လူတစ်ယောက် သေနတ် ၃ လက်မူ ဘာလဲ ဘယ်လဲ

အရပ်သားတွေကို လိုင်စင်နဲ့ တရားဝင်သေနတ်ကိုင်ဆောင်ခွင့်ပြုမယ့် လက်နက် ခဲယမ်း ကိုင်ဆောင်ခွင့်မူကို အရေးပေါ်ကာလနှစ်နှစ်ပြည့်ပြီးချိန်မှာ စစ်ကောင်စီက ပြန်လည်ပြင်ဆင်အတည်ပြုလိုက်ပါတယ်။

ရှစ်လေးလုံး အရေးအခင်းကာလအလွန်ကစလို့ လို့ နှစ်ပေါင်း ၃၀ ကျော် ကန့်သတ်ထိန်းချုပ်ထားတဲ့ အရပ်သားလက်နက်ကိုင်ဆောင်ခွင့်ကို စစ်‌ကောင်စီက ပြန်လည်အသက်သွင်းလိုက်တာဖြစ်ပြီး လူ့အဖွဲ့အစည်းထဲကို လက်နက်တွေ ကျယ်ကျယ်ပြန့်ပြန့်ရောက်လာရင် လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ ပိုကျယ်ပြန့်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

ဒီဥပဒေရဲ့ ထူးခြားချက်ကတော့ လက်ဝယ်ရှိနေတဲ့သေနတ်တွေကိုပါ လိုင်စင်နဲ့ကိုင်ဆောင်ခွင့်ပြုဖို့ လျှောက်ထားခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ပကဝယ်ထားတဲ့ လက်နက်ကို ပြည်ထဲရေးက လိုင်စင်ထုတ်ပေးတဲ့ပုံစံမျိုးကို တောက်လျောက်ကျင့်သုံးခဲ့ပေမယ့် ပြည်တွင်းမှာပဲ လက်နက်ဝယ်ယူလို့ရမယ့်အခြေအနေ ပေါ်ပေါက်လာလိမ့်မယ် လို့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကိုပြောပါတယ်။

ဘယ်သူတွေလက်နက်ကိုင်ခွင့်ရမလဲ

လက်နက်ကိုင်ဆောင်ခွင့်အတွက် အရည်အချင်းသတ်မှတ်ချက် ၇ ချက်ရှိပြီး အရေးအကြီဆုံးအချက်ကတော့ ‘’လုံခြုံမှုအတွက် သေနတ်ကိုင်ဆောင်ရန် အမှန်တကယ်လိုအပ်သူဖြစ်ရမယ်’’ ဆိုတဲ့ အကြောင်းပြချက်ပါ။

နိုင်ငံတော်လုံခြုံရေး၊ ဒေသဆိုင်ရာလုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေးကို အနှောင့်အယှက်မပြုနိုင်သူ၊ လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ အရေးယူခြင်းမခံရဖူးသူ လည်း ဖြစ်ရမယ်လို့ လည်း အရည်အချင်းသတ်မှတ်ထားပါတယ်။

လက်နက်ကိုင်ဆောင်ခွင့်အတွက်အရည်အချင်းပြည့်မီသူတွေကို လိုင်စင်နဲ့ ကိုင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတွေထဲက ကြိုက်နှစ်သက်ရာ သေနတ်အမျိုးအစား ၃ လက်အထိ ကိုင်ဆောင် ခွင့်ပြုထားပါတယ်။

ဝန်ထမ်းတွေကတော့ လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတွေထဲက ၃ လက်အပြင် ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတစ်လက်ကိုပါ ကိုင်ဆောင်ခွင့်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဝန်ထမ်းရောဝန်ထမ်းမဟုတ်သူတွေပါ အမျိုးအစားတူ သေနတ်ကိုတော့ တစ်လက်ထက် ပိုမိုကိုင်ဆောင်ခွင့်ရမှာ မဟုတ်ပါဘူး။

တပ်က အငြိမ်းစားယူသူတွေကိုတော့ စစ်ဘက်လိုင်စင်နဲ့ ကိုင်ထားတဲ့ ကိုယ်ပိုင်သေနတ်တွေကို အရပ်ဘက်လိုင်စင်နဲ့ ဆက်လက် ကိုင်ဆောင်ခွင့်ပြုဖို့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အဖွဲ့အစည်းအနေနဲ့ ကိုင်ဆောင်ခွင့်ပြုမယ့် သေနတ်တွေအတွက် ပါမစ်လျှောက်ထားရင်တော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကနေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကတစ်ဆင့် ပြည်ထဲရေး ဝန်ကြီးဌာနကို တင်ပြရမှာဖြစ်ပါတယ်။

ပါမစ်နဲ့ကိုင်ဆောင်တဲ့ သေနတ်ကို သတ်မှတ်ထားတဲ့ ဒေသအတွင်းမှာသာ ကိုင်ဆောင်ရမယ်လို့သတ်မှတ်ထားပါတယ်။

လက်နက်ကိုင်ဖို့ လိုင်စင်လျှောက်ချင်ရင် ဝန်ထမ်းမဟုတ်သူတွေက ရပ်ကွက်ထောက်ခံစာနဲ့ရဲစခန်းထောက်ခံစာယူပြီး မြို့နယ်ရဲစခန်းမှာ လိုင်စင်လျှောက်ရမှာဖြစ်ပါတယ်။

ဝန်ထမ်းတွေအတွက်ကတော့ သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲရဲ့ ထောက်ခံချက်ပါရှိရမှာဖြစ်ပါတယ်။

တပ်မတော်သားတွေကလည်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရဲ့ ထောက်ခံချက်ပါရှိရမှာဖြစ်ပါတယ်။

လက်နက်ကိုင်ထားသူဟာ ဒေသလုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေးအတွက် အာဏာပိုင်တွေက ပါဝင်ဖို့ညွှန်ကြားရင် လိုက်နာရမှာဖြစ်သလို လက်နက်ကိုင်ထားသူရောက်နေတဲ့ နေရာဒေသမှာ ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးတာတွေ့ရင် စွမ်းအားရှိသလောက် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ဆိုပါတယ်။

‘’ သူတို့ကိုသစ္စာခံတဲ့ သူတွေကို လက်နက်ထုတ်ပေးမယ်။ လိုအပ်ရင် သူတို့ဘက်က ဝင်တိုက်ပေးရမယ်။ ဒီသဘောပါပဲ’’ လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

ဘယ်လို သေနတ်တွေကိုင်လို့ရမလဲ

လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားနဲ့ ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစား ဆိုပြီး နှစ်မျိုးခွဲထားပြီး လိုင်စင်သက်တမ်းက တစ်နှစ် ဖြစ်ပါတယ်။

လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတွေကို ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက်ရည်ရွယ်ခွင့်ပြုပြီး ပါမစ်ကတော့ စစ်ဆင်ရေးမှာပါ တစ်စိတ်တစ်ပိုင်းအသုံးပြုနိုင်မယ့် လက်နက်အမျိုးအစားတွေဖြစ်ပါတယ်။

လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတွေက

၁။ပွိုင့် ၃၈လက်မ နဲ့ အဲဒီထက်ပြောင်းဝငယ်တဲ့ ဆုံလည်သေနတ်(Irrespective of number of chambers)၊

၂။ ပွိုင့် ၃၈ လက်မ သို့မဟုတ် ၉ မီလီမီတာနဲ့ အဲဒီထက်ပြောင်းဝငယ်တဲ့ ပစ္စတိုသေနတ်

၃။ ၁၂ ဘိုးနဲ့ အဲဒီထက်ပြောင်းဝငယ်တဲ့ ပြောင်းချောသေနတ်

၄။ ပွိုင့် ၂၂ လက်မ နဲ့ အဲဒီထက်ပြောင်းဝကျယ်တဲ့ အမဲလိုက်သေနတ်

၅။ လေသေနတ် တွေပဲဖြစ်ပါတယ်။

အတွဲလိုက်ပစ်ခတ်နိုင်တဲ့ သေနတ်တွေကို လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်မပြုထားပါဘူး။

လိုင်စင်နဲ့ကိုင်ခွင့်ရတဲ့သေနတ်တွေက အကွာအဝေးအားဖြင့် မီတာ ၃၀ ကနေ မီတာ ၅၀ အတွင်း အသက်သေဆုံးသည်အထိ ပစ်ခတ်နိုင်တယ်လို့ လက်နက်ကျွမ်းကျင်သူတွေက ပြောပါတယ်။

လိုင်စင်နဲ့ကိုင်ခွင့်ရတဲ့သေနတ်တွေအတွက် ဆုံလည်သေနတ်နဲ့ ပစ္စတို သေနတ်တွေအတွက် ကျည်အတောင့် ၅၀ စီ ခွင့်ပြုပြီး အမဲလိုက်သေနတ်တွေအတွက်တော့ ကျည်အတောင့် ၁၀၀ အထိ ခွင့်ပြုထားတာ တွေ့ရပါတယ်။

ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတွေကတော့

၁။ ပွိုင့် ၃၈ လက်မ သို့မဟုတ် ၉ မီလီမီတာနဲ့ အဲဒီထက် ပြောင်းဝကျယ်တဲ့ ပစ္စတိုသေနတ်

၂။ ရိုင်ဖယ်သေနတ်တွေ

၃။ စက်သေနတ်ကလေးအုပ်စုဝင် သေနတ်တွေ ဖြစ်ပါတယ်။

ဒီသေနတ်အမျိုးအစားတွေအပြင် တခြား သေနတ်အမျိုးအစားတွေကို ကိုင်ဆောင်ခွင့်ပြုဖို့ ပြည်ထဲရေးဝန်ကြီးဌာနက အခါအားလျော်စွာ ညွှန်ကြားနိုင်ပါတယ်။

ပါမစ်နဲ့ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတွေထဲကရိုင်ဖယ်နဲ့ စက်သေနတ်ကလေးအုပ်စုဝင်သေနတ်တွေကို ဒေသအလိုက် တရားဝင် ဖွဲ့စည်းထားတဲ့ နိုင်ငံတော်လုပ်ငန်းများဆိုင်ရာ လုံခြုံမှုအဖွဲ့အစည်း၊ သောင်းကျန်းသူဆန့်ကျင်ရေး အဖွဲ့အစည်း၊ ပြည်သူ့စစ်အဖွဲ့အစည်း တွေကိုသာ ကိုင်ဆောင်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီက သတ်မှတ်ထားပါတယ်။

ဒီသေနတ်တွေကို ပုဂ္ဂိုလ်တစ်ဦးချင်းကို သီးခြားကိုင်ဆောင်ခွင့်မပြုထားပေမယ့် လိုအပ်ရင် အထူးကိစ္စရပ် အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြပြီး သဘောတူညီချက်တောင်းယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ပါမစ်နဲ့ကိုင်ဆောင်ဖို့ခွင့်ပြုထားတဲ့ လက်နက်တွေဟာ မီတာ ၁၅၀ ကနေ မီတာ ၃၀၀ အထိ ပစ်အားကောင်းကောင်းပစ်နိုင်တဲ့ လက်နက်အမျိုးအစားတွေ ဖြစ်ပြီး တစ်မိနစ်ကို ကျည်ရာဂဏန်းအထိ အတွဲလိုက်ပစ်ခတ်နိုင်တဲ့အမျိုးအစားတွေဖြစ်တယ်လို့ CDM တပ်မတော်သားတစ်ဦးဖြစ်တဲ့ ကိုနောင်ရိုးက ပြောပါတယ်။

ပါမစ်နဲ့ကိုင်ခွင့်ရတဲ့ သေနတ်တွေအတွက် ပစ္စတို သေနတ်တွေအတွက် ကျည်အတောင့် ၅၀ ခွင့်ပြုပြီး ရိုင်ဖယ်နဲ့ စက်သေနတ်ကလေးအုပ်စုဝင် သေနတ်တွေ အတွက်တော့ ကျည်အတောင့် ၁၀၀ စီ ခွင့်ပြုထားတာ တွေ့ရပါတယ်။

လိုင်စင်နဲ့ရော ပါမစ်နဲ့ပါချထားပေးတဲ့ သေနတ်တွေမှာ စနိုက်ပါနဲ့ အသံတိတ်ကိရိယာတွေ တပ်ဆင်အသုံးပြုခွင့် မပြုထားပါဘူး။

ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့သေနတ်ကို နိုင်ငံတော်ပိုင် သေနတ်အဖြစ် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှာ မှတ်ပုံတင်စာရင်းသွင်းရမှာ ဖြစ်ပါတယ်။

အဲဒီလိုသေနတ် အမျိုးအစားတွေ ကိုင်ဆောင်ခွင့်ပြုထားတာနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သိရှိလိုတဲ့ စာရင်းတွေကို ပေးရမှာလည်းဖြစ်ပါတယ်။

လိုင်စင်နဲ့ရော ပါမစ်နဲ့ပါချထားပေးတဲ့ သေနတ်တွေကို လွှဲပြောင်းကိုင်ဆောင်ခွင့်မပြုထားဘဲ မကိုင်တော့ရင် နီးစပ်ရာ ရဲစခန်းမှာ ပြန်အပ်ရမယ်လို့ ညွှန်ကြားထားပါတယ်။

ကိုင်ဆောင်ခွင့်ပြုထားတဲ့ လက်နက်တွေကို ဒေသဆိုင်ရာလုံခြုံရေးအခြေအနေအရ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြန်သိမ်းခွင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က လိုင်စင်စျေးနှုန်းကိုထုတ်မပြောပါဘူး။

လက်နက်ကိုင်ခွင့်ရခဲ့တဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေ

၁၉၈၈ ခုနှစ်မှာ လိုင်စင်နဲ့ ကိုင်ဆောင်ထားတဲ့ လက်နက်တွေကို ပြန်အပ်ခိုင်းပြီး စစ်တပ်က အရပ်သားလက်နက်ကိုင်ဆောင်ခွင့်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်လိုက်ပါတယ်။

ဒါကြောင့် လိုင်စင်နဲ့လက်နက်ကိုင်ဆောင်ခွင့်ကို ‘’ပေးကားပေး၏။ မရ’’ လို့ တင်စားခဲ့ကြပါတယ်။

အငြိမ်းစားစစ်ဗိုလ်ချုပ်တွေနဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် တချို့ကသာ လိုင်စင်နဲ့ လက်နက်ကိုင်ခွင့်ကို ရှားရှားပါးပါးရခဲ့ကြပါတယ်။

အာဏာမသိမ်းခင်ကာလတွေက လက်နက်နဲ့ပတ်သက်လို့ နာမည်ကြီးဖြစ်ရပ်တစ်ခုကတော့ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းရဲ့ ခေါင်းအုံးအောက် သေနတ်ထားအိပ်တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။

သူရဦးရွှေမန်းရေးတဲ့ ‘’သူ ကျွန်တော်နှင့် မြန်မာနိုင်ငံ့အရေး’’ စာအုပ်ထဲမှာ ၂၀၁၅ ရွေးကောက်ပွဲကာလက လုံခြုံရေးအရ သေနတ်ဆောင်ခဲ့တဲ့အကြောင်းကို ထည့်ရေးထားတာ ဖြစ်ပါတယ်။

သူရဦးရွှေမန်း တင်မဟုတ်ဘဲ ဗိုလ်ချုပ်အဆင့်နဲ့အထက် အငြိမ်းစားယူခဲ့တဲ့ သူအားလုံးနီးပါး လိုင်စင်နဲ့ သေနတ်ဆောင်ကြတဲ့အကြောင်း အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးက ရှင်းပြပါတယ်။

အမှတ် (၂) အထူးစစ်ဆင်ရေး အထူးအဖွဲ့မှူး နဲ့ အငြိမ်းစားယူသွားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်ဟာ ရှမ်းပြည်နယ်ထဲက၊ ကိုးကန့်ဒေသ လောက်ကိုင်မှာ ကြံ့ခိုင်ရေးအမတ်သွားလုပ်တဲ့အခါ သေနတ် နှစ်လက်အထိ လိုင်စင်နဲ့ကိုင်ခဲ့တဲ့အကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

စစ်တပ်နဲ့ နီးစပ်တယ်လို့ နာမည်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ လည်း လိုင်စင်နဲ့ သေနတ်ကိုင်ခဲ့တဲ့ စာရင်းထဲပါပါတယ်။

လိုင်စင်နဲ့ သေနတ်ကိုင်ခွင့်ရတဲ့ အခြားငန်းရှင်တစ်ဦးကတော့ ကမ္ဘောဇဘဏ်သူဋ္ဌေး ဦးအောင်ကိုဝင်းဖြစ်ပါတယ်။

သူက ဦးတေဇလို ရန်ကုန်မြို့မှာ လိုင်စင်လျှောက်တာမဟုတ်ဘဲ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအများအပြားရှိတဲ့ ရှမ်းပြည်နယ်ထဲမှာ လျှောက်ထားတာ ဖြစ်ပါတယ်။

ဦးအောင်ကိုဝင်းဟာ CZ 2075 9mm အမျိုးအစား ပစ္စတိုသေနတ်ကို ပြီးခဲ့တဲ့ NLD အစိုးရသက်တမ်းကာလကတည်းက ကိုင်ဆောင်ခဲ့တဲ့အကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က ရှားရှားပါးပါး သေနတ်ကိုင်ဆောင်ခွင့်ရခဲ့ကြပေမယ့် အာဏာသိမ်း နောက်ဆက်တွဲအခြေအနေတွေကြောင့် မြန်မာ့လူ့အဖွဲ့အစည်းထဲ လက်နက်တွေ ပိုမိုစိမ့်ဝင်လာပြီး လိုင်စင်နဲ့ကိုင်ခွင့်ပြုဖို့တောင်းဆိုမှုတွေ ပိုများလာပါတယ်။

ပြည်တွင်းမှာတရားဝင်လက်နက်ဝယ်ခွင့်ရတော့မလား

အုပ်ချုပ်ရေးမှူးတွေ၊အစိုးရဝန်ထမ်းတွေ၊စစ်မှုထမ်းဟောင်းတွေ နဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ကို PDF အပါအဝင် မြို့ပြပျောက်ကျားအဖွဲ့တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို အကြောင်းပြပြီး ခုခံကာကွယ်ပိုင်ခွင့်အတွက်ဆိုကာ လက်နက်ကို လိုင်စင်နဲ့ကိုင်ခွင့်ပြုဖို့ တောင်းဆိုမှုတွေများပြားလာပါတယ်။

လက်နက် ခဲယမ်း ကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီက မထုတ်ပြန်ခင်ကတည်းက အုပ်ချုပ်ရေးမှူးတချို့ထံမှာ လက်နက်တွေဆောင်ထားကြတဲ့အကြောင်း ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

PDF တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲမှာ ပျူစောထီးတွေကို လက်နက်တွေတပ်ဆင်ပေးထားတယ်လို့ ဒေသခံတွေကပြောပြီး စစ်ကောင်စီကတော့ ပျူစောထီးဆိုတာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂ ခုနှစ် ဧပြီလက ပင်လယ်ဘူးမြို့ကို သွားတဲ့ခရီးစဥ်မှာ ပစ္စတိုကို ခါးကြားချိတ်သွားတဲ့ဓာတ်ပုံ ပျံ့နှံ့လာလို့ လူမှုကွန်ရက်မှာ လူပြောများတဲ့အကြောင်းအရာဖြစ်ခဲ့ပါတယ်။

‘’ ပြည်ထောင်စုဝန်ကြီး တချို့ကတောင် လက်နက်ရနိုင်မလားလို့ ကျွန်တော့်ဆီ လှမ်းစုံစမ်းကြတယ်’’ လို့ ဘူးလက်လှဆွေလို့ နာမည်ကြီးတဲ့ ကြံ့ခိုင်ရေးပါတီဝင် ဦးလှဆွေက ဘီဘီစီကိုပြောပါတယ်။

တပ်မတော်မှာ ဒုဗိုလ်မှူးကြီးအထိ တာဝန်ထမ်းဆောင်ဖူးတဲ့ ဦးလှဆွေဟာ အသက် ၆၀ ကျော်ဝန်းကျင်အရွယ်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုယှဥ်ပြိုင်ခဲ့ကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။

ကရင်ပြည်နယ်ထဲကနယ်ခြားစောင့်တပ်တွေအကူအညီနဲ့ လက်နက်တွေရနိုင်ခဲ့ပေမယ့် ညောင်ခါးရှည် ဂိတ်မှာ X Ray စက် ဖြတ်ရမှာမို့ ပြည်ထောင်စုဝန်ကြီးတွေက မယူရဲကြတဲ့အကြောင်း သူကပြောပါတယ်။

သူကိုယ်တိုင်လည်းမကြာခဏလုပ်ကြံခံနေရလို့ သေနတ်လိုင်စင်လျှောက်မှာဖြစ်ပြီး သေနတ်နှစ်လက် လျှောက်မယ်လို့ ဦးလှဆွေက ဘီဘီစီကိုပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် လက်နက်မှောင်ခိုစျေးက တဖြည်းဖြည်းတက်လာနေတယ်လို့ ဦးလှဆွေကပြောပြီး ပစ္စတိုသေနတ်တစ်လက်ကို အမျိုးအစားပေါ်မူတည်ပြီး ၂၅ သိန်းကနေ သိန်းတစ်ရာကြား ရှိတယ်လို့ သူစုံစမ်းသိရှိရတဲ့အခြေအနေကို ပြောပါတယ်။

‘’တကယ်တော့ ဒီကိစ္စ ခွင့်ပြုတာက နှစ်နှစ်လောက်တောင်နောက်ကျနေပြီ’’ လို့ လိုင်စင်နဲ့လက်နက်ကိုင်ခွင့်ကို ထောက်ခံသူ ဦးလှဆွေက ပြောပါတယ်။

တည်ဆဲဥပဒေတွေအရ အရပ်သားတွေကို နိုင်ငံခြားကနေအပြန်မှာ လက်နက်ခဲယမ်းတွေ ဝယ်ယူလာခြင်းမပြုဖို့ ပိတ်ပင်တားမြစ်ထားပါတယ်။

ဒါပေမဲ့ ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းတွေအတွက် လိုအပ်ရင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဘောတူညီချက်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနသို့ လျှောက်ထားရမှာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံခြားက လက်နက်ခဲယမ်း ဝယ်ယူတင်သွင်းခွင့်ပါမစ် ထုတ်ပေးမှာဖြစ်ပါတယ်။

လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ လက်နက်ခဲယမ်းတွေကို နိုင်ငံခြားက တရားဝင်တင်သွင်းတာ၊ ပြည်တွင်းမှာ တရားဝင်ရောင်းချတာတွေပြုလုပ်လိုပါက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဘောတူညီချက်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ခွင့်ရှိတယ်လို့ လက်နက် ခဲယမ်း ကိုင်ဆောင်ခွင့်မူမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့၂နှစ်အတွင်းလက်နက်မျိုးစုံ ၁၇,၆၉၇ လက်၊ လက်လုပ်မိုင်းနဲ့ဗုံး ၂၇,၂၁၃ လုံးအပါအဝင် ခဲယမ်းမျိုးစုံ အတောင့် တစ်သန်းကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှတ်တမ်းတွေအရ သိရပါတယ်။

အစိုးရဝန်ထမ်းတွေ၊အုပ်ချုပ်ရေးမှူးများတွေနဲ့အရပ်သားအပါအဝင် စုစုပေါင်း သေဆုံးသူ ငါးထောင်ကျော်နဲ့ ဒဏ်ရာရ သူ လေးထောင်ကျော် ရှိခဲ့တယ်လို့ ကာလုံအစည်းအဝေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လုံခြုံရေးအရပြည်သူလူထုရဲ့ တောင်းဆိုမှုတွေများပြားလာလို့ လက်နက် ခဲယမ်း ကိုင်ဆောင်ခွင့်မူ ကိုထုတ်ပြန်ရတာလို့ ဘီဘီစီကိုပြောပါတယ်။

‘’နောက်ပိုင်းမှာ အစိုးရ နဲ့ အစိုးရကတရားဝင်ခွင့်ပြုထားတဲ့ လုံခြုံရေးကုမ္ပဏီတွေက တစ်ဆင့် လက်နက် ဝယ်ယူလို့ရတဲ့အထိ ဖြစ်လာပါလိမ့်မယ်’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကနေ ပစ္စတိုတွေထုတ်လုပ်နေတာဖြစ်လို့ အဲဒီပစ္စတိုတွေကို ထုတ်ရောင်းပေးမလားဆိုတာ စောင့်ကြည့်ရမယ်လို့ ဦးလှဆွေက ပြောပါတယ်။

ပဋိပက္ခတွေ ပိုပြင်းထန်လာမလား

လက်ရှိနိုင်ငံရေးအခြေအနေအရ လူ့အဖွဲ့အစည်းထဲ သေနတ်တွေရောက်လာရင် ပဋိပက္ခတွေကို ပိုပြီးအရှိန်မြှင့်ပေးသလို ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ပေါ်ထွက်လာပါတယ်။

ထိုင်းမြန်မာ နယ်စပ်ကတစ်ဆင့် မြန်မာနိုင်ငံထဲကို လက်နက်တွေစိမ့်ဝင်နေပြီး လိုင်စင်နဲ့ကိုင်ခွင့်ပြုရင် လက်နက်ပွဲစားတွေ ပိုအလုပ်ဖြစ်လာလိမ့်မယ်လို့ လုံခြုံရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းတစ်ခုက ဘီဘီစီကို ပြောပါတယ်။

‘’တကယ်တော့ သေနတ်တွေက နှစ်ဖက်လုံးမှာ တရားမဝင်ရောက်နေပြီးသားပါ။ စကစဘက်က သူ့ဘက်ကလူတွေ တရားဝင်သွားအောင်လုပ်တာ။ without ကို လိုင်စင်လာလုပ်ကြလို့ပြောတဲ့သဘော’’ လို့ သူကပြောပါတယ်။

အမေရိကန်လို နိုင်ငံမျိုးမှာတောင် လက်နက်ကိုင်ဆောင်ခွင့်ကို ပြန်ပ်သိမ်းဖို့ တောင်းဆိုမှုတွေရှိနေပြီး မြန်မာနိုင်ငံလို ပဋိပက္ခအရှိန်မြင့်နေတဲ့ နိုင်ငံမှာ လက်နက်ကိုင်ဆောင်ခွင့်ပြုလိုက်တာက အလွန်အန္တရာယ်ကြီးတဲ့အကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကပြောပါတယ်။

‘’ဒေါသကြီးနေတဲ့လူတွေရဲ့လက်ထဲ လူသတ်လက်နက်ရောက်သွားရင် အင်မတန်အန္တရာယ်များတယ်။ ကျွန်တော်ကတော့ ဒီလိုခွင့်ပြုတာ မကြိုက်ပါဘူး။ လူသတ်တာကိုလျှော့ကျအောင်လုပ်ရမှာ လူမှုအသိုင်းအဝိုင်းရဲ့တာဝန်ပါ’’ လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်နက်ကိုလိုင်စင်နဲ့ခွင့်ပြုလိုက်လို့ သွေးထွက်သံယိုမှုတွေပိုများလာမယ်ဆိုတဲ့ အယူအဆကို လက်မခံဘဲ လိုင်စင်နဲ့ သေနတ်ကိုင်ဆောင်သူတွေက သူတို့လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိလို့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြလိမ့်မယ်လို့ ပြောပါတယ်။

‘’လိုင်စင်နဲ့ကိုင်တာက ပြဿနာမဟုတ်ဘူး။ လိုင်စင်နဲ့မကိုင်မှသာ ပြဿနာ’’ လို့ သူကပြောပါတယ်။

၁၉၈၈ ခုနှစ်ကာလက မြန်မာပြည်အတွေ့အကြုံအရ လိုင်စင်နဲ့သေနတ်ကိုင်ဆောင်ခဲ့တဲ့ သူတွေ လက်နက်တွေ တစ်လက်မကျန်ပြန်အပ်ခဲ့တဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတာဖြစ်ပါတယ်။

ဒါပေမဲ့ အမြင်မတူသူတွေလည်း ရှိပါတယ်။

‘’အခုအခြေအနေက လက်နက်တပ်ပေးပြီးပြီဆိုတာနဲ့ ပြန်သိမ်းဖို့မစဥ်းစားနဲ့တော့’’ လို့ လုံခြုံရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တမ္ပဒီပ အင်စတီကျုက ဒေါက်တာခင်ဇော်ဝင်းကပြောပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ လက်နက်ကိုင်ဆောင်ခွင့်မူဟာ စစ်ကောင်စီရဲ့ အမာခံဒေါက်တိုင်တွေ ဖြစ်တဲ့ ဝန်ထမ်းတွေ၊ စစ်မှုထမ်းဟောင်းတွေ နဲ့ အဖွဲ့အစည်းတွေ လက်နက်ကိုင်ဆောင်ခွင့်ရဖို့ ရည်ရွယ်တာလို့ CDM စစ်သည် ကိုနောင်ရိုးက သုံးသပ်ပါတယ်။

‘’စစ်ကောင်စီဘက်က ပြည်သူ့စစ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုးမြှင့်လာမယ်လို့ မြင်တယ်’’ လို့ ကိုနောင်ရိုးက သုံးသပ်ပါတယ်။

အရပ်သားတွေကို လိုင်စင်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ပြုတယ်ဆိုပေမယ့် စစ်ကောင်စီအနေနဲ့ သူ့ကိုသစ္စာရှိတဲ့သူတွေကိုပဲ လက်နက်ထုတ်ပေးမှာဖြစ်လို့ သာမန်ပြည်သူတွေအနေနဲ့ကတော့ ပိုမိုတင်းကြပ်တဲ့ လုံခြုံရေးအခြေအနေအောက်မှာ နေကြရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

တည်ငြိမ်အေးချမ်းမှုပျက်ပြားနေတဲ့ လက်ရှိ အခြေအနေ နဲ့ နိုင်ငံရေးအားပြိုင်မှုပြင်းထန်နေတဲ့ အချိန်အခါမျိုးမှာ အခုလိုလက်နက်ကိုင်ဆောင်ခွင့်မူက တရားဥပဒေရှုထောင့်ကကြည့်ရင် အန္တရာယ်ကြီးတယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

‘’ယမ်းပုံထဲကို မီးတစ်စ ပစ်ထည့်သလို ဖြစ်သွားနိုင်ပါတယ်’’ လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဘီဘီစီကိုပြောပါတယ်။