ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တွစ်တာလို မာစတာဒွန် လူသုံးများလာမှာလား
တွစ်တာကနေ မာစတာဒွန်ကို လူတွေဘာကြောင့် ပြောင်းသုံးလာတာလဲ။
ဘီလျံနာ အီလွန်မက်စ် လူမှုကွန်ရက် တွစ်တာကို ဝယ်ယူခဲ့ပြီးတဲ့နောက် တချို့ အသုံးပြုသူ တွေက တခြား လူမှုကွန်ရက် ပလက်ဖောင်းတခုကို ပြောင်းသုံးလာပါတယ်။
အများစုက လူမှုကွန်ရက် မာစတာဒွန် (Mastodon)ကို ပြောင်းသုံးလာပါတယ်။ ဒီတော့ မာစတာဒွန် ဆိုတာ ဘာပါလဲ။
အပေါ်ယံကြည့်မယ်ဆိုရင် မာစတာဒွန် က တွစ်တာနဲ့ တူပါတယ်။ အသုံးပြုတဲ့သူတွေက တုစ် (Toots) လို့ခေါ်တဲ့ ပိုစ့်တွေကို ရေးသားနိုင်ပြီး ဒီအပေါ် အပြန်အလှန် တုံ့ပြန် ရေးသားတာတွေ လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဒီပိုစ့်တွေကို လိုက်ခ်လုပ်တာနောက် ပြန်လည် မျှဝေတာ တခါ တဦးနဲ့တဦး အပြန်အလှန် Follow လုပ်လို့ရပါတယ်။
ဒါပေမဲ့ အသေးစိတ်ကို ကြည့်လိုက်ရင် တွစ်တာနဲ့ ကွဲလွဲမှုတွေရှိနေပါတယ်။ ဒါ့ကြောင့်လည်း အသုံးပြုတဲ့သူတွေကို ဆွဲဆောင်နေပါတယ်။ ဒါပေမဲ့ ခုမှစအသုံးပြုတဲ့သူတွေကို အနည်းငယ် ခေါင်းရှုပ်စေနိုင်ပါတယ်။
မာစတာဒွန် ပေါ်လာတာ ၆ နှစ်လောက်ပဲရှိပေမဲ့ လုပ်ဆောင်ချက်တွေက အသစ်တွေများပါတယ်။ အသုံးပြုတဲ့သူတွေ များလာတာနဲ့ သူက နည်းနည်း ရုန်းကန်နေရပါတယ်။
မာစတာဒွန် အသုံးပြုမယ်ဆိုရင် တချို့အချက်တွေကို သိထားသင့်ပါတယ်။
မာစတာဒွန် ဆာဗာဆိုတာ ဘာလဲ
ပထမဆုံး မာစတာဒွန် အကောင့်ဖွင့်ရင် ဆာဗာ ရွေးဖို့လိုပါတယ်။ ဆာဗာက အများကြီး ရှိပါတယ်။
နိုင်ငံ၊ မြို့၊ စိတ်ဝင်စားတဲ့ အကြောင်းအရာဆိုပြီး ခွဲခြားထားပါတယ်။ ဥပမာအားဖြင့် ယူကေ၊ နည်းပညာ၊ ဂိမ်း စသဖြင့် ခွဲထားတာပါ။
ကမ္ဘာတဝန်းမှာ အသုံးပြုတဲ့သူ အားလုံးကို Follow လုပ်လို့ရမှာဖြစ်တာကြောင့် ဘယ်တခုကို ရွေးလဲဆိုတာက သိအထွေအထူးမဟုတ်ပါဘူး။ ဒါပေမဲ့ ရွေးထားတဲ့ စိတ်ဝင်စားတဲ့ အကြောင်း အရာကို မူတည်ပြီး အသိုင်းအဝန်းကွန်ရက် တခုနဲ့ မာစတာဒွန်က ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
ဒီအထဲမှာ ရေပန်းအစားဆုံးက ယူကေနဲ့ ဆိုရှယ်ဖြစ်ပြီး လူကြိုက်များတာကြောင့် ဒါကို ရွေးရင် ကိုယ့်ရဲ့ မာစတာဒွန်က နှေးသွားနိုင်ပါတယ်။
Superior Networksကနေ ယူကေ ဆာဗာကို ကိုင်တွယ်နေတဲ့ ရိုင်ယန် ဝှိုင်းဒ်(Ryan Wild)က ၂၄ နာရီအတွင်းမှာ အသုံးပြုသူအသစ် ၆၀၀၀ကျော်ရှိတာကြောင့် အသုံးပြုသစ်အသစ်အဖြစ် စာရင်း သွင်းတာကို ခဏနားထားတယ်လို့ ပြောပါတယ်။
လူတွေကို ဘယ်လို ရှာမလဲ
ကိုယ်ရွေးချယ်တဲ့ ဆာဗာအမည်က အသုံးပြုတဲ့ နာမည်မှာ ပါလာမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လက်ရှိ တွစ်တာ နာမည် ZSK ကိုရွေးချယ်ပြီး ယူကေ ဆာဗာကို ရွေးမယ်ဆိုပါစို့။
ဒါဆိုရင် အသုံးပြုတဲ့ နာမည်မှာ @[email protected] ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီနာမည်နဲ့ ဒီကွန်ရက်မှာ ရှာဖွေလို့ရမှာ ဖြစ်ပါတယ်။
ဆာဗာတူရင် အသုံးပြုတဲ့နာမည်နဲ့ ရှာလို့ရပေမဲ့ ဆာဗာမတူရင်တော့ အသုံးပြုတဲ့ နာမည် အပြည့် အစုံကို ရေးပြီးမှ ရှာနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ တွစ်တာနဲ့ မတူတာက မာစတာဒွန်က ကိုယ်စိတ်ဝင်စားတဲ့ အကြောင်း အရာပေါ် မူတည်ပြီး တခြားသူတွေကို Follow လုပ်ဖို့ အကြံပေးမှာ မဟုတ်ပါဘူး။ ဟက်ရှ်တက်ခ်တွေနဲ့လည်း ရှာလို့ရပါတယ်။
ဘာလို့ ဆာဗာတွေရှိရတာလဲ
ဒီမေးခွန်းက ရှုပ်ထွေးပါတယ်။ ဒါပေမဲ့ အရိုးရှင်းဆုံးဖြစ်အောင် ပြောချင်ပါတယ်။
မာစတာဒွန် က ပလက်ဖောင်းတခုမဟုတ်ပါဘူး။ ဆိုလိုတာက သူက တခုထဲ မဟုတ်သလို ပိုင်ရှင်ကလည်း တယောက်တည်းမဟုတ်ပါဘူး။ မတူတဲ့ ဆာဗာတွေက ကွန်ရက်တွေလို ချိတ်ဆက်ပြီး အစုအဖွဲ့ ကွန်ရက်တခုဖြစ်နေတာ ဖြစ်ပါတယ်။
မတူညီတဲ့ ဆာဗာတွေကို ကုမ္ပဏီတွေနဲ့ ပုဂ္ဂလိက တဦးတယောက်ပိုင်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုထိန်းချုပ်မှု မရှိပါဘူး။
ဒီအကြောင်းပြချက်ကြောင့် ဗဟိုထိန်းချုပ်မှုမရှိတာကို ကြိုက်တဲ့သူတွေက အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါကို တဦးတယောက်တည်းပိုင်အဖြစ် ဝယ်ယူထိန်းချုပ်လို့ မရပါဘူး။
ဒါပေမဲ့ ဆာဗာကို ထိန်းချုပ်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် ကုမ္ပဏီ အဖွဲ့အစည်းက စိတ်ကူးပေါက်ရာ လုပ်ဆောင်မယ်ဆိုရင် ဒါမှမဟုတ် သူတို့ ဆာဗာကို ဆက်မလည့်ပတ်တော့ဘူးဆိုရင် ကိုယ့်ရဲ့ အကောင့်ကို ဆုံးရှုံးရမှာဖြစ်ပါတယ်။
ဆာဗာကို ပိတ်မယ်ဆိုရင် အသုံးပြုသူတွေကို ၃ လကြိုအသိပေးဖို့ မာစတာဒွန် က ဆာဗာ ပိုင်ရှင်တွေကို တောင်းဆိုထားပါတယ်။
တွစ်တာကို ထူထောင်တဲ့ ဂျက်ဒေါ့ဆေးကလည်း ဘလူးစကိုင်းဆိုတဲ့ ကွန်ရက်တခုကို လုပ်ဆောင်နေပြီး ဒီကွန်ရက်ကိုလည်း ဗဟိုထိန်းချုပ်မှုမရှိစေချင်ဘူးလို့ ပြောထား ပါတယ်။
မာစတာဒွန်ကို ဘယ်လို ထိန်းညှိလဲ
ဆာဗာတွေတိုင်းမှာ သူတို့ရဲ့ စည်းမျဥ်းစည်းကမ်းနဲ့သူ ရှိပါတယ်။ တချို့ဆာဗာ တွေမှာက စည်းကမ်း မရှိပါဘူး။ တချို့ ဆာဗာတွေက ဘော့ ( ပရိုဂရမ်ဆွဲထားတဲ့ ဆော့ဖ်ဝလ် အပလီကေးရှင်း )တွေ ဒါမှမဟုတ် အမုန်းစကားတွေနဲ့ ပြည့်နေတဲ့ ဆာဗာတွေနဲ့ မချိတ်ဆက်ထားပါဘူး။ ဒါ့ကြောင် ဆာဗာအချင်းချင်း မချိတ်ဆက်ထားရင် ဒါမှမဟုတ် ပိတ်ထားရင် ကိုယ်တင်တဲ့ ပိုစ့်ကို နေရာတိုင်းမှာ မြင်နိုင်မှာ မဟုတ်ပါဘူး။
ပိုစ့်တွေနဲ့ ပတ်သက်ပြီး ဆာဗာပိုင်ရှင်ထံကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။ အမုန်းစကားတွေနဲ့ တရားမဝင်တဲ့ အကြောင်းအရာတွေကို ဒီဆာဗာပိုင်ရှင်တွေက ဖျက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နေရာတိုင်းကိုတော့ မဖျက်နိုင်ပါဘူး။
ဒါ့ကြောင့် ဒီကိစ္စဟာ ဒီပလက်ဖောင်း ပိုအသုံးပြုတဲ့သူများလာရင် ကြီးမားတဲ့ ဖြစ်ရပ် တခု ဖြစ်လာမှာ ဖြစ်ပါတယ်။
အမုန်းတရားဖြစ်စေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပစ်မှတ်ထားခံရတဲ့ တိုင်တန်းချက်တွေလည်း ရှိနေပြီး ဒီအထဲမှာ လိင်တူဆက်ဆံရေးကို ရွံ့မုန်းတဲ့ မတော်တရော် ရေးသားတာတွေကို ဥပမာအနေနဲ့ ဘီဘီစီက တွေ့ရှိထားပါတယ်။
ကြော်ငြာတွေရှိလား ကြော်ငြာတွေ မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ကုမ္ပဏီနဲ့ ကုန်ပစ္စည်းတွေကို မိတ်ဆက် အရောင်းမြင့်တင်တဲ့ ပိုစ့်တွေကို ရေးတင်ရင်လည်း မတားမြစ်ပါဘူး။
တွစ်တာလို ကိုယ့်ကြည့်တဲ့ ပိုစ့်တွေအပေါ် မူတည်ပြီး အကြံပြုတာမျိုး မာစတာဒွန်မှာ မရှိပေမဲ့ ကိုယ့်နောက်လိုက်တွေ တင်တာတွေ အားလုံးကို မြင်နိုင်ဖတ်နိုင်မှာ ဖြစ်ပါတယ်။
အခမဲ့အသုံးပြုနိုင်လား
ဒါကလည်း ကိုယ်ရွေးတဲ့ ဆာဗာအပေါ်မူတည်ပါတယ်။ တချို့ ဆာဗာတွေက အလှူငွေတောင်းခံတာ မျိုးတော့ရှိပါတယ်။ ဒါပေမဲ့ အများစုက အခမဲ့ဖြစ်ပါတယ်။