျိုဒီ ဆယ်ကျော်သက်အရွယ်တုန်းက ချစ်သူရှာတဲ့ apps တွေမှာ သူ့ရဲ့ အမည်နဲ့ ပုံတွေကို သူ့သဘောတူချက် မပါဘဲ ထည့်သုံးနေတာကို သိခဲ့ရပါတယ်။

Deepfake နည်းပညာသုံးပြီး သိက္ခာချ စော်ကားခံခဲ့ရ

သူ့ပုံတွေကို Deepfake နည်းပညာသုံးပြီး ညစ်ညမ်းဗီဒီယိုတွေမှာ တင်နေတဲ့ လက်သည်တရားခံကို ရှာနိုင်ဖို့ အမျိုးသမီးတစ်ဦးအနေနဲ့ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲ၊ လက်သည် ဘယ်သူလဲ ဆိုတာကို သိလိုက်ရတဲ့အခါမှာလည်း ဘယ်လောက်တောင် စိတ်ဒုက္ခရောက်ခဲ့ရသလဲ ဆိုတာတွေကို ဆက်ကြည့်ကြရအောင်ပါ။

ဒါက နှစ်နဲ့ချီ ကြာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကဆိုရင် သူနဲ့ မသိတဲ့ သူတစ်ယောက်က လန်ဒန်မြို့ လစ်ဗာပူးလမ်း ဘူတာရုံမှာ ချိန်းကြ တွေ့ကြမယ် ဆိုပြီး ဖေ့စ်ဘွတ်ကနေ ပို့လာတဲ့ မက်ဆေ့ချ် တစ်ခုကို ဂျိုဒီ ရခဲ့ပါတယ်။

အဲဒီလူကို သူနဲ့ အွန်လိုင်းမှာ အပြန်အလှန် ဆက်သွယ်စကားပြောလုပ်နေတဲ့သူဟာ သူမဟုတ်ပါဘူးလို့ ဂျိုဒီက ရှင်းပြခဲ့ရပါတယ်။ အဲဒီလူက ဂျိုဒီ့အကြောင်းအားလုံး သိနေပြီး အွန်လိုင်းကနေ တွေ့အောင် ရှာဆက်သွယ်လာနိုင်တဲ့အတွက် သူအတော်လေး ထိတ်လန့်သွားမိခဲ့တယ်လို့ ဂျိုဒီက ပြောပါတယ်။ ချစ်သူရှာတဲ့ အက်ပ်ပေါ်မှာ သူစကားပြောနေတဲ့ "ဂျိုဒီ" က ပြန်မဖြေတော့တဲ့အတွက် အဲဒီလူက ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူ့ကို လိုက်ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် မေလတုန်းက ယူကေမှာ လော့ခ်ဒေါင်း ချထားချိန်အတွင်း တွစ်တာအကောင့် အတော်များများမှာ ဂျိုဒီ့ပုံတွေကို လိင်ဖျော်ဖြေတဲ့ အမျိုးသမီးတစ်ဦးအဖြစ် တင်ထားတယ်ဆိုပြီး သူငယ်ချင်း တစ်ယောက်ကလည်း သူ့ကို လှမ်းသတိပေးခဲ့ပါတယ်။

“ဆယ်ကျော်သက်မလေး ဂျိုဒီနဲ့ ဘာလုပ်ချင်သလဲ” ဆိုပြီး ဘီကီနီနဲ့ ဂျိုဒီ့ပုံ တစ်ပုံဘေးမှာ ရေးထားတာ တွေ့ရပါတယ်။ အဲဒီပုံက ဂျိုဒီရဲ့ ကိုယ်ပိုင် ဆိုရှယ်မီဒီယာအကောင့် ကနေ ယူသုံးထားတာ ဖြစ်ပါတယ်။

“ဆတ်စလူးစိန်တွေကို ဖော်ထုတ်ပေးသူ”၊ “ထိပ်ခေါင် တဏှာရူး” စတဲ့ တွစ်တာ အကောင့်အမည်တွေအောက်မှာ အဲဒီလိုပုံမျိုးတွေကို တင်ထားတာပါ။

ဂျိုဒီ့ရဲ့ ပုံတွေအားလုံးဟာ တခြားသူတွေအတွက် မဟုတ်ဘဲ သူ့ရဲ့မိသားစု၊ သူငယ်ချင်းတွေကြည့်ဖို့အတွက်သက်သက်ပဲ ဂျိုဒီက သူ့ဆိုရှယ်မီဒီယာပေါ်မှာ ပျော်ပျော်ကြီး တင်ခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ်တုန်းက သူသိခဲ့ဖူးတဲ့ တခြားအမျိုးသမီးတွေရဲ့ ပုံတွေကိုရော၊ သူ့ဇာတိ ကိန်းဘရစ်ချ်မြို့က တခြားအမျိုးသမီးတွေရဲ့ ပုံတွေကိုပါ ဒီအကောင့်တွေက တင်နေတယ် ဆိုတာကို အဲဒီနောက်မှာ ဂျိုဒီ သိခဲ့ရပါတယ်။

“ကျွန်မက ဒီကိစ္စတွေရဲ့ အဓိက အချက်အချာ ဖြစ်နေပြီး ဒီလူက ကျွန်မကို နစ်နာ နာကျင်အောင် လုပ်ဖို့ကြံနေတာ ဆိုတာကို အဲဒီအချိန်မှာ ကျွန်မ သိသိသာသာ ခံစား သိမိလိုက်တယ်” လို့ ဂျိုဒီက ပြောပါတယ်။

ပြန်လှန် ထိုးနှက်ဖို့လုပ်ခဲ့

အဲဒီပုံတွေထဲမှာပါတဲ့ တခြားအမျိုးသမီးတွေကို ဆက်သွယ် သတိပေးဖို့ ဂျိုဒီ စလုပ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဂျိုဒီနဲ့ ရင်းနှီးတဲ့ ဒေစီ (အမည်လွှဲ) ဆိုတဲ့ သူငယ်ချင်းတစ်ဦးလည်း ပါပါတယ်။

“သိသိချင်း ကျွန်မ အော်ဂလီ ဆန်ချင်သလို ဖြစ်ခဲ့ရတယ်” လို့ ဒေစီက ပြောပါတယ်။

သူတို့ရဲ့ ပုံတွေကို တခြား တွစ်တာအကောင့် အတော်များများမှာလည်း တင်ထားတာကို သူတို့သူငယ်ချင်း နှစ်ဦး ရှာတွေ့ခဲ့ပါတယ်။

“ပိုလိုက်ရှာလေလေ၊ နောက်ထပ် ပိုပိုဆိုးတဲ့ပုံတွေ ထပ်တွေ့လေလေ ဖြစ်ခဲ့တယ်”လို့ ဒေစီ ကပြောပြပါတယ်။

ဂျိုဒီက အဲဒီတွစ်တာ သုံးတဲ့သူတွေဆီ မက်ဆေ့ချ်ပို့ပြီး သူတို့သူငယ်ချင်း နှစ်ယောက်ရဲ့ ပုံတွေကို ဘယ်ကနေ ရခဲ့တာလဲလို့ မေးကြည့်ပါတယ်။ ဒီပုံတွေကို အမည်မဖော်လိုသူတွေက ပို့လိုက်တာဖြစ်ပြီး ဆက်ဖြန့်ပေးစေချင်ကြတယ်လို့ သူတို့က ပြန်ဖြေကြပါတယ်။

“ရည်းစားဟောင်း တစ်ယောက်ယောက် ဒါမှမဟုတ် ခင်ဗျားကို ကြိုက်နေတဲ့သူ တစ်ယောက်ယောက် ဖြစ်မှာပေါ့”လို့ တစ်ဦးက ပြန်ဖြေခဲ့ပါတယ်။

ဒေစီနဲ့ ဂျိုဒီ ဟာ သူတို့နှစ်ဦးစလုံးကို ဆိုရှယ်မီဒီယာမှာ ဖောလိုးလုပ် စောင့်ကြည့်နေတဲ့ အမျိုးသားတွေရဲ့အမည်တွေနဲ့ သူတို့နှစ်ယောက်စလုံးရဲ့ ပုံတွေကို ဝင်ကြည့်နိုင်တဲ့ အမျိုးသားတွေအားလုံးရဲ့ အမည်စာရင်းတစ်ခုကို ဆွဲခဲ့ကြပါတယ်။

လက်သည်တရားခံက ဂျိုဒီရဲ့ ရည်းစားဟောင်း ဖြစ်ရမယ် ဆိုပြီး သူငယ်ချင်းနှစ်ဦးက ကောက်ချက်ဆွဲခဲ့ကြပါတယ်။ ဂျိုဒီက သူ့ရည်းစားဟောင်းကို ရင်ဆိုင်တွေ့ မေးပြီး သူ့ကို အကောင့်တွေကနေ ပိတ်လိုက်ပါတယ်။

လအနည်းငယ်လောက်ကြာအောင်တော့ အဲဒီပို့စ်တွေ ရပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ အမည်မသိသူတစ်ဦးက အီးမေးလ်နဲ့ ဆက်သွယ်လာ ပါတယ်။

“အမည်မဖော်ပဲ ထားထားတဲ့အတွက် တောင်းပန်ပါတယ်”လို့ အဲဒီ အီးမေးလ်ထဲမှာ ရေးထားပါတယ်။ “ဒါပေမဲ့ ခင်ဗျားရဲ့ ပုံတွေကို ကျောချမ်းစရာ ကောင်းတဲ့ Reddit ဝက်ဆိုက်ခွဲတစ်ခုမှာ ဒီလူ တင်နေတာကို တွေ့ခဲ့ရတယ်။ ခင်ဗျား တကယ့်ကို ကြောက်သွားလိမ့်မယ် ဆိုတာ နားလည်ပါတယ်”

ဂျိုဒီက အဲဒီလင့်ခ်ကို နှိပ်လိုက်တဲ့အခါ Reddit လို့ခေါ်တဲ့ အွန်လိုင်းပေါ်ကနေ အုပ်စုတွေကြား ဓာတ်ပုံတွေ မျှဝေတဲ့ ဖိုရမ် တစ်ခုဆီ ရောက်သွားပါတယ်။ အဲဒီမှာ ဂျိုဒီနဲ့ သူ့သူငယ်ချင်း နှစ်ယောက်ရဲ့ ပုံတွေကို နံပတ် ၁၊ ၂၊ ၃ တပ်ပြီး တင်ထားပါတယ်။

တခြား အွန်လိုင်းဝက်ဆိုက်တွေမှာတော့ ဒီအမျိုးသမီးတွေနဲ့ လိင်ဆက်ဆံချင်သလား၊ လက်ထပ်ချင်သလား၊ ဒါမှမဟုတ် သတ်ပစ်ချင်သလား ဆိုတာကို ရွေးချယ်ရတဲ့ ဂိမ်းတစ်ခုမှာ ဝင်ကစားဖို့ ဖိတ်ခေါ်ထားပါတယ်။

အဲဒီပို့စ်ရဲ့ အောက်မှာ လူ ၅၅ ဦးတောင် မှတ်ချက်တွေ ရေးထားကြပြီး ဖြစ်ပါတယ်။

အဲဒီဝက်ဆိုက်မှာ သုံးထားတဲ့ ပုံတွေက လတ်တလောတင်ထားတဲ့ပုံတွေဖြစ်ပြီး သူ့ရည်းစားဟောင်းကို ဘလော့ခ်လိုက်အပြီးမှ ဒေစီတင်ထားတဲ့ ပုံတွေဖြစ်ပါတယ်။ အဲဒီအခါ သူတို့သူငယ်ချင်း နှစ်ဦး လူမှား စွပ်စွဲခဲ့ကြတယ် ဆိုတာကို သဘောပေါက်ခဲ့ကြပါတယ်။

သီတင်း ၆ ပတ်ကြာတဲ့အခါ အရင်တစ်ခါ အီးမေးလ် ပို့ခဲ့သူကပဲ ထပ်ဆက်သွယ်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ Deepfake အကြောင်း ရေးပြောလာတာပါ။

အဆုံးစွန် သစ္စာဖောက်မှုကြီး

ဂျိုဒီနဲ့ ဒေစီတို့က မသင်္ကာသူ စာရင်းကိုဆွဲခဲ့ကြတုန်းက သူတို့ လုံးဝ ယုံကြည်စိတ်ချရတယ်လို့ ယူဆတဲ့ အမျိုးသားအနည်းငယ်ကို ချန်ခဲ့ကြပါတယ်။ အဲဒီ စာရင်းထဲမှာ မိသားစုဝင်တွေနဲ့ အတူ ဂျိုဒီရဲ့ အချစ်ဆုံးသူငယ်ချင်း အဲလက်စ် ဝိုးလ်ဖ်လည်း မပါခဲ့ပါဘူး။

ဂျိုဒီနဲ့ အဲလက်စ် ဝိုးလ်ဖ်ဟာ ဂန္တဝင်တေးဂီတ ကြိုက်နှစ်သက်တာချင်း တူတဲ့အတွက် နှစ်ကိုယ့်တစ်စိတ်ရင်းနှီးခဲ့ကြပြီး ဆယ်ကျော်သက်အရွယ်ကတည်းက ခိုင်ခိုင်မြဲမြဲ တွဲလာခဲ့ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။

ချစ်သူရှာတဲ့ အက်ပ်တွေပေါ်မှာ သူ့သဘောမပါဘဲ သူ့နာမည်နဲ့ ဓာတ်ပုံတွေ သုံးနေတာကို ဂျိုဒီ သိခဲ့ရချိန်တုန်းက အဲလက်စ်ကို ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။

အဲလက်စ်ဟာ ကိန်းဘရစ်ချ် တက္ကသိုလ်ကနေ ဂီတပညာဘွဲ့ကို ပထမအဆင့် နှစ်ထပ်ကွမ်းနဲ့ အောင်ခဲ့ပြီး ဘီဘီစီက ချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး သီချင်းရေးဖွဲ့သူ လူငယ်ဆုကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ်မှာ ဘီဘီစီရဲ့ Mastermind ဉာဏ်စမ်းပဟေဌိ အစီအစဉ်မှာလည်း ပါဝင်ခဲ့ပါတယ်။

“အဲလက်စ် ဟာ အထူးသဖြင့် အင်တာနက်ပေါ်မှာ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ဒီပြဿနာတွေအကြောင်း ထဲထဲဝင်ဝင် သိထားခဲ့သူပါ” လို့ ဂျိုဒီက ပြောပါတယ်။

“ဒီလိုကိစ္စရပ်တွေကို ဆန့်ကျင်လှုပ်ရှားသူ တစ်ဦးအဖြစ် သူ့ကို ကျွန်မ တကယ့်ကို မှတ်ယူထားခဲ့တာပါ”

ဒါပေမဲ့လည်း Deepfake နည်းပညာ သုံးပြီး သူ့ပုံကို ပြုပြင်ထားတဲ့ ညစ်ညမ်း ဓာတ်ပုံတွေကို ဂျိုဒီ တွေ့ခဲ့ချိန်မှာ အဲဒီပုံတွေထဲမှာ ကိန်းဘရစ်ချ် ကင်းစ်ကောလိပ် တက္ကသိုလ် နောက်ခံထားပြီး ရိုက်ထားတဲ့ ဂျိုဒီရဲ့ပုံ တစ်ပုံ ပါနေတာကို တွေ့လိုက်ရပါတယ်။

အဲဒီပုံကို ဘယ်တုန်းက ရိုက်ခဲ့တာလဲ ဆိုတာနဲ့ အဲဒီပုံထဲမှာ အဲလက်စ်လည်း ပါခဲ့တယ်ဆိုတာကို ဂျိုဒီ ကောင်းကောင်း မှတ်မိနေခဲ့ပါတယ်။ ဒါ့အပြင် အဲဒီပုံကို အဲလက်စ် တစ်ယောက်တည်းကိုပဲ သူ ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

Deepfake နည်းပညာသုံးပြီး တခြားလူရဲ့ ကိုယ်မှာ ဂျိုဒီ့ရဲ့ မျက်နှာကို အစားထိုးပေးမယ်ဆိုရင် ဂျိုဒီရဲ့ ပုံတွေ နောက်ထပ် ပို့ပေးမယ်ဆိုပြီး လူတွေကို လိုက်ပြောနေသူက တခြားသူ မဟုတ်ဘဲ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း အဲလက်စ် ဝိုးလ်ဖ် ဖြစ်နေတာကို သူ သိလိုက်ရပါတယ်။

“ဒီလိုအလုပ်ခံရတဲ့အတွက် ကျွန်မဘဝကို ဘယ်လောက်တောင် ထိခိုက်သွားစေခဲ့တယ် ဆိုတာကို သူကောင်းကောင်းကြီး သိခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဆက်လုပ်ခဲ့ပါတယ်” လို့ ဂျိုဒီက ပြောပါတယ်။

အကြီးအကျယ် အရှက်ရခဲ့ပါတယ်

၂၀၂၁ ခုနှစ် သြဂုတ်လမှာတော့ အသက် ၂၆ နှစ်အရွယ် အဲလက်စ် ဝိုးလ်ဖ် ဟာ ဂျိုဒီအပါအဝင် အမျိုးသမီး ၁၅ ယောက်ရဲ့ ပုံတွေကို ဆိုရှယ်မီဒီယာပေါ်ကနေ ယူပြီး ညစ်ညမ်း ဝက်ဆိုက်တွေပေါ် တင်ခဲ့မှုနဲ့ ပြစ်မှုထင်ရှားကြောင်းတွေ့ခဲ့ပါတယ်။

သူ့ကို နှစ်နှစ် ဆိုင်းငံ့နဲ့ ထောင်ဒဏ် ၅ လ ချမှတ်ခဲ့ပြီး အဲဒီအမျိုးသမီးတွေကို လျော်ကြေးငွေ ပေါင် ၁၀၀ စီပေးဖို့ တရားရုံးက ညွှန်ကြားခဲ့ပါတယ်။

အဲလက်စ် ဝိုးလ်ဖ် က သူ့ရဲ့ လုပ်ရပ်တွေအတွက် အကြီးအကျယ် အရှက်ရမိခဲ့ပြီး အရမ်းကို စိတ်မကောင်း ဖြစ်မိရပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။

“ကျွန်တော့်ကြောင့် ဖြစ်ခဲ့ရတဲ့ စိတ်ဒုက္ခ ဝေဒနာတွေအကြောင်း နေ့စဉ်နေ့တိုင်း တွေးပြီး နောင်တရမိပါတယ်။ ကျွန်တော်ဘဝ တစ်သက်လုံးလည်း ဆက်နောင်တရနေမှာ မလွဲပါပဲ” လို့ သူကပြောပါတယ်။

“ကျွန်တော် လုပ်ခဲ့တာအတွက် ဆင်ခြေပြစရာ အကြောင်းမရှိသလို အဲဒီအချိန်က စိတ်ထဲမှာ ဖြစ်လာတဲ့ အတိုင်း ဘာ့ကြောင့် အခုလောက်တောင် ယုတ်ယုတ်မာမာ လုပ်မိခဲ့ရတာလည်း ဆိုတာနဲ့ ပတ်သက်လို့လည်း ကျွန်တော် လုံလုံလောက်လောက် ရှင်းပြနိုင်စွမ်းမရှိပါဘူး”

သူတရားစွဲခံခဲ့ရတဲ့ ကိစ္စတွေမတိုင်ခင်အချိန်က ဂျိုဒီ နှောင့်ယှက်ခံခဲ့ရတဲ့ အဖြစ်တွေကတော့ သူ့နဲ့ မဆိုင်ဘူးလို့ အဲလက်စ် ဝိုးလ်ဖ်က ပြောပါတယ်။

ဂျိုဒီအတွက်ကတော့ သူ့အချစ်ဆုံး သူငယ်ချင်း သူ့အပေါ် လုပ်ခဲ့တာတွေကို သိလိုက်ရတာဟာ အဆုံးစွန် ယုတ်မာလှည့်စားခံခဲ့ရ၊ အရှက်ခွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်မနဲ့ သူ ပြောခဲ့ဖူးတဲ့ စကားမှန်သမျှကို ကျွန်မ ပြန်ပြောင်း သတိရခဲ့မိပါတယ်။ အဲဒီတုန်းက သူက ကျွန်မကို နှစ်သိမ့်၊ အားပေး၊ ကြင်နာတဲ့ စကားတွေ ပြောခဲ့ပါတယ်။ ဒါတွေအားလုံးဟာ အလိမ်အညာတွေချည်းပါပဲ”

ဒီပို့စ်တွေနဲ့ပတ်သက်လို့ တွစ်တာ လို့ အရင်က ခေါ်တဲ့ X အက်ပ်နဲ့ Reddit အွန်လိုင်းဖိုရမ် တို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ X က တုံ့ပြန်ဖြေကြားတာမျိုး မရှိခဲ့ပေမဲ့ Reddit ရဲ့ ပြောခွင့်ရသူကတော့ “သဘောတူချက်မရှိတဲ့ အတွင်းရေးမီဒီယာ (NCIM) တွေကို Reddit ပလက်ဖောင်းပေါ်မှာ တင်လေ့ မရှိပါဘူး။ အခု အဲဒီပို့စ်တွေကို တင်ခဲ့တဲ့ Reddit ဖိုရမ်ခွဲကိုလည်း ပိတ်ပင်ထားပြီး ဖြစ်ပါတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီ ညစ်ညမ်းဝက်ဆိုက်ကိုလည်း ဖြုတ်ချလိုက်ပြီလို့ သိရပါတယ်။

Deepfake နည်းပညာသုံးထားတဲ့ ညစ်ညမ်းပုံတွေကို ဝေမျှတာဟာ ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်ဆိုပြီး အွန်လိုင်း လုံခြုံရေး ဥပဒေကြမ်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ပြဋ္ဌာန်းခဲ့ပါတယ်။

Deepfake နည်းပညာ သုံးထားတဲ့ ဗီဒီယိုတွေ အွန်လိုင်းပေါ်မှာ ထောင်သောင်းချီ ရှိနေပါတယ်။ မကြာသေးခင်က လေ့လာချက်အရ အဲဒီ ဗီဒီယိုတွေထဲက ၉၈ ရာခိုင်နှုန်းဟာ ညစ်ညမ်းဗီဒီယိုတွေ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

ဒါပေမဲ့လည်း ဒီဥပဒေသစ်အရ အဲလက်စ် ဝိုးလ်ဖ် လို တခြားသူကို deepfake နည်းပညာသုံးပြီး ပုံဖန်တီးခိုင်းသူမျိုးက ရာဇဝတ်မှု ကျူးလွန်ရာ မမြောက်တဲ့အတွက် ဂျိုဒီ အကြီးအကျယ် ဒေါသထွက်မိရပါတယ်။ ဒါ့အပြင် deepfake ဖန်တီးတာကလည်း ဥပဒေ ချိုးဖောက်ရာ မကျဘူးလို့ သိရပါတယ်။

“ဒါဟာ အမျိုးသမီး ထောင်သောင်းများစွာကို ထိခိုက်စေပါတယ်။ ဒီလိုလုပ်နေတဲ့ လူတွေကို တားဆီးနိုင်ဖို့ တကယ့် ဥပဒေတွေ ချမှတ်ဆောင်ရွက်ပေးဖို့ လိုနေပါတယ်” လို့ ဂျိုဒီက ပြောပါတယ်။