ဖေဖော်ဝါရီ ၁၇ ရက်ထိပ်တန်းသတင်းများ - မံစီမြို့၊ စီခမ်းကြီးကျေးရွာမှာ တိုက်ပွဲပြင်းထန်နေ

KIA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, KIA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် (ပုံဟောင်း)

ကချင်ပြည်နယ် မံစီမြို့နဲ့ မိုင် ၅၀ ဝန်းကျင်လောက်ကွာဝေးတဲ့ စီခမ်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပူးပေါင်းတပ်တွေကြား ဒီနေ့ မနက်အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စီခမ်းကြီးကျေးရွာမှာရှိတဲ့ စစ်တပ်စခန်းကို KIA အပါအဝင် ‌ကချင်ဒေသကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးရဲ့ အပြောအရ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုပြီး ခုခံတိုက်ခိုက်နေတယ်လို့ ကချင်ပြည်နယ်ကသတင်းတွေကို ဖော်ပြနေတဲ့ ဒေသအခြေစိုက်မီဒီယာတချို့မှာ ဖော်ပြထားကြသလို ‌ မံစီမြို့ပေါ် စစ်တပ်စခန်းကနေ တိုက်ပွဲဖြစ်တဲ့နေရာကို လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ ဒေသခံတစ်ဦးကလည်း အတည်ပြုပြောဆိုထားပါတယ်။

စီခမ်းကြီးကျေးရွာက ဒေသခံတွေအနေနဲ့ တိုက်ပွဲစမဖြစ်ခင် လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက မံစီမြို့ပေါ်ကို စစ်ရှောင်လာကြတာတွေရှိတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း မံစီမြို့နယ်၊ မန်ဝိန်းကြီးရွာထဲက တပ်စခန်း၊ ရဲစခန်းနဲ့ စုပေါင်းဂိတ်တွေကို KIA က သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ကချင်ပြည်နယ်ကတိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ရေဦး ခင်ဦးနဲ့ ဒီပဲယင်းဘက်က ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး

ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြတဲ့မြင်ကွင်း

ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်ရဲ့ အင်အားဆယ်နဲ့ချီပါဝင်တဲ့ စစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းကစပြီး စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ဘက်ခြမ်းက ကုန်းတန်းရွာ၊ နှောကုန်း၊ ဇဝရွာနဲ့ ဝက်ဖိုးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့သိရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကြောင်းထိုးနေချိန်အတွင်း ဒေသခံတွေကို ဖမ်းဆီးတာကြောင့် ခင်ဦး၊ ရေဦးနဲ့ ဒီပဲယင်းက ဒေသခံ ၅,၀၀၀ ကျော်ထက်မနည်းဟာလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ အရင်ကလည်း ဒေသခံတွေကိုဖမ်းဆီး သတ်ဖြတ်ခဲ့တာတွေကြောင့် ဘီလူးစစ်ကြောင်းလို့ ဒေသခံတွေကြား နာမည်ဆိုးနဲ့ကျော်ကြားတယ်လို့ မြေပြင်အခြေအနေတွေကို သတင်းဖော်ပြလေ့ရှိတဲ့ ရေဦးနယ်ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ-၇၁) နဲ့ ခြေမြန်တပ်ရင်း (ခမရ-၇၀၈) တို့ ပူးပေါင်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သူက ပြောပြပါတယ်။

အဲဒီစစ်ကြောင်းဟာ ရေဦးမြို့ပေါ်မှာ တပ်စွဲအထိုင်ချထားပြီး ရေဦးအပါအဝင် ခင်ဦးနဲ့ ဒီပဲယင်းမြို့ထဲက ရွာတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကစပြီး တစ်လှည့်စီ စစ်ကြောင်းထိုးနေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းထိုးခဲ့တဲ့ အချိန် ၁ လကျော်အတွင်း ရေဦးက ‌ဒေသခံ ၃ ဦး၊ ခင်ဦးက ‌ဒေသခံ ၇ ဦးနဲ့ ဒီပဲယင်းက ဒေသခံ ၅ ဦး စုစုပေါင်း ၁၅ ဦးကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ နယ်မြေခံ လူမှုကွန်ရက်သတင်းထုတ်ပြန်ရေးစာမျက်နှာတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်ဝန်းကျင်မှာလည်း စစ်ကောင်စီတပ်‌ဖွဲ့ဝင် အင်အားရာနဲ့ချီက ဒီပဲယင်းမြို့နယ်ထဲကို တစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အရပ်သား ၁၀ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ စစ်ရှောင်ကူညီသူတွေအပါအဝင် ဒေသခံတွေက ဘီဘီစီကို ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုသီတင်းပတ်အတွင်း စစ်ကိုင်းတိုင်းဘက်က အခြေအနေတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်တဲ့ချီဖွေဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးမှု KIA ဘာပြောလဲ

ကချင်ပြည်နယ် မြောက်ပိုင်းက မြေရှားသတ္တုတူးဖော်နေတဲ့ လုပ်ငန်းခွင် တစ်ခု (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, DEPARTMENT OF MINES, KACHIN STATE

ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ် မြောက်ပိုင်းက မြေရှားသတ္တုတူးဖော်နေတဲ့ လုပ်ငန်းခွင်တစ်ခု (ပုံဟောင်း)

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖရဲကျေးရွာမှာ ကချင်လွတ်လပ်‌ရေးတပ်(KIA)ရဲ့ မြေရှားသတ္တုတူးဖော်တာကို ကန့်ကွက်တဲ့ ဒေသခံ အယောက် ၅၀ ကျော်ကို ဖေဖော်ဝါရီ ၁၅ ရက်မှာ KIA က ဖမ်းဆီးသွားခဲ့ပါတယ်။

ချီဖွေမြို့ဟာ KIA/KIO ထိန်းချုပ်ထားတဲ့ တပ်မဟာ (၇) နယ်မြေထဲက မြို့တစ်မြို့ဖြစ်ပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနာ်ဘူကလည်း ဒေသခံဆယ်နဲ့ချီကို KIA ဘက်က ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

“၄၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ အကုန်လုံးနီးပါး ပြန်လွှတ်ပေးပြီးပါပြီ။ ဆန္ဒပြတဲ့ ‌ခေါင်းဆောင်ပိုင်းတချို့ကိုတော့ ဖမ်းထားပြီးစစ်ဆေးနေတုန်းပါ” လို့ နော်ဘူက ပြောပါတယ်။

ဖရဲရွာ‌ခံတွေကတော့ မြေရှားသတ္တုတူးဖော်တာကို ၂၀၁၉ ခုနှစ်ကတည်းက KIA ဌာနချုပ်ကို စာနဲ့ကန့်ကွက်ခဲ့ကြတာရှိသလို လက်ရှိအချိန်ထိလည်း ဌာနချုပ်အရှေ့အထိ ဆန္ဒပြနေတာတွေရှိတယ်လို့ သိရပါတယ်။

KIA ဘက်ကတော့ အခုလို ဖရဲဒေသခံလူထုက ကန့်ကွက်ဆန္ဒပြနေတဲ့အခြေအနေနဲ့ပတ်သက်လို့ ကော်မရှင်အဖွဲ့ဖွဲ့စည်းပြီး တိကျတဲ့အကြောင်းရင်းကို သိရှိဖို့အတွက် စစ်ဆေးသွားမယ်လို့ နော်ဘူက ဆိုပါတယ်။

ဒါအပြင် ပြည်သူလူထုနဲ့ သဘောတူညှိနှိုင်းထားတဲ့ နေရာတွေမှာပဲ မြေရှားသတ္တုတူးဖော်နေတာဖြစ်ပြီး ဒေသခံတွေ ရသင့်ရထိုက်တယ်လို့ သတ်မှတ်ထားတဲ့ ငွေကြေးတချို့ကိုလည်း ပေးဆောင်ခဲ့တယ်လို့ နော်ဘူက ဆက်ပြောပါတယ်။

ဒေသခံတွေရဲ့ အပြောအရ လက်ရှိ KIA ဘက်က မြေရှားတူးဖော်နေတဲ့ ဖရဲရွာတဝိုက်က နေရာတွေဟာ ရွာခံလူထုရဲ့ ‌ရေသောက်မြစ်ဖြစ်ပြီး စားကျက်မြေလည်းဖြစ်တာကြောင့် ကန့်သတ်တားမြစ်ထားတဲ့နေရာလို့ အခိုင်အမာပြောဆိုနေပေမယ့် KIA ဘက်ကတော့ လက်ရှိတူးဖော်နေတဲ့နေရာက သောက်ရေရရှိတဲ့ ရေအရင်းအမြစ်ရဲ့ မြစ်ဖျားတောင်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဖရဲကျေးရွာမှာ ပြီးခဲ့တဲ့ ၂နှစ်အတွင်း KIA နဲ့ တရုတ်လုပ်ငန်းရှင်တချို့ပူးပေါင်းပြီး မြေရှားသတ္တုတူးဖော်ဖို့ စမ်းသပ်ရာကနေ တူးဖော်ခဲ့တာ အခုဆိုရင် ၁ နှစ်ကျော်သွားပြီလို့ ဒေသခံတွေရဲ့အပြောအရသိရပါတယ်။

ရှားတောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး ဖမ်းမိ

ရှားတောတိုက်ပွဲတွေအတွင်းဖမ်းမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလို့ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ရှားတောတိုက်ပွဲတွေအတွင်းဖမ်းမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလို့ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်

ကယား(ကရင်နီ)ပြည်နယ်၊ ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါးအထိရှိတယ်လို့ ဘီဘီစီက သိရပါတယ်။

ကရင်နီအမျိုးသားများတော်လှန်ရေးတပ်(KNDF)၊ ကရင်နီတပ်(KA)နဲ့ လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်(PDF Loikaw)ပူးပေါင်းတပ်တွေက ရှားတောမြို့သိမ်းတိုက်ပွဲကို တစ်လနီးပါးကြာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

‘‘ရှားတောက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ချိန် ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား ၄၀ နီးပါးရှိပါတယ်။ သူတို့ကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က ကရင်နီအမျိုးသားများတော်လှန်ရေးတပ်(KNDF)ကို လွှဲပြောင်းထားပါတယ်။ ဖမ်းမိသူတွေကို ထိန်းသိမ်းတာကိုတော့KNDF ဆက်ပြီး လုပ်ဆောင်နေပါတယ်’’ လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရှားတောက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်က ရာထူးအဆင့်ဆင့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ရာမှာပါဝင်တဲ့ လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ရှားတောမြို့သိမ်းတိုက်ပွဲမှာ ဒရုန်းနဲ့တိုက်ခိုက်မှု အကြိမ်ရေ ရာချီ ပြုလုပ်ပြီး ပူးပေါင်းပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

အခုဆို ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို သိမ်းယူနိုင်ခဲ့တဲ့မြို့ ၂ မြို့ရှိလာပြီး အဲဒီမြို့တွေဟာ ရှားတောမြို့နဲ့ ထိုင်း-မြန်မာနယ်စပ်က မယ်စဲ့မြို့တို့ဖြစ်ပါတယ်။

တဖက်မှာလည်း ရှားတောမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ကရင်နီစစ်ရှောင် နှစ်ထောင်နီးပါးအထိရှိတယ်လို့ ကရင်ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မောင်တောက ဗောဓိကုန်း နယ်ခြားစောင့်စခန်းကို အေအေသိမ်းပိုက်

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဉ် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဉ် (ပုံဟောင်း)

ရခိုင်ပြည်နယ်၊ မောင်တောမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ဗောဓိကုန်းနယ်ခြားစောင့်စခန်းကို ဖေဖော်ဝါရီ ၁၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)ဘက်က ထုတ်ပြန်လာပါတယ်။

အဲဒီစခန်းကို အေအေက ဖေဖော်ဝါရီ ၁၅ ရက် မနက်အစောပိုင်းကတည်းက စတင်တိုက်ခိုက်နေတာဖြစ်ပြီး တစ်ရက်ကျော်ကြာ တိုက်ခိုက်ပြီးမှ သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးတွေနဲ့ ပါ ပစ်ခတ်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

ဒေသခံအချို့ကလည်း စစ်ကောင်စီတပ်ဘက်က မောင်တောကို လေယာဉ်နဲ့ ၃ ကြိမ်လာရောက်ပစ်ခတ်ခဲ့တယ်လို့ တိုက်ပွဲစဖြစ်တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဘီဘီစီကိုပြောထားပါတယ်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ အေအေဘက်က ထုတ်ပြန်ထားပေမယ့် သေဆုံးတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

‌ဗောဓိကုန်းစခန်းနဲ့အတူ မောင်တောမြို့တောင်ပိုင်းက စစ်ကောင်စီ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ရင်းအပါအဝင် မောရဝတီနဲ့ ကိုင်းကြီးစခန်းတွေကိုလည်း အေအေက ဖေဖော်ဝါရီ ၁၅ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဘီဘီစီ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တစ်ဖက်မှာလည်း ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်ထိစပ်နေတဲ့ ပလက်ဝမြို့အပါအဝင် ရခိုင်က မြို့ကြီး ၆ မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ အေအေက ဖေဖော်ဝါရီ ၁၅ ရက်မှာ ကြေညာထားတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ စစ်ကောင်စီနယ်ခြားစောင့်ရဲစခန်းတွေကို အေအေက တိုက်ခိုက်ချိန် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီကို ဘင်္ဂလားဒေ့ရှ်က အခုတစ်ပတ်အတွင်း ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ အပြည့်အစုံကို အောက်က ရုပ်သံမှာ ဆက်လက်ကြည့်ရှုပါ။

ဗီဒီယို ပုံစာ, စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် ပြန်လွှဲပေး