ကချင်ပြည်နယ်က မြေရှားသထ္ထုတူးဖော်မှု အများအပြား ပြန်စလာ

ဓာတ်ပုံ ရင်းမြစ်, DEPARTMENT OF MINES, KACHIN STATE
မြန်မာနဲ့ တရုတ်နယ်စပ် ကချင်ပြည်နယ် အထူးဒေသ ၁ ဘက်မှာ မြေရှားသထ္ထုတူးဖော်ရေးတွေ အများအပြား ပြန်လည်လုပ်ကိုင်လာကြပြီးတော့ ချီဖွေမြို့နယ်မှာ အာဏာသိမ်းပြီနောက်ပိုင်း အရင်နှစ်တွေထက် အဆပေါင်းများစွာ မြေရှားသထ္ထုတူးဖော်မှုတွေ ရှိနေတယ်လို့ ချီဖွေ ဒေသခံတစ်ယောက်က ဘီဘီစီကိုပြောပါတယ်။
ပြီးခဲတဲ့ နိုဝင်ဘာလ နှောင်းပိုင်းမှာ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံက မြေရှား သတ္တုတွေ အများအပြား ပြန်လည်တင်ပို့မှု စတင်လာခဲ့ပါတယ်။
အရင်နှစ်တွေမှာ မြေရှားသထ္ထု တူးဖော်တယ်ဆိုပေမဲ့ လူမမြင်နိုင်တဲ့နေရာတွေမှာ တူးဖော်တာလောက်သာရှိပြီး အခုကတော့လူမြင်ကွင်း ချီဖွေတစ်ဖက် ချောင်းဆုံမှာ တူးဖော်လာတာတွေ တွေ့ရတယ်လို့ပြောပါတယ်။
ဒေသခံ တော်တော်များများကတော့ မြေရှားသတ္တူတူးဖော်တာကို လက်မခံနိုင်သူတွေက များတယ်လို့ သူတို့ ကပြောပါတယ်။
မြေရှားသတ္တု ရှာဖွေလေ့လာ စမ်းသပ်တူးဖော် ထုတ်လုပ်ရင် ဒေသအတွင်း မြေယာ၊ သောက်သုံးရေ၊ စာကျက်မြေတွေ ဉယျဉ်မြေတွေဟာ မြေရှားတူးဖော်တဲ့နောက်ပိုင်းမှာ မြေဆီကုန်ဆုံးသွားသလို မြေရှားတူးတဲ့နေရာက သစ်သီးတွေကို တရုတ်ဘက်က မဝယ်တော့ဘူးလို့ လည်းဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DEPARTMENT OF MINES, KACHIN STATE
မြေရှားသထ္ထုတွေ ရှာဖွေလာပြီးတဲ့နောက် ဒေသခံတွေ စိုက်ပျိုးရောင်းချတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ သစ်ကြားသီး ရှောက်ကောသီး ချဉ်စော်ကားသီးတွေကို တရုတ်ဘက်က အဝယ်နည်းလာတယ်လို့ ပြောပါတယ်။
လက်ရှိ မြေရှားတူးဖော်မှုအများဆုံးနေရတွေကတော့ ဆော့်လော် ချီဖွေမြို့နယ် ပန်ဝါ ဘက်တွေမှာ ဆက်တူးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်တဲ့ ဒေသပြည်သူ့စစ်တွေက ဦးဆောင်ပြီးတော့ တူးနေကြပြီး အခုနှစ်တူးဖော်မှုဟာ အရင်ကထက် အဆများစွာများလာကြောင်း ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းကို တိုက်ရိုက်ထိခိုက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသထွက် ရှောက်ကောသီးတို့ သစ်ကြားသီးတို့ စျေးတွေ တရုတ်ဘက်က ဝယ်စျေးတအားကျသွားပြီးဒေသခံတွေကို ထိခိုက်လာနေပြီး ဒေသခံတွေက ဒီတူးဖော်မှုကို ရပ်တန့်အောင်ကူညီပေးဖို့ မျှော်လင့်နေကြပါတယ်။
ပန်ဝါနဲ့ ချီဖွေဘက်တွေမှာ မြေရှားသထ္ထုတူးနေကြပြီး ဒီတူးဖော်မှု ကန့်ကွက်တဲ့သူတွေကို ပြည်သူ့စစ်တပ်တွေက ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က ဖမ်းဆီးမှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DEPARTMENT OF MINES, KACHIN STATE
မြေရှားသထ္ထုရှာဖွေမှုကြောင့် လူမျိုးအချင်းချင်းသတ်ကြတော့မယ် စစ်ပွဲတွေဖြစ်ကြတော့မယ်လို့လည်း ဒေသခံတစ်ဦးက ပြောပြပါတယ်။
တမူးခုန်းဒေသမှာ လက်ရှိဖြစ်နေပြီး မင်းတို့လာမရှာနဲ့ သတ်မယ်လို့ ဒေသခံတွေက ပြောသလို မင်းတို့တားရင် မင်းတို့ကို ပြန်သတ်မယ်လို့ ရှာဖွေစမ်းသပ်သူတွေဘက်က ပြောတယ်လို့လည်း ဒေသခံတွေဘက်က ပြောကြပါတယ်။
ဒါပေမဲ့ ပြည်သူစစ်တွေနဲ့ လာရောက်ရှာဖွေသူတွေဘက်က ဒီလိုပြောဆိုခဲ့တာ ရှိမရှိဆိုတာကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံဟာ မြေရှားသတ္တုထုတ်တဲ့ နိုင်ငံတွေထဲ ထိပ်ဆုံး နိုင်ငံတွေထဲ ပါအောင်ကို ထုတ်လုပ်တဲ့ အကြောင်းကတော့ ထုတ်သမျှကို တရုတ်က ဝယ်တဲ့ အတွက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၉ မေလလယ်မှာ တရုတ်က မူဝါဒပြောင်းပြီး သူတို့ နိုင်ငံထဲ မြန်မာဘက်က မြေရှားသတ္တု သွင်းတာကို ပိတ်ပင်ခဲ့ပါသေးတယ်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာတော့ တရုတ်ဘက်က ပြန်လည်တင်သွင်းခွင့် ခွံင့်ပြုခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြေရှားသတ္တု အရံပမာဏ အများဆုံး ရှိတဲ့ နိုင်ငံ၊ ထုတ်လုပ်မှု ပမာဏ အများဆုံး နိုင်ငံ ဖြစ်သလို ပြည်ပကို အတင်ပို့ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံထဲ ဝင်လာသမျှ မြေရှားသတ္တု အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ တရုတ်က ဖြစ်တယ်ဆိုတာ အမေရိက အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့လည်း၊ သူတို့ ပြည်တွင်း ကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများမှာ သုံးဖို့ အိမ်နီးချင်း မြန်မာဆီကနေ မြေရှားသတ္တုတွေ ပြန်သွင်းတာ ဖြစ်ပါတယ်။ တရုတ်ပြည် စျေးကွက် စစ်တမ်းတွေအရ ၂ဝ၁၇ က စပြီး မြန်မာမြေရှားသတ္တုကို အတော်လေး အသုံးပြုလာကြတယ်လို့ ဆိုပါတယ်။
ကုန်ထုတ်လုပ်ငန်း မဖွံ့ဖြိုးတဲ့ မြန်မာပြည်ထဲမှာတော့ မြေရှားသတ္တုနဲ့ အကြောင်း အပြောနည်းပြီး ဘယ်နေရာတွေမှာ ထွက်တယ်၊ ဘယ်သူတွေက ထုတ်လုပ်တယ် စတဲ့ အသေးစိတ် အချက်အလက်တွေလည်း တိတိကျကျ သိရတာ နည်းပါတယ်။
၂၀၁၉ မေလလယ်တုန်းကတော့ ကချင်ပြည်နယ် ချီဖွေ မြို့နယ် ၊ ပန်ဝါ ဒေသထဲမှာ ရှိတဲ့ မြန်မာ မျိုးကိုကို ကုမ္ပဏီရဲ့ ခွင့်ပြုမိန့်ရ မြေရှားသတ္တု လုပ်ကွက်တွေ၊ ဆန်းလင်း ကုမ္ပဏီရဲ့ သံသတ္တု သန့်စင်စက်တွေကို ဒေသန္တရာ အာဏာပိုင်တွေ ကွင်းဆင်း စစ်ဆေးတာတွေ လုပ်ခဲ့တယ်ဆိုတဲ့ အစိုးရရဲ့ ထုတ်ပြန်ချက်ကို တွေ့ရပါတယ်။
သွားရောက် စစ်ဆေးရတဲ့ အကြောင်းကတော့ သတ္တုလုပ်ကွက်တွေက စွန့်တဲ့ ရေဆိုးတွေကြောင့် အိမ်မွေး တိရိစ္ဆာန်တွေ အဆိပ်သင့်နေတယ် ဆိုပြီး ဒေသခံတွေက တိုင်တဲ့ အတွက် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kachin Regional Goverment
အဲဒီ ပန်ဝါဒေသဟာ ကချင် အထူး ဒေသ ၁ ဆိုပြီး သတ်မှတ်ထားတဲ့ နေရာ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းထားတဲ့ ဇခုံတိန့်ယန်း ဦးဆောင်တဲ့ ကချင် ဒီမိုကရေစီ တပ်မတော် NDA-K အခြေစိုက်ရာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း ပန်ဝါနဲ့ ချီဖွေကြား ဒေသမှာ မြေရှားသတ္တုလုပ်ကွက်တွေ ရှိပြီး တရုတ်ဘက်ကသူတွေ ဦးဆောင်လုပ်နေကြတာ ဖြစ်တယ်လို့ ဒေသခံ သတင်းတွေက ဖော်ပြကြပါတယ်။
တရုတ်နဲ့ နယ်စပ် ကချင်ဒေသတွေ ဖြစ်တဲ့ ပန်ဝါ၊ ချီဖွေ ၊ ကန်ပိုက်တီးလို နေရာတွေမှာ သတ္တုတွင်း လုပ်ငန်းတွေ ရှိလာတာ ၁၉၉ဝ ပြည့်ကျော် နှစ်တွေ ကတည်းက ဖြစ်တယ်လို့ ဆိုပေမယ့် အဲဒီ အချိန်ကတည်းက မြေရှားသတ္တုလုပ်ကွက်တွေ ရှိလာပြီလား ဆိုတာတော့ မသေချာပါဘူး။
ဝ ဒေသထဲ ရောက်ဖူးတဲ့ သတင်းရင်းမြစ်တွေ အရလည်း အဲဒီ ဒေသမှာ မြေရှားသတ္တု ထုတ်တဲ့ လုပ်ကွက်တွေ ရှိတယ်လို့ ပြောပေမယ့် ဘီဘီစီ အနေနဲ့တော့ သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။
၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ တစ်ကမ္ဘာလုံးမှာ မြေရှားသတ္တုကို တတိယအများဆုံးအဆင့် ထုတ်ယူနိုင်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနရဲ့ အစီရင်ခံစာအရ သိရပါတယ်။ မြန်မာနိုင်ငံအတွင်းကနေ ထုတ်ယူရရှိခဲ့တဲ့ မြေရှားသတ္တုက ပမာဏာ မက်ထရစ်တန်ချိန် ၂၆၀၀၀ ခန့်ရှိပြီး တရုတ်နိုင်ငံက အဓိက ဝယ်ယူနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ကချင်ပြည်နယ်မြောက်ပိုင်းက ချီဖွေ၊ ဆော့်လော်၊ ပန်ဝါ၊ လွယ်ဂျယ် စတဲ့ ဒေသတွေမှာ မြေရှားသတ္တုတူးဖော်မှုတွေ ရှိနေပြီး ပြည်တွင်း ကုမ္ပဏီ တချို့ကို တရားဝင်လုပ်ကွက်တွေ ချထားပေးခဲ့ပါတယ်။
NLD အစိုးရလက်ထက် ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနရဲ့ အချက်အလက်တွေမှာတော့ "မြေရှားသတ္တု တရားဝင် တူးဖော်ခွင့်လိုင်စင်ချပေးထားတဲ့ ပြည်တွင်း ကုမ္ပဏီ ၂ ခုထဲက မြန်မာမျိုးကိုကို ကုမ္ပဏီဆိုရင် ချီဖွေမှာ လုပ်ကွက် ၅ ကွက်၊ မြေဧက ၁၄၀ ကျော်မှာ တူးဖော်နေပြီး ရွှေစပါးသတ္တု တူးဖော်မှုရေး ကုမ္ပဏီဆိုရင် လွယ်ဂျယ်မှာ ဧက ၁၅၀ ပတ်လည်လောက်မှာ တူးဖော်ဖို့ လုပ်နေတယ်" လို့ ဖော်ပြပါတယ်။
တူးဖော်ခွင့်တောင်းထားတဲ့ ကုမ္ပဏီတွေကို ပြည်ထောင်စုက ပြည်နယ်အစိုးရကို သဘောထားမှတ်ချက်တောင်း၊ အဲ့ဒီကမှ ပြည်နယ်အစိုးရက လုပ်ကွက်တွေထဲအထိ သွားရောက် စစ်ဆေးပြီးမှ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
အခု စစ်ကောင်စီအာဏာသိမ်းပြီးတရုတ်က မြေရှားသထ္ထူပြန်ဝယ်လာတဲ့နောက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်း မြေရှားသထ္ထူတူးဖော်မှုတွေ သိသိသာသာများပြားနေပြီး ဒေသပြည်သူစစ်တွေက ကန့်ကွက်သူတွေကို ဖမ်းဆီးအရေးယူတာတွေလည်းရှိနေတာဖြစ်ပါတယ်။








