ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကေ၊ အီတလီနဲ့ ဂျပန်တို့ ပူပေါင်းပြီး တိုက်လေယာဉ်သစ် တည်ဆောက်မယ်
အေအိုင်ခေါ် ဉာဏ်ရည်တုကို သုံးမယ့် တိုက်လေယာဉ်သစ် တမျိုးကို ယူကေ၊ အီတလီနဲ့ ဂျပန်တို့ ပူးပေါင်း တည်ဆောက်သွားမယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ်က ကြေညာလိုက်ပါတယ်။
ဒီစီမံကိန်းကြောင့် ယူကေအတွင်း အလုပ်အကိုင်သစ် ထောင်ပေါင်းများစွာ ဖော်ဆောင်လာနိုင်မှာ ဖြစ်သလို နိုင်ငံတွေအကြား လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ပိုမို အားကောင်းခိုင်မာလာစေမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အဲဒီ တိုက်လေယာဉ်သစ်ကို လက်ရှိ အသုံးပြုနေကြတဲ့ Typhoon တိုက်လေယာဉ်နေရာမှာ အစားထိုးဖို့ ရည်ရွယ် တည်ဆောက်ကြမှာ ဖြစ်ပြီး လာမယ့် ၂၀၃၀ မှာ စတင် တာဝန်ထမ်းဆောင်နိုင်ဖို့ ရည်မှန်းထားကြပါတယ်။
Tempest လို့ အမည်ပေးထားပြီး နောက်ဆုံးပေါ် လက်နက်တွေ တပ်ဆင်သွားမှာဖြစ်ပါတယ်။ မစ္စတာ ဆူးနက်ခ်က ဒီ ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် တိုင်းပြည်ကို လုံခြုံမှု ပေးနိုင်သလို ကြုံလာမယ့် ခြိမ်းခြောက်မှုသစ်တွေကိုပါ ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ Lincolnshire နယ်က RAF Coningsby ကို ရောက်ရှိနေစဉ်မှာ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး ယူကေဟာ ကမ္ဘာပေါ်မှာ အနည်းငယ်ပဲ ရှိတဲ့ နည်းပညာ အဆင့်မြင့်တဲ့ တိုက်လေယာဉ်ကို တည်ဆောက်နိုင်တဲ့ နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီတိုက်လေယာဉ်သစ် တည်ဆောက်ရေး စီမံကိန်းတွေကို စတင်နေကြပြီ ဖြစ်ပါတယ်။ တိုက်လေယာဉ်သစ်ဟာ မြန်နှုန်းမြင့် ကိုယ်ပျောက်လေယာဉ်ဖြစ်ပြီး အာရုံခံကိရိယာတွေအပြင် လေယာဉ်မှူးမှာ ဖိအားတွေများလာတဲ့ အခါ ဉာဏ်ရည်တုက ကူညီဖြေရှင်းပေးမှာ ဖြစ်ပါတယ်။
တကယ်လို့ လိုအပ်ရင် လေယာဉ်မှူး မပါဘဲ မောင်းသူမဲ့ လေယာဉ်အဖြစ် သုံးနိုင်မှာ ဖြစ်သလို အသံထက် အဆများစွာ မြန်တဲ့ ဟိုက်ပါ ဆောနစ် ဒုံးကျည်တွေကိုလည်း ပစ်လွှတ်နိုင်မှာ ဖြစ်ပါတယ်။
အကုန်အကျများတဲ့ စီမံကိန်း
ဒီလို အဆင့်မြင့် တိုက်လေယာဉ်မျိုးကို တည်ဆောက်ရတာဟာ အင်မတန် အကုန်အကျများပါတယ်။ F35 တိုက်လေယာဉ်ဆိုရင် Pentagon အတွက် အကုန်အကျ အများဆုံး စီမံကိန်း တခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဗြိတိန်ဟာ အခု စီမံကိန်းမှာပါဝင်ဖို့ တွဲဖက် နိုင်ငံတွေ ရှာနေခဲ့တာ ဖြစ်ပါတယ်။
ဒီစီမံကိန်းမှာ အီတလီက ပါဝင်ပြီး ဖြစ်ကာ အခု ဂျပန်ပါ ပါလာပြီ ဖြစ်ပါတယ်။ တရုတ်ရဲ့ ခြေလှမ်းတွေကြောင့် စိုးရိမ်မှုတွေ ရှိနေကြတဲ့ အင်ဒို ပစိဖိတ် ဒေသမှာ ဗြိတိန်က ဆက်ဆံရေး ပိုမိုအားကောင်းအောင် တည်ဆောက်နေတဲ့ အချိန်လည်း ဖြစ်တာကြောင့် အခုလို ဂျပန်ပါ ပါဝင်လာတာက တော်တော် အရေးပါတဲ့ ပူးပေါင်းမှု တခုဖြစ်ပါတယ်။
နောက်ပြီး သူတို့ဘာသာ ပုံစံထုတ်ပြီး လေယာဉ်သစ် ထုတ်ဖို့ လုပ်နေကြတဲ့ ပြင်သစ်၊ ဂျာမနီနဲ့ စပိန်တို့လည်း ဒီစီမံကိန်းမှာ ပါဝင်လာနိုင်သလို အမေရိကန် ပြည်ထောင်စုတောင် ပါဝင်လာနိုင်ပါတယ်။ ယူကေအတွက်တော့ ဒါဟာ လုံခြုံရေးသာမက စီးပွားရေးအတွက်ပါ အကျိုးဖြစ်မယ့် စီမံကိန်းပါ။ ယူကေအတွင်း အလုပ်အကိုင်သစ်တွေ ထောင်နဲ့ချီ ဖန်တီးလာနိုင်မယ့်အပြင် ရှိပြီးသား အလုပ်တွေလည်း ဆက်လက် တည်မြဲနေဖို့ ရည်ရွယ်သလို လက်နက်တင်ပို့မှုတွေ ပိုလုပ်လာနိုင်ဖို့ပါ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
RAF Coningsby ကို မလာရောက်ခင်မှာ မစ္စတာ ဆူးနက်ခ်က ယူကေရဲ့ ဒီနေ့နဲ့ အနာဂတ်မျိုးဆက်တွေအတွက် လုံခြုံရေးက အင်မတန်အရေးကြီးတယ်၊ ဒါကြောင့် အန္တရာယ်ပေးလိုသူတွေထက် သာလွန်တဲ့ နောက်ဆုံးပေါ် ကာကွယ်ရေး နည်းပညာတွေ သုံးစွဲနေဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒီနေ့ ကြေညာတဲ့ အီတလီ၊ ဂျပန်တို့နဲ့ စီမံကိန်းက ယူရို အတ္တလန်တိတ်နဲ့ အင်ဒို ပစိဖိတ် ဒေသတွေဟာ လုံခြုံရေးနဲ့ ပတ်သက်ရင် ခွဲခြားလို့ မရဘူးဆိုတာကို ပြသလိုက်တာပဲလို့ ဆိုပါတယ်။
အခု ဖန်တီး ထုတ်လုပ်ကြမယ့် မျိုးဆက်သစ် တိုက်လေယာဉ်ဟာ ယူကေနဲ့ မဟာမိတ်တွေကို ကာကွယ်ပေးနိုင်မယ့် အပြင် ကမ္ဘာ့ထိပ်တန်း စစ်လက်နက် ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းတွေမှာပါ အလုပ်အကိုင်သစ်တွေ ဖော်ဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဗြိတိန်က အတိုက်အခံ လေဘာ ပါတီရဲ့ ကာကွယ်ရေး ဝန်ကြီး တာဝန် ယူထားသူ ဂျွန် ဟီလီကတော့ အခု ပူးပေါင်း ဆောင်ရွက်မှုကို ကြိုဆိုပေမဲ့ လေ့ကျင့် ပျံသန်းမှုတွေအတွက်တော့ သတိထားဖို့ ပြောလိုက်ပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ တော်ဝင် ဘုရင့်လေတပ်ရဲ့ အနာဂတ်စီမံကိန်းတွေနဲ့ အခုစီမံကိန်း ဘယ်လို အံဝင်မလဲ ဆိုတာ ကွဲကွဲပြားပြားရှိစေဖို့ လုပ်ရမယ်၊ မြန်နှုန်းမြင့် တိုက်လေယာဉ်မှူး သင်တန်းတွေကို နှောင့် နှေးမှု မရှိအောင် ဘယ်လို လုပ်မလဲ ဆိုတာကအစ ပြင်ဆင်ထားဖို့လိုတယ်လို့ ပြောပါတယ်။