ပန်ဝါဒေသမှာ မြေရှားသတ္တုတူးဖော်မှု အဆပေါင်းများစွာတိုးလာ

ကချင်အထူးဒေသ ၁

ဓာတ်ပုံ ရင်းမြစ်, KACHIN REGIONAL GOVERMENT

ကချင်ပြည်နယ် ချီဖွေမြို့နယ်ထဲက ပန်ဝါမြို့မှာ မြေရှားသတ္တုတွေ တူးဖော်မှုတွေဟာ အာဏာမသိမ်း ခင်ကထက် အဆပေါင်းများစွာတိုးလာနေတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။

အရင်က ခန့်မှန်း မြေရှားသတ္တုလုပ်ကွက် ၃၀၀ လောက်သာ ရှိပြီး လက်ရှိမှာ ခန့်မှန်း ၂၇၀၀ လောက်ရှိနေပြီလို့ မြေရှားသတ္တုလုပ်ကွက်မှာ အလုပ်လုပ်နေသူတစ်ဦးက ပြောပါတယ်။။

အခုလို သတ္တုတူးဖော်တာတွေ များလာတာကြောင့် ပန်ဝါမြို့ ရဲ့နေရာ ဒေသတချို့မှာတော့ ပတ်ဝန်းကျင်တွေ ပျက်စီးမှုများလာသလို လမ်းတွေလည်း ပျက်စီးလာတယ်လို့ ဆိုပါတယ်။

ဒေသခံတွေ အနေနဲ့ကတော့ သတ္တုတူးဖော်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုသာ ခံရပြီး ဒေသခံတွေအတွက်တိုးတက်မှုကတော့ မရှိလာတာကြောင့် လက်ရှိ ပန်ဝါဒေသအစိုးရကိုလည်း တောင်းဆိုမှုတွေရှိနေပါတယ်။

“ကျွန်မတို့ ပန်ဝါဒေသအစိုးရကိုတော့ ကျွန်မတို့ကလေးတွေ ပညာရေးမှာပိုပြီးမှ ကောင်းလာအောင်၊ နောက်ပြီး ရွာမှာ လိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေး ဆေးရုံဆေးခန်းတွေ ကောင်းမွန်အောင်လုပ်ပေးပါလို့ ပြောချင်တာဖြစ်တယ်”လို့ ဒေသခံက ပြောပါတယ်။

ပန်ဝါက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်အနီးက တရုတ်ကုန်တင်ကားများ

ဓာတ်ပုံ ရင်းမြစ်, DEPARTMENT OF MINES, KACHIN STATE

ဓာတ်ပုံ ပုံစာ, ပန်ဝါက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်အနီးက တရုတ်ကုန်တင်ကားများ

ပြီးခဲတဲ့ ၂၀၂၁ နိုဝင်ဘာလ နှောင်းပိုင်းမှာ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံက မြေရှား သတ္တုတွေ အများအပြား ပြန်လည်တင်ပို့မှု စတင်လာခဲ့ပါတယ်။

အရင်နှစ်တွေမှာ မြေရှားသတ္တု တူးဖော်တယ်ဆိုပေမဲ့ လူမမြင်နိုင်တဲ့နေရာတွေမှာ တူးဖော်တာလောက်သာရှိပြီး အခုကတော့ လူမြင်ကွင်း ချီဖွေတစ်ဖက် ချောင်းဆုံမှာ တူးဖော်လာတာတွေ တွေ့ရတယ်လို့ပြောပါတယ်။

ဒေသခံ တော်တော်များများကတော့ မြေရှားသတ္တုတူးဖော်တာကို လက်မခံနိုင်သူတွေက များတယ်လို့ သူတို့ ကပြောပါတယ်။

မြေရှားသတ္တု ရှာဖွေလေ့လာ စမ်းသပ်တူးဖော် ထုတ်လုပ်ရင် ဒေသအတွင်း မြေယာ၊ သောက်သုံးရေ၊ စားကျက်မြေတွေ ဥယျာဉ်မြေတွေဟာ မြေရှားတူးဖော်တဲ့နောက်ပိုင်းမှာ မြေဆီကုန်ဆုံးသွားသလို မြေရှားတူးတဲ့နေရာက သစ်သီးတွေကို တရုတ်ဘက်က မဝယ်တော့ဘူးလို့ လည်းဒေသခံတွေက ပြောပါတယ်။

ဆီတင်ယာဥ်

ဓာတ်ပုံ ရင်းမြစ်, Saiwan Panglia

 ဒါအပြင်မြေရှားသတ္တု ထုတ်လုပ်မှု ပိုမိုများလာတာကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ဒေသခံတွေ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေဖြစ်လာတဲ့အပြင် ကောင်းကျိုးထက် ဆိုးကျိုးက ဒေသခံတွေကို ပိုသက်ရောက်မှု ရှိနေတယ်လို့ဆိုပါတယ်။

“သူတို့ မြေရှားလုပ်တဲ့နောက်ပိုင်းမှာ မြေပြိုမှုတွေ ပိုဖြစ်လာတယ်၊ သစ်ပင်တွေ ပြုန်းလာတယ်၊ သောက်ရေတွေ အဆင်မပြေတော့ဘူး အရင်တုန်းကတော့ ချောင်းတိုင်းမှာ ရေသောက်လို့ရတယ်။ အခုကတော့ ရေသောက်ဖို့ သောက်ရေအတွက်က တော်တော်လေး အခက်အခဲ ဖြစ်လာတယ်။ ဒေသ အသီးအနှံ အထွက်နှုန်းလည်း လျော့လာတယ်၊ ကုန်စျေးနှုန်းတွေလည်း တက်လာတယ်။ ဒါဆိုးကျိုးတွေပဲ“လို့ ပန်ဝါဒေသခံတစ်ယောက်က ဆိုပါတယ်။

ကချင်ပြည်နယ် ချီဖွေ ပန်ဝါ အပါအဝင် မြောက်ဖျားဘက်တွေမှာ မြေရှားသတ္တု တူးဖော်မှုတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေကတော့ အရင်ကတော့ သမ္မတအထိ စာတင် ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်တဲ့နောက်ပိုင်းမှာတော့ ကန့်ကွက်တာတွေရှိပေမဲ့ အခုချိန်မှာ ကန့်ကွက်ရင် ဖမ်းဆီးတာတွေရှိတာကြောင့် အရင်လို ပေါ်ပေါ်တင်တင် မကန့်ကွက်ရဲကြဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ပန်ဝါဒေသက သတ္တုလုပ်ကွက်

ဓာတ်ပုံ ရင်းမြစ်, KACHIN REGIONAL GOVERNMENT

ဓာတ်ပုံ ပုံစာ, ပန်ဝါဒေသက သတ္တုလုပ်ကွက်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 အဲဒီ ပန်ဝါဒေသဟာ ကချင် အထူး ဒေသ ၁ ဆိုပြီး သတ်မှတ်ထားတဲ့ နေရာ ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ် အဖြစ် ပြောင်းထားတဲ့ ဇခုံတိန့်ယန်း ဦးဆောင်တဲ့ ကချင် ဒီမိုကရေစီ တပ်မတော် NDA-K အခြေစိုက်ရာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း ပန်ဝါနဲ့ ချီဖွေကြား ဒေသမှာ မြေရှားသတ္တုလုပ်ကွက်တွေ ရှိပြီး တရုတ်ဘက်ကသူတွေ ဦးဆောင်လုပ်နေကြတာ ဖြစ်တယ်လို့ ဒေသခံ သတင်းတွေက ဖော်ပြကြပါတယ်။

တရုတ်နဲ့ နယ်စပ် ကချင်ဒေသတွေ ဖြစ်တဲ့ ပန်ဝါ၊ ချီဖွေ ၊ ကန်ပိုက်တီးလို နေရာတွေမှာ သတ္တုတွင်း လုပ်ငန်းတွေ ရှိလာတာ ၁၉၉ဝ ပြည့်ကျော် နှစ်တွေ ကတည်းက ဖြစ်တယ်လို့ ဆိုပေမယ့် အဲဒီ အချိန်ကတည်းက မြေရှားသတ္တုလုပ်ကွက်တွေ ရှိလာပြီလား ဆိုတာတော့ မသေချာပါဘူး။

ဝ ဒေသထဲ ရောက်ဖူးတဲ့ သတင်းရင်းမြစ်တွေ အရလည်း အဲဒီ ဒေသမှာ မြေရှားသတ္တု ထုတ်တဲ့ လုပ်ကွက်တွေ ရှိတယ်လို့ ပြောပေမယ့် ဘီဘီစီ အနေနဲ့တော့ သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။

၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ တစ်ကမ္ဘာလုံးမှာ မြေရှားသတ္တုကို တတိယအများဆုံးအဆင့် ထုတ်ယူနိုင်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနရဲ့ အစီရင်ခံစာအရ သိရပါတယ်။ မြန်မာနိုင်ငံအတွင်းကနေ ထုတ်ယူရရှိခဲ့တဲ့ မြေရှားသတ္တုက ပမာဏ မက်ထရစ်တန်ချိန် ၂၆၀၀၀ ခန့် ရှိပြီး တရုတ်နိုင်ငံက အဓိက ဝယ်ယူနေပါတယ်။