ရုရှားအတွက် ကြေးစားတိုက်ပေးနေတဲ့ ဂေါ်ရခါးစစ်သား ရာနဲ့ချီ ပျောက်ဆုံး- ဒီဇင်ဘာ ၂၇ ထိပ်တန်း နိုင်ငံတကာသတင်း

ရုရှားစစ်တပ်အတွက် ကြေးစား တိုက်ခိုက်ပေးနေတဲ့ နီပေါ နိုင်ငံသားတွေထဲက သေသည် ရှင်သည် မသိ ပျောက်ဆုံးနေကြသူတွေ လူ ၁၀၀ ဝန်းကျင် ရှိနေကြောင်း တိုင်တန်းမှုတွေ လက်ခံ ရရှိထားတယ်လို့ နီပေါ အစိုးရက ပြောပါတယ်။

နီပေါ အစိုးရ အနေနဲ့ အဲဒီ တိုင်တန်းချက်တွေ၊ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ရုရှားဘက်ကို မေးမြန်း စုံစမ်းထားတယ်လို့ နီပေါ နိုင်ငံခြားရေး ဝန်ကြီး အဲန် ပီ ဆာအုဒ် က ဆိုပါတယ်။

ရုရှားနိုင်ငံထဲမှာ အလုပ်လုပ်ဖို့၊ ကျောင်းတက်ဖို့ ရောက်နေကြတဲ့ နီပေါ လူငယ်တွေ ရှိနေခဲ့တာမှာ အဲဒီသူတွေထဲက အယောက် ၂၀၀ ဝန်းကျင်ဟာ ယူကရိန်းနဲ့စစ်ပွဲမှာ ရုရှားစစ်တပ် အတွက် ကြေးစားတွေ အနေနဲ့ ဝင်တိုက် ပေးနေကြတယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီလို ဝင်တိုက်ပေးဖို့ရာ ငွေကြေးနဲ့ ဖြစ်စေ ရုရှားနိုင်ငံသား ပေးမယ် ဆိုတဲ့ မက်လုံးနဲ့ ဖြစ်စေ သိမ်းသွင်းပေးတဲ့ လူမှောင်ခိုတွေလည်း ရှိနေကြတယ်လို့ ဆိုပါတယ်။ ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှား အတွက် တိုက်ခိုက်ရင်း သေဆုံးသွားကြောင်း လက်ရှိ အတည်ပြုထားနိုင်တဲ့ နီပေါ နိုင်ငံသား ၇ ဦး ရှိနေပါတယ်။

ယူကရိန်းစစ်တပ် လက်ထဲ ဖမ်းဆီး ခံထားရသူတွေလည်း ရှိနေတာမှာ သူတို့ လွတ်မြောက်ရေး အတွက် ယူကရိန်း အာဏာပိုင်တွေနဲ့ကြား ဆက်သွယ် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ် ဆိုပြီးတော့လည်း နီပေါ နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖော် ပြောဆိုပါတယ်။

ဆူလာဝေစီ စက်ရုံပေါက်ကွဲမှု အင်ဒို အလုပ်သမားတွေ ရာပေါင်းများစွာ ဆန္ဒပြ

အင်ဒိုနီးရှား နိုင်ငံ ဆူလာဝေဆီ ကျွန်း ပေါ်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့ နီကယ် စက်ရုံတစ်ရုံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၁၈ ယောက် သေဆုံးခဲ့ရပါတယ်။

စက်ရုံသုံး ဘွိုင်လာအိုးကြီးကို ပြင်ဆင်နေကြတုန်း ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ အခုဆိုရင် အင်ဒိုနီးရှား အလုပ်သမားတွေ ရာနဲ့ချီပြီး ဆန္ဒပြနေကြပါတယ်။

စက်ရုံ လုပ်ငန်းခွင် အန္တရာယ်ကင်း လုံခြုံစေရေး အစီအမံတွေ အသေအချာ ဖြည့်ဆည်းထားရှိပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဘေဂျင်းမြို့တော်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အဲဒီ စက်ရုံ ပေါက်ကွဲမှုမှာ သေဆုံးခဲ့သူတွေဟာ တရုတ် နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ရပ် အပေါ် စုံစမ်းမှုတွေ မပြီးစီး မချင်း စက်ရုံကို ပိတ်ထားမယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

ပါလက်စတိုင်းနယ်မြေတွေမှာ ဒုက္ခသည် စခန်းတွေ ပစ်မှတ်ထားခံနေရတာကို စိုးရိမ်ကြောင်း ကုလပြော

အစ္စရေး စစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း နယ်မြေတွေမှာ သူတို့ရဲ့ မြေပြင် ထိုးစစ်ကို တိုးချဲ့ လုပ်ဆောင် နေပါတယ်။

သုံးလတာ နီးပါး ကြာမြင့်လာပြီ ဖြစ်တဲ့ ဂါဇာစစ်ပွဲမှာ စစ်ဘေး ဒုက္ခသည် စခန်းတွေလိုမျိုး အရပ်သားတွေ အစုလိုက် အပြုံလိုက် ရှိနေတဲ့ နေရာတွေ ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ ဖြစ်ရပ်တွေအပေါ် အင်မတန် စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောနေပါတယ်။

အစ္စရေးစစ်တပ် လောလောလတ်လတ် ပြောထားတာကတော့ မြောက်ပိုင်း ဂျဘလီယာ ဒုက္ခသည် စခန်းနဲ့ တောင်ပိုင်း ခန်းယူနစ်တို့မှာ ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ဟားမတ်စ်ရဲ့ မြေအောက် စခန်းတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အေဂျင်စီ တစ်ခု ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ပြောရေးဆိုခွင့်သူ ရစ်ချက် ပက်ပါကွန်က ဂါဇာက အခြေအနေတွေ အကြောင်း ဘီဘီစီကို ပြောပါတယ်။

“ကျွန်တော် ဂါဇာတောင်ပိုင်းမှာ ရှိနေတုန်း ရောက်တုန်း WHO အနေနဲ့ တတ်နိုင်သမျှ ဆေးဝါးပစ္စည်းတွေ ယူသွား ပေးပါတယ်။

အဲဒီက ဆေးရုံတိုင်းဟာ လုပ်နိုင်တာထက် ၃-၄ ဆ မက လုပ်နေကြရတာ ဖြစ်ပါတယ်။ ဆေးရုံတွေဟာ ဒုက္ခသည် စခန်းတွေ အသွင်မျိုး ပြောင်းသွားကြပါတယ်။

ဆေးရုံတွေမှာ ဆိုရင် အထိုက်အလျောက် လုံခြုံနိုင်မလား ဆိုပြီး မျှော်လင့် နေကြပါတယ်။ နေရာတိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ IDP တွေနဲ့ ပြည့်နေပါတယ်” လို့ ဆိုပါတယ်။

အနောက်ဘက်ကမ်းခြေမှာလည်း ဒုက္ခသည်စခန်း စီးနင်းခံရ

အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေဒေသကို ကြည့်ရင်လည်း မြောက်ဘက်ပိုင်းမှာ ရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကို ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်းမှာ အစ္စရေး စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပါတယ်။

ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီး ဌာနရဲ့ အဆိုအရ အဲဒီ စီးနင်းမှု အတွင်း ပါလက်စတိုင်း ၆ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဂါဇာ စစ်ပွဲ စတင်လာ ခဲ့ပြီးတဲ့နောက် အနောက်ဘက်ကမ်းခြေ ဒေသမှာလည်း အစ္စရေး စစ်တပ်ရဲ့ လက်ချက်နဲ့ သေဆုံးရသူ ပါလက်စတိုင်း အယောက် ၃၀၀ ကျော် သွားပြီ ဖြစ်ပါတယ်။

ရမ္မလာမြို့မှာ ရှိနေတဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘာ့စ်က အီဂျစ် ရုပ်သံလိုင်းပေါ်ကနေ တဆင့် အခုလို ပြောပါတယ်။

“ပါလက်စတိုင်းနယ်မြေတွေမှာ ဖြစ်ပျက်နေတာတွေဟာ စာနာမှု ဆိုင်ရာ အကျပ်အတည်း ပြဿနာဆိုတာထက် အများကြီးပိုပါတယ်။ လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက် ဆိုတာထက်ကို ဆိုးရွားနေတာပါ။

ပါလက်စတိုင်းတွေဟာ မကြုံစဖူး အတိုင်းအတာ ပမာဏမျိုးနဲ့ တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။ ၁၉၄၈ ပါလက်စတိုင်းတွေ နေရာ ပြောင်းရွှေ့ကြရ၊ ပိုင်ဆိုင်မှုတွေ သိမ်းပိုက် ခံရတဲ့ နာ့ခ်ဘာ ဖြစ်ရပ်ဆိုးထက်တောင် အခု အခြေအနေဟာ ပိုပြီး ဆိုးရွား နေပါတယ်” ဆိုပြီး ပြောသွားပါတယ်။

ပါကစ္စတန် ဝါရင့် အတိုက်အခံ တစ်ယောက် ထောင်ကနေ လွတ်ခါနီးမှ နောက်တစ်မှုနဲ့ အဖမ်းခံရ

ပါကစ္စတန်နိုင်ငံမှာ ထိပ်တန်း အတိုက်အခံ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ရှား မာမွတ် ကွာရရှီကို ထောင်ထဲ ကနေ ပြန်လွှတ်ခါနီး အချိန်မှာ ရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီး လိုက်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရှား မာမွတ် ကွာရရှီဟာ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းရဲ့ အတွင်းစည်းထဲက လူရင်းတစ်ယောက် ဖြစ်ပါတယ်။

သူ့ကို ဖမ်းဆီးထားတဲ့ ပထမတစ်မှုမှာ အာမခံရပြီး ပြန်လွှတ်ခါနီးမှာ နောက်တစ်မှုနဲ့ ဖမ်းလိုက်တာ ဖြစ်ပါတယ်။

သူ့ပါတီက ထုတ်ပြန်တဲ့ ဗီဒီယိုတွေထဲ မစ္စတာ ကွာရရှီကို ထောင် အာဏာပိုင်တွေက သံချပ်ကာ လူစီးယာဉ်ထဲ အတင်း တွန်းထိုးပြီး ခေါ်သွားတာကို တွေ့ရပါတယ်။

မစ္စတာ ကွာရရှီကိုကို လာမယ့် ဖေဖော်ဝါရီမှာ ကျင်းပဖို့ ရှိတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ဝင်မပြိုင်နိုင်အောင် လက်ရှိ ပါကစ္စတန် အာဏာပိုင်တွေက လုပ်နေကြတယ်ဆိုပြီး အတိုက်အခံတွေဘက်က ဝေဖန် နေကြပါတယ်။