ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေးက ကွဲပြားတဲ့ အတိတ်မျိုးနွယ်စုများ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မန္တလေးမြို့ကို မြန်မာယဉ်ကျေးမှုရဲ့ နောက်ဆုံးခံတပ်ဆိုပြီး တင်စားလေ့ရှိပြီး မန္တလေးအနီးဝန်းကျင်မှာလည်း အင်းဝ၊ စစ်ကိုင်းနဲ့ အမရပူရ၊ ရွှေဘို စတဲ့ ရှေးဟောင်း မြန်မာမြို့တော်တွေ တည်ရှိပါတယ်။ မန္တလေးနဲ့ ဒီမြို့ဟောင်းတွေဟာ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ရဲ့ အလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းမှာ တည်ရှိပါတယ်။
လွန်ခဲ့တဲ့ နှစ်တထောင်ကာလတွေအတွင်း ဒီရပ်ဝန်းကနေပြီး အထက်ပိုင်း မြစ်ဖျားဒေသ၊ အောက်ပိုင်း မြစ်ဝကျွန်းပေါ်နဲ့ မြစ်ဝှမ်းတဘက်တချက်ဆီက တောင်တန်းကုန်းမြင့်တွေကို ကျော်လွန်ပြီး ရခိုင်၊မဏိပူရ၊ အာသံနဲ့ ထိုင်း၊ လာအိုတွေဘက်ဆီကို မြန်မာဘုရင်တွေရဲ့ သြဇာစက်ဝန်းကို ဖြန့်ကြက်ခဲ့ပါတယ်။ အဲဒီခေတ် နိုင်ငံချဲ့မှုစနစ်အရ အောင်နိုင်သူရဲ့ နိုင်ငံထဲက စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေအတွက် လိုအပ်တဲ့ လုပ်သားဦးရေရဖို့ သိမ်းပိုက်ခံနယ်မြေတွေက လူမျိုးစုံကို ဖမ်းဆီးခေါ်ဆောင်လာတတ်ပါတယ်။ ဒါကြောင့် မြန်မာနယ်တွေလို့ သိနေကြတဲ့ နိုင်ငံအလယ်ပိုင်းက စစ်ကိုင်း၊ မန္တလေးနဲ့ မကွေး တိုင်းနယ်မြေတွေမှာ ထိုင်း၊ လာအို၊ မဏိပူရ၊ ရခိုင်နဲ့ မွန်နွယ်ဖွားတွေ အစဉ်အဆက် နေခဲ့ကြသလို တရုတ်၊ အိန္ဒိယနဲ့ ဥရောပအနွယ်တွေလည်း နည်းပေါင်းစုံနဲ့ မြန်မာပြည်ထဲကို ရောက်လာပြီး အခြေချနေကြတာကို အစဉ်အဆက် တွေ့ရပါတယ်။
ဒါကြောင့် မြန်မာအစစ်ဆုံးလို့ စာရေးဆရာကြီး ရွှေဥဒေါင်းဂုဏ်ယူခဲ့တဲ့ ရွှေဘိုနယ်မှာ ပေါ်တူဂီ၊ မြေဒူးမွတ်ဆလင်၊ ထိုင်းစတဲ့ မျိုးနွယ်စုံကို တွေ့နိုင်သလို နောက်ဆုံး မြန်မာမင်းမြို့တော် ဖြစ်တဲ့ မန္တလေးနဲ့ တဝိုက်မှာလည်း ထိုင်း၊ မဏိပူရ၊ အိန္ဒိယ၊ တရုတ်၊ ရခိုင်၊ ပန်းသေး စတဲ့ မျိုးနွယ်စုံကို တွေ့နိုင်ပါတယ်။
ထိုင်းရှမ်းအနွယ်များ
ယိုးဒယား၊ ဇင်းမယ်နဲ့ လင်းဇင်းလို့ သိခဲ့ကြတဲ့ ထိုင်းနဲ့ လာအိုနိုင်ငံက ရှမ်းနွယ်ဖွားတွေကို ဘုရင့်နောင် လက်ထက်ကစပြီး ကုန်းဘောင်ခေတ်ထိ မြန်မာဘုရင်အဆက်ဆက်ရဲ့ သိမ်းပိုက်နယ်ချဲ့မှုတွေအကျိုးဆက်အဖြစ် မြန်မာပြည်ထဲ ခေါ်ဆောင်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် အင်းဝနဲ့ မန္တလေးမြို့နားတဝိုက်မှာ ထိုင်းအနွယ်တွေ နေထိုင်ကြတဲ့ ရပ်ကွက်တွေနဲ့ ရွာတွေကို တွေ့ရကြောင်း ဆရာဝန်တင်မောင်ကြည်ရဲ့ မြန်မာပြည်ရောက် ယိုးဒယားအနွယ်လာများ စာအုပ်မှာ ပါရှိပါတယ်။ ၁၇၆၇ ခုနှစ် အယုဒ္ဓယမြို့ကျဆုံးပြီးနောက် ဘုရင်နဲ့ ယိုးဒယားလူမျိုး သုံးသောင်းခန့် အင်းဝကို ခေါ်လာတယ်လို့လည်း ဆိုပါတယ်။ ရက် ၁ဝဝ ကြာတဲ့ခရီးမှာ ရောဂါဘယတွေနဲ့ ဆင်းရဲငတ်မွတ်မှုအဖုံဖုံကို ကျော်ဖြတ်နိုင်သူတွေပဲ အင်းဝကို ရောက်လာတာ ဖြစ်ပါတယ်။
ရောက်လာတဲ့ ထိုင်းအနွယ်တွေကို အင်းဝနန်းတွင်းနဲ့ နန်းပြင်၊ မြို့ပြင်တွေမှာ သင့်လျော်သလို နေရာချပေးခဲ့လို့ ယခုထိ မင်းသားစု၊ မုန့်တီစု စတဲ့ ရပ်ကွက်တွေကို မန္တလေး ရွှေတချောင်းမြောင်းတလျှောက်မှာ တွေ့ရပါတယ်။ ရဟိုင်းစျေး၊ ယိုးဒယားစျေး စတဲ့ ထိုင်းနွယ်ဖွားတွေရဲ့ စျေးတွေလည်း မန္တလေးမှာ ကျန်ရစ်ခဲ့ပါတယ်။ စစ်ကိုင်းနဲ့ မန္တလေး မြောက်ပြင်မှာ လင်းဇင်းရပ်ကွက်တွေ ရှိသလို အမရပူရက လင်းဇင်းကုန်းသုသာန်မှာလည်း ထိုင်းဘုရင်ဟောင်းရဲ့ သင်္ချိုင်းရှိတယ်ဆိုပြီး တူးဖော်ခဲ့ကြပါတယ်။ ဒီထိုင်းအနွယ်တွေနဲ့ ပါလာတဲ့ ယဉ်ကျေးမှုအစုစုဟာ မြန်မာဂီတ၊ သဘင်၊ အနုပညာနဲ့ အချက်အပြုတ် တခေတ်ဆန်းအောင် အားပေးခဲ့တယ်လို့လည်း ဒေါက်တာသန့်မြင့်ဦးရဲ့ ခေတ်သစ်မြန်မာပြည် တည်ထောင်ခြင်း စာအုပ်မှာ ပါရှိပါတယ်။
မြန်မာဘုရင်လက်ထက် ဇာတ်သဘင်အစုတွေနဲ့ နန်းတွင်းစားဖိုဆောင်၊ ယွန်းတပ်၊ ကောင်ဟန်တပ် စတာတွေမှာ ဒီ ထိုင်းနဲ့ လာအိုနွယ်တွေ၊ လူးဆယ့်နှစ်ပန္နားခေါ် ဆစ်ဆောင်ပန္နားအနွယ်တွေကို အမှုထမ်းစေခဲ့တာမို့ ယိုးဒယားဝန်၊ ယွန်းစုဝန်၊ ကောင်ဟန်ဝန် ရာထူးတွေ ခန့်ထားခဲ့ပါတယ်။ ဗြိတိသျှအောက် ကျပြီးနောက် ကောက်ခံတဲ့ သန်းခေါင် စာရင်းတွေမှာ ယိုးဒယား၊ လင်းဇင်း၊ ဇင်းမယ်၊ ရခိုင်၊ ကသည်းနဲ့ မွန် စတဲ့ သုံ့ပန်း အနွယ်တွေကို မြန်မာဗုဒ္ဓဘာသာဝင်တွေအဖြစ် စုပေါင်းဖော်ပြခဲ့ပြီးနောက် ဒီမျိုးနွယ်စုတွေ တိမ်ကောသွားခဲ့တယ်လို့လည်း ဒေါက်တာသန့်မြင့်ဦးက ရေးပါတယ်။ အခုထိ ထိုင်းအနွယ်လို့ လူသိထင်ရှား ရှိခဲ့သူတွေထဲ လူထုဒေါ်အမာ၊ ပတ္တမြားခင်စတဲ့ မန္တလေးသူတွေ ပါတာ တွေ့ရပါတယ်။
ကသည်း ပုဏ္ဏားများ
တချိန်က ပုဏ္ဏားတော် ပညာရှိများအဖြစ် မြန်မာနန်းတွင်းမှာ ကြီးစိုးခဲ့တဲ့ ဗြဟ္မဏ ပုဏ္ဏားတွေဟာ မဏိပူရက လာတဲ့ ကသည်းအနွယ်တွေ များပြီး ဒီပုဏ္ဏားအများစုကို ကုန်းဘောင်ခေတ် မဏိပူရကို သိမ်းပိုက်ပြီးနောက် စစ်ကိုင်းနဲ့ အင်းဝတဝိုက်မှာ နေရာချပေးခဲ့ပါတယ်။
သရေခေတ္တရာ ပုဏ္ဏား၊ ရခိုင်ပုဏ္ဏား စတဲ့ တခြားပုဏ္ဏားမျိုးနွယ်တွေ ရှိသလို အိန္ဒိယနိုင်ငံ ဗာရာဏသီက ပုဏ္ဏားပညာရှိတွေ မြန်မာနန်းတွင်းကို လာပြီး ကြီးစိုးခဲ့ကြတယ်လို့လည်း ဒေါက်တာသန့်မြင့်ဦးက ရေးပါတယ်။ ဘိုးတော်ဘုရားလက်ထက် ဗာရာဏသီပုဏ္ဏားတွေ အကြံပေးမှုကြောင့် မြန်မာပြည်မှာ အစဉ်အဆက် ပူဇော်ပသလာခဲ့တဲ့ မဟာပိန္နဲ ကိုးကွယ်မှုနေရာမှာ သကန္တ ခေါ် ဟိန္ဒူစစ်နတ်ကို ပြောင်းလဲ ကိုးကွယ်ခဲ့တယ်လို့ သိရပါတယ်။ ၁၇၈၅ ကစပြီး ရခိုင်မှာ ပုဏ္ဏားသာသနာပိုင်၊ မြန်မာမှာ ပုဏ္ဏားဝန် ခန့်ထားခဲ့သလို ဆတ္တာဝန်လည်း ခန့်ခဲ့ကြောင်း ပုဂံဝန်ထောက်ဦးတင်ရဲ့ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းမှာ ပါရှိပါတယ်။
ဗြိတိသျှသိမ်းပိုက်ပြီးနောက် ပုဏ္ဏားမျိုးနွယ်တွေဟာ နန်းတွင်းမှာ နေရာရခဲ့တဲ့ဘဝကနေ နိုင်ငံခြားသား၊ ဗုဒ္ဓဘာသာမဟုတ်သူဆိုတဲ့ အမြင်မျိုး ပြောင်းလဲရှုမြင်ခံရကြောင်း ဒေါက်တာသန့်မြင့်ဦးက ရေးပါတယ်။ ဒါပေမဲ့လည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ မင်္ဂလာပွဲလမ်းတွေမှာ ပုဏ္ဏားပညာရှိတွေ တွက်ချက်ပေးတဲ့ အချိန်ကောင်း အခါကောင်းတွေကိုပဲ ရွေးချယ်ပြုလုပ်တာ၊ ဇာတာဖွဲ့တာ၊ ဗေဒင်တွက်တာ စတဲ့ ရိုးရာကိစ္စတွေမှာတော့ အရင်အတိုင်းပဲ သြဇာညောင်းဆဲ ဖြစ်ခဲ့ပါတယ်။ ဦးစိန္တာနဲ့ ဦးကဝိဆိုတဲ့ ပညာရှိကြီးနှစ်ယောက်ဟာ ကိုလိုနီခေတ် မန္တလေးမှာ နာမည်ကျော်ခဲ့တာပါ။
မန္တလေး တောင်ပြင် ဗောဓိကုန်းနဲ့ စိတ္တရမဟီ၊ အရှေ့ပြင် ဒေါနဘွား၊ အနောက်ပြင် ခတ္တိယဝင်း၊ သမီးတော်စျေးနဲ့ မင်းတဲအီကင်း စတဲ့ရပ်ကွက်တွေမှာ ပုဏ္ဏားမျိုးနွယ်တွေ နေခဲ့ကြကြောင်း နတ်မောက်ထွန်းရှိန်ရဲ့ ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည် စာအုပ်မှာ ပါရှိပါတယ်။ နောက် အမရပူရနားက ရေကြည်ပေါက်နဲ့ ရွှေကြက်ယက် စတဲ့ရွာတွေမှာ ကသည်းနတ်ကွန်းတွေ ကျန်ရစ်ခဲ့ပါတယ်။ ကသည်းတွေဆီက ဆင်းသက်လာတဲ့ အချိတ်ရက်ကန်းပညာ၊ အနှိပ်ပညာတွေ ဆက်ပြီး ခေတ်စားနေပေမယ့်လည်း တချိန်က မြန်မာဘုရင့်တပ်မှာ ကသည်းမြင်းတပ်၊ အက္ကပတ်မြင်းတပ်အဖြစ် နေရာရခဲ့တဲ့ ကသည်းမြင်းသည်တွေအကြောင်း လူသိနည်းနေပြီဖြစ်ပါတယ်။
ဘုရင်ဂျီခေါ် ပေါ်တူဂီနွယ်များ
ရခိုင်နဲ့ ပဲခူးမှာ ၁၆၊ ၁၇ ရာစုနှစ်တွေမှာ ကျင်လည်ကျက်စားခဲ့တဲ့ ပေါ်တူဂီကြေးစားစစ်သည်တွေနဲ့ ပင်လယ်ဓားပြတွေရဲ့ မျိုးဆက်တွေကို မြန်မာပြည်အောက်ပိုင်းနဲ့ အညာဒေသ ရွှေဘို၊ မုံရွာတကြောအပြင် မန္တလေးဘက်ဆီမှာလည်း ယခုတိုင် တွေ့နိုင်ပါတယ်။ အနောက်ဘက်လွန်မင်းလက်ထက် သန်လျင်ကို သိမ်းပိုက်ပြီးနောက် မူးမြစ်ဝှမ်းမှာ နေရာချပေးခဲ့တဲ့ ပေါ်တူဂီစစ်သည်တွေဟာ မြန်မာဘုရင့်တပ်မှာ အမြောက်သေနတ်အမှုထမ်းတွေ ဖြစ်လာပြီး ကုန်းဘောင်ခေတ်ထိ အမှုထမ်းခဲ့ကြပါတယ်။ ဒေသခံမြန်မာတွေနဲ့ ပေါင်းဖက်ကြပေမယ့် ကက်သလစ်ဘာသာကို ဆက်ထိန်းကြတဲ့အတွက် ရွှေဘိုချောင်းဦးဘက်မှာ ခရစ်ယာန်ဘုရားကျောင်းကြီးတွေ အထင်အရှားကျန်ရစ်ခဲ့ပါတယ်။
ဒီ နှစ်လေးရာကျော်အတွင်း ရောမကက်သလစ်ဌာနချုပ်နဲ့ အဆက်အသွယ်မပြတ်ရှိခဲ့ပြီး ဘုရင်ဂျီဘုန်းတော်ကြီးတွေကို ရောမက စေလွှတ်တာတွေလည်း အစဉ်အဆက် ရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ ပထမဆုံး ဆရာဝန်အဖြစ် အမ်ဗရို့စ်ဒီရိုဇာရီယို ရောမမှာ သင်ကြားတတ်မြောက်ခဲ့ပြီး အစောဆုံး မြန်မာပုံနှိပ်စာအုပ်ဖြစ်တဲ့ မြန်မာသင်ပုန်းကြီးဖတ်စာကို ၁၇၇၆ က ရောမမှာ ရိုက်နှိပ်တာ ဖြစ်ပါတယ်။ ဒီဘုရင်ဂျီအနွယ်တွေထဲက ဘကြီးတော်ဘုရားရဲ့ အနောက်နန်းမိဘုရားအထိ ဖြစ်ခဲ့သူက ဓနုဖြူမိဘုရားဖြစ်ပြီး ရန်ကုန်မှာ အကောက်ဝန် လုပ်ခဲ့တဲ့ မာလိန်ဖြူခေါ် ဂျန်ဆီရဲ့ သမီးဖြစ်ပါတယ်။
မြန်မာဘုရင်အောက်မှာ အမှုထမ်းခဲ့တဲ့ အနောက်တိုင်းသားတွေထဲ ပေါ်တူဂီတွေအပြင် ပြင်သစ်၊ ဂျာမန်၊ အာမေနီယံစတဲ့ လူမျိုးစုံပါသလို အာဖရိကန်နွယ်ဖွားတွေလည်း ပါပါတယ်။ ဥရောပက လူမျိုးစုံနဲ့ မွတ်ဆလင်ဘာသာဝင်တွေကို အုပ်ချုပ်ဖို့ ကုလားဝန် ရာထူးကို ညောင်ရမ်းခေတ်ကတည်းက ခန့်ထားခဲ့ပြီး ဒီထဲမှာ မက္ကတစ်နဲ့ မနွတ် စတဲ့ အာမေနီယံတွေ ပါတာကို တွေ့ရပါတယ်။
ပသီခေါ် မြန်မာမွတ်ဆလင်မျိုးနွယ်များ
ပသီ၊ ဇေဒဘာရီစတဲ့ အမည်တွေနဲ့ သိခဲ့ကြတဲ့ မြန်မာမွတ်ဆလင်တွေဟာ ရေကြောင်း၊ ကုန်းကြောင်းနဲ့ အိန္ဒိယဘက်ကနေ မြန်မာပြည်ထဲ ရောက်လာတာ ရာစုနှစ်တွေချီ ကြာခဲ့ပြီ ဖြစ်ပြီး ရွှေဘိုနယ် မြေဒူးနဲ့ ပျော်ဘွယ် ယင်းတော်ဘက်မှာ အများအပြား နေထိုင်ကြပါတယ်။ ဘိုးတော်ဘုရားခေတ် ရခိုင်ကို သိမ်းပိုက်ပြီးနောက် ခေါ်ဆောင်လာတဲ့ မွတ်ဆလင်တွေကိုလည်း မဟာမုနိဘုရားကြီးတဝိုက်မှာ ရခိုင်တွေနဲ့အတူ နေရာချပေးခဲ့ပါတယ်။
မြန်မာဘုရင်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့အဖြစ် မွတ်ဆလင်တွေကို ခန့်ထားခဲ့လို့ ကိုယ်ရံတော်ဗလီအဖြစ် မန္တလေးမှာ အထင်အရှားရှိသလို ကုလားပျိုတပ်ဖွဲ့ပေးခဲ့လို့ ကုလားပျိုဗလီလည်း ကျန်ရစ်ခဲ့ပါတယ်။ ဘုံးအိုးနဲ့ အမြောက်တန်းလေးဗလီတွေလည်း ရှိပါတယ်။ ဂျွန်းဗလီကတော့ ဘိုးတော်ဘုရားခေတ်မှာ လာဖျော်ဖြေတဲ့ ဂျွမ်းသမားတွေဆီက ဆင်းသက်တာလို့ သိရပါတယ်။ မန္တလေးတဝိုက်မှာ ပါတော်မမူခင်နဲ့ ဗြိတိသျှခေတ်မှာ တည်ခဲ့တဲ့ ဗလီ ၈၂ လုံးရှိပြီး နန်းတွင်းမှာ မင်းတုန်းမင်းတည်တဲ့ ရွှေပန္နက်ဗလီဆိုပြီး ရှိခဲ့ပါတယ်။
တခါ ဒီဗလီတွေကို ဘုရင့်တပ်မှူးနဲ့ သူဌေးဘွဲ့ခံ မွတ်ဆလင် လူချမ်းသာတွေ တည်ခဲ့တာ များပါတယ်။ မန္တလေး သူဋ္ဌေးတန်းရပ်က ဗလီကို သီပေါမင်းခေတ် မဟာသုဝဏ္ဏသေဋ္ဌ သူဋ္ဌေး ဦးမောင်ကြီးခေါ် ဦးအီဆပ်က တည်တယ်လို့ နတ်မောက်ထွန်းရှိန်က ရေးပါတယ်။ အသုံးတော်ခံ စိန်မမချို၊ အကောက်ဝန် မူလာအီစမန် စတဲ့ ဘုရင့်အသုံးတော်ခံ မွတ်ဆလင် ကုန်သည်လူချမ်းသာတွေ ရှိခဲ့ပြီး မဟာဂီတကျမ်းပြုတဲ့ ဦးမောင်မောင်လတ်ဟာ အကောက်ဝန်ရဲ့သားဖြစ်ပါတယ်။ နောက်ပြီး ကုန်းဘောင်ခေတ်က အမျိုးဘာသာလိုက်နာ ယုံကြည်ကြတဲ့ ဝါဒမှုတွေကို ဆိုင်ရာ အကြီးအမှူးတွေ စီရင်ဖို့ လွှဲပေးရာမှာ ဗုဒ္ဓသာသနာ၊ ဟိန္ဒူသာသနာ၊ ပသီသာသနာအလိုက် အမိန့်တော်ထုတ် လွှဲအပ်ပေးတယ်လို့လည်း ပုဂံဝန်ထောက်ဦးတင်က ရေးပါတယ်။
ဒီမွတ်ဆလင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့အတူ ရာစုနှစ်တွေနဲ့ချီ ယှဉ်တွဲနေထိုင်ခဲ့ကြတဲ့အတွက် ယဉ်ကျေးမှုကူးယှက်တာတွေ ရှိပါတယ်။ အမရပူရနားက ဥယျာဉ်တော်နဲ့ ကြည့်မြင်တိုင်ရွာတွေက ကသည်းမွတ်ဆလင်တွေရဲ့ ရှင်ပြုအခမ်းအနားမှာ ဗုဒ္ဓဘာသာဝင်တွေလိုပဲ မဏ္ဍပ်တွေထိုး ဧည့်ခံပြီး ရှင်လောင်းနဲ့ နားသနားရံ လှည့်တာတွေ လုပ်ကြောင်း ဒျု-ကွန်းရှန်တက္ကသိုလ် တွဲဖက်ပါမောက္ခ ဘရိုက်စ်ဘီမာရဲ့ ကုန်းပိုင်း အရှေ့တောင်အာရှက လူမျိုးနှောမြို့တော်၊ ၁၈ နဲ့ ၁၉ ရာစု မြန်မာ၊ ထိုင်းနဲ့ မဏိပူရက ကျွန်ဖမ်းစစ်ပွဲများနဲ့ ယဉ်ကျေးမှု ဖလှယ်ခြင်း ပါရဂူဘွဲ့ယူကျမ်းမှာ ပါရှိပါတယ်။
ယူနန်နဲ့ ရေကြောင်းက တရုတ်နွယ်များ
မြန်မာပြည်နဲ့ ကျောခိုင်းနံစပ်ဖြစ်တဲ့ တရုတ်ပြည် ယူနန်နယ်က တရုတ်မျိုးနွယ်စုတွေ ရှမ်းကုန်းမြင့်နဲ့ မြန်မာပြည်မြောက်ပိုင်းဒေသတွေမှာ အခြေချနေကြတာ ရာစုနှစ်တွေချီ ကြာမြင့်ခဲ့ပြီး ရှမ်းနဲ့ ကချင်မျိုးနွယ်စုတွေလည်း ယူနန်ဘက်မှာ အများအပြား နေထိုင်ကြပါတယ်။ ပျူခေတ်ကတည်းက တရုတ်၊ နန်ချောင်ပြည်တွေနဲ့ အဆက်အသွယ်ရှိခဲ့တဲ့အတွက် မြန်မာမြို့တော်တွေမှာ တရုတ်တန်း တရုတ်ရပ်ကွက်တွေ ရှိခဲ့ပါတယ်။ ရေကြောင်းကုန်သွယ်ရေးအရလည်း အောက်ပိုင်း မွန်ဒေသဟာ တရုတ်နဲ့ အိန္ဒိယကြား ကုန်သွယ်လမ်းပေါ်မှာ ပဝေသဏီထဲက ရှိခဲ့ပါတယ်။
မန္တလေးနဲ့ အမရပူရတဝိုက်က တရုတ်မျိုးနွယ်တွေဟာ ရှေးကတည်းက ပိုးနဲ့ ကျောက်စိမ်းလုပ်ငန်းလုပ်ကြတဲ့အတွက် ယူနန်နဲ့ အိမ်ဦးကြမ်းပြင် အကူးအသန်းများကြပါတယ်။ ဒါကြောင့် ယူနန်ဘက်က စားဓလေ့နဲ့ ဝတ်ဓလေ့၊ လူနေမှုဓလေ့တွေဟာ မြန်မာပြည်မြောက်ပိုင်းမှာ ရှေးကတည်းက စိမ့်ဝင်နေခဲ့ပြီး အမရပူရက တရုတ်ဘုံကျောင်းမှာ ကျောက်စိမ်းတူးရင်း သေဆုံးခဲ့တဲ့ တရုတ်လူမျိုးတွေရဲ့ စာရင်းနဲ့ ဘိုးတော်ဘုရားနဲ့ မိဘုရားကြီးတို့ ပွဲတော်တည်ခဲ့တဲ့ စားပွဲဝိုင်းကြီးကို ထိန်းသိမ်းထားခဲ့ပါတယ်။ နောက် တရုတ်ကုန်သည်တွေ စခန်းချတဲ့ ဒေးဝန်းရပ် မန္တလေးမှာ ရှိခဲ့ပြီး ဒေးဝန်းအကောက်ဝန် ဦးစောင်ရှုတ်ဆိုပြီး မင်းတုန်းမင်းခေတ်မှာ ခန့်ခဲ့ပါတယ်။ တရုတ်ဝန်လည်း သီးသန့်ရှိပါတယ်။
ဘိုးတော်ဘုရားကို တရုတ်နယ်စပ်က ဆက်တဲ့ မိဘုရားသုံးပါးရှိခဲ့ပြီး ဒီကဆင်းသက်တဲ့ သံတွဲမင်းသား ရှိခဲ့ပါတယ်။ တရုတ်မိဘုရားတပါးဖြစ်တဲ့ သီရိမင်္ဂလာပဉ္စလဒေဝီ ကံကုန်ချိန်မှာ တရုတ် ၁ဝဝ ကျော် တီးမှုတ်ပူဇော်ပြီး ချဆောင်သင်္ဂြိုဟ်စေတယ်လို့ မောင်သန်းဆွေ (ထားဝယ်)က ရေးပါတယ်။
ယူနန်နယ်က ပန်းသေးများ
ယူနန်နယ်က ပန်းသေးသူပုန်ကြီးကြောင့် မြန်မာပြည်ဘက် ထွက်ပြေးလာတဲ့ ပန်းသေးမွတ်ဆလင်တွေကို မင်းတုန်းမင်းက မန္တလေးမှာ တာရဲတန်းဆိုပြီး ရပ်ကွက်သီးခြားပေးကာ ၁၈၆၈ မှာ ဗလီဆောက်ပေးခဲ့ပါတယ်။ ပန်းသေးတွေဟာ တူရကီအနွယ်တွေ ဖြစ်ပြီး တရုတ်ပြည်က ဝီဂါတွေနဲ့လည်း အမျိုးစပ်ပါတယ်။ ပန်းသေးဟာ ပသီလိုပဲ မွတ်ဆလင်ကို ရည်ညွှန်းတဲ့စကားလုံးလို့ ယူဆကြပြီး တရုတ်မွတ်ဆလင်တွေကို ရည်ညွှန်းတဲ့ အသုံးအနှုန်း ဖြစ်လာပါတယ်။
ကူဘလိုင်ခန် ပုဂံကို ဝင်တိုက်စဉ်က တရုက်တရက်လို့ သိကြတဲ့ တူရကီစစ်သားတွေပါလာပြီး စီချွမ်နဲ့ ယူနန်ကို သိမ်းတဲ့တပ်တွေမှာလည်း သူတို့ပါခဲ့ပါတယ်။ ၁၅ ရာစုခေတ် စစ်ကိုင်း ထူပါရုံဘုရားကျောက်စာမှာပါတဲ့ သက်မြုန်ချင်းကို အစိုးရသော ကစ္စပတိ၊ အဿပတိမည်သော ပန်းသေးမင်းတို့၏ အမျိုးအနွယ်ဖြစ်သော ရခိုင်မင်းဆိုတဲ့ စကားလုံးကတော့ မွတ်ဆလင် ပသီကို ရည်ညွှန်းပုံရပါတယ်။
ကုန်သွယ်ရေးနဲ့ ကျောက်တွင်းလုပ်တဲ့ ပန်းသေးလူမျိုးတွေဟာ ကချင်နဲ့ ရှမ်းကုန်းမြင့်တွေကနေ ထိုင်းနိုင်ငံထိ အခြေချနေထိုင်ကြသလို ဝနယ်မှာလည်း ပန်လုံဆိုပြီး မြို့စားတနယ်ရှိခဲ့ပါတယ်။ ပန်းသေးခေါက်ဆွဲနဲ့ ပန်းသေးစားတော်ဆက်တွေကို မြန်မာတွေ ကြိုက်သလိုပဲ ထိုင်းနိုင်ငံ မြောက်ပိုင်းက ခေါက်ဆွိုင်ခေါ် အုန်းနို့ခေါက်ဆွဲမှာလည်း ပန်းသေးစာရဲ့ လွှမ်းမိုးမှုကို တွေ့ရပါတယ်။ ပန်းသေးတွေဟာ လူဦးရေနည်းပေမယ့် သမိုင်းကြောင်းအရ ထူးခြားတဲ့ မျိုးနွယ်စုတခု ဖြစ်ပါတယ်။
၁၄၃ နဲ့ ၁ဝ၁ ပါး
မန္တလေးဝန်းကျင်မှာ နေကြတဲ့ သုံ့ပန်းနဲ့ ရွှေ့ပြောင်းဝင်လာသူတွေဟာ မြန်မာလူများစုထဲ ရောနှောဝင်ရောက်သွားတာရှိသလို ဘာသာရေးကွဲပြားမှုကြောင့် သီးခြားအုပ်စုအဖြစ် ဆက်ကျန်ရစ်တာလည်း ရှိပါတယ်။ တရုတ်ဗုဒ္ဓဘာသာဝင်တွေရဲ့ လူမျိုးလက္ခဏာမပျောက်တဲ့ မြန်မာတွေနဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကလည်း ထူးခြားပါတယ်။ ယိုးဒယား၊ ယွန်း (လာအို)၊ မြန်မာမွတ်ဆလင်၊ မြေဒူး၊ မြန်မာအိန္ဒိယနဲ့ မြန်မာတရုတ် စတဲ့ လူမျိုးတွေဟာ ၁၉၇၃ ထိ မြန်မာပြည်ရဲ့ ပြည်ထောင်စုတိုင်းရင်းသား ၁၄၃ မျိုးထဲမှာ ပါခဲ့တဲ့ မျိုးနွယ်တွေ ဖြစ်ပြီး ၁၉၈၂ နောက်ပိုင်းမှာ ချန်ထားခံရသူတွေ ဖြစ်လာပါတယ်။ အညာကို မြန်မာသိမ်းပိုက်ခေါ်ဆောင်လာတာ ခံရတဲ့ မွန်နဲ့ ရခိုင်ကိုတော့ တိုင်းရင်းမျိုးနွယ်အဖြစ်ပဲ ရှုမြင်ကြပါတယ်။
မြန်မာဘုရင်ခေတ်မှာ အစဉ်အလာ စာရင်းပြုခဲ့ကြတဲ့ လူမျိုး ၁ဝ၁ ပါးမှာ မြန်မာ ၇ မျိုး၊ တလိုင်း ၄ မျိုး၊ ရှမ်းမျိုး ၃ဝ နဲ့ ကုလားမျိုး ၆ဝ ဆိုပြီး ပြရိုးရှိပါတယ်။ ယိုးဒယား၊ ယွန်း၊ လင်းဇင်း၊ ကသည်း၊ တရုတ်တို့ကို ရှမ်းမျိုးထဲမှာ ကချင်၊ ကရင်၊ ချင်း၊ ပလောင်၊ လဝတွေနဲ့အတူ ထည့်သွင်းထားပြီး ပသီ၊ ဘုရင်ဂျီ၊ ပုဏ္ဏား တွေကို အင်္ဂလိပ်၊ စပိန်၊ ပေါ်တူဂီ၊ သီဟိုဠ်၊ ဘင်္ဂါလီ၊ ပသျှူးတွေနဲ့အတူ ကုလားမျိုးထဲမှာ ဖော်ပြပါတယ်။ ပန်းသေးကို လူမျိုး ၁ဝ၁ ပါးမှာ ရေတွက်တဲ့စာရင်းလည်း မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းမှာ ပါပါတယ်။
လူမျိုးနှောဖြစ်စဉ်တွေအရ လူမျိုးချင်း ရောစပ်ပျောက်ကွယ်တာ၊ လူမျိုးသစ်ဖြစ်ထွန်းတာ၊ နာမည်ပြောင်းတာတွေဟာ ကမ္ဘာတလွှားမှာ ဖြစ်လေ့ရှိပြီး အဆန်းမဟုတ်ပါဘူး။ မြန်မာလူမျိုးလို့ မှတ်ယူနေကြတဲ့ လူမျိုးအုပ်စုကြီးထဲမှာလည်း ပျောက်ကွယ်နေတဲ့ လူမျိုးအုပ်စု ဘယ်နှစ်ခုပါမှန်းမသိရသလို အညာသားနဲ့ အောက်သားဆိုပြီး နေထိုင်မှုကွဲပြားတဲ့ လူအုပ်စုတွေ ပါနေတာကို တွေ့ရပါတယ်။
နောက်ပြီး ပြင်ပက မျိုးနွယ်စုတွေ ယူလာတဲ့ ယဉ်ကျေးမှုနဲ့ နယ်ခံလူ့အဖွဲ့အစည်းရဲ့ဓလေ့ ပေါင်းစပ်မိတဲ့အခါ မန္တလေးမုန့်တီ၊ မြီးရှေ၊ ဒန်ပေါက်နဲ့ လမုန့်၊ အချိတ်ထည်၊ ယိုးဒယားသီချင်းနဲ့အက၊ ဘလဲ့ဘ အနှိပ်ပညာနဲ့ မွတ်ဆလင် ရှင်ပြု စတဲ့ ယဉ်ကျေးမှု ဓလေ့သစ်တွေ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။