ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါတီခြစားမှုတွေကို တာဝန်ယူတဲ့အနေနဲ့ ဗီယက်နမ် သမ္မတ ရာထူးက နုတ်ထွက်
ပါတီတွင်း အကျင့်ပျက် ခြစားမှုတွေကို ကိုင်တွယ်ဖြေရှင်းရာက ဗီယက်နမ် သမ္မတ ငုယင် စွမ်းဖု ရာထူးက နုတ်ထွက်စာတင်လိုက်ကြောင်း ဒီကနေ့ အင်္ဂါနေ့မှာ နိုင်ငံပိုင် မီဒီယာကနေ ကြေညာပါတယ်။
ကွန်မြူနစ်ပါတီရဲ့ ဗဟို ကော်မတီက မစ္စတာ စွမ်းဖုရဲ့ ဦးဆောင်မှုကို ချီးကျူးခဲ့ပေမဲ့ သူ့ရဲ့လက်အောက်က တာဝန်ရှိသူတွေရဲ့ ဥပဒေချိုးဖောက်မှုနဲ့ မလျော်ကန်တဲ့လုပ်ရပ်တွေအတွက် သူ့မှာ နိုင်ငံရေးအရ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဟာ ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ ဆုံးဖြတ်ချက်တွေချမှတ်တဲ့ အမြင့်ဆုံး အာဏာရှိတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ကော်မတီကို အထွေထွေ အတွင်းရေးမှူးက ဦးဆောင်ပြီး အဲဒီရာထူးက နိုင်ငံထဲမှာ အမြင့်ဆုံး နိုင်ငံရေး အာဏာရှိတဲ့ ရာထူး ဖြစ်ပါတယ်။
ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဝန်ကြီးချုပ်အနေနဲ့ ၂၀၁၆ ကနေ ၂၀၂၁ အထိ တာဝန်ယူခဲ့တဲ့ စွမ်းဖုဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ အဓိကကျတဲ့နေရာက တာဝန်ယူခဲ့ပြီး ရလဒ်ကောင်းတွေ ရခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သူရဲ့ ဦးဆောင်မှုအောက်မှာပဲ တာဝန်ရှိသူတွေက ဥပဒေချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပြီး အဲဒါတွေကနေ ဆိုးရွားတဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒုတိယ ဝန်ကြီးချုပ် နှစ်ဦးလည်း နုတ်ထွက်ခဲ့ပြီး ဝန်ကြီးနှစ်ဦးနဲ့ တခြား အရာရှိတွေကတော့ ရာဇဝတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါတွေကို သိရှိ တာဝန်ယူတဲ့အနေနဲ့ မစ္စတာ စွမ်းဖုဟာ သူရဲ့ ရာထူးကနေ နုတ်ထွက်ပြီး အနားယူခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သူ့ရဲ့ နုတ်ထွက်မှု တရားဝင်ဖြစ်ဖို့ကတော့ ဒီသီတင်းပတ်ထဲမှာ ကျင်းပမယ့် အထူးအစည်းအဝေးရဲ့ အတည်ပြုချက် လိုအပ်ပါတယ်။
ငုယင်စွမ်းဖုဟာ ဝန်ကြီးချုပ်အဖြစ် ၂၀၁၆ ကနေ ၂၀၂၁ အထိ တာဝန်ယူခဲ့ပြီး ၂၀၂၁ မှာတော့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါတယ်။ သမ္မတနေရာဟာ ဗီယမ်နမ် နိုင်ငံရေး ရဲ့ အဓိက ဒေါက်တိုင်ကြီးလေးခုထဲက တစ်ခု ဖြစ်ပါတယ်။
အဲဒီလေးခုကတော့ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းအရေးမှူး၊ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ညီလာခံ ဥက္ကဋ္ဌတို့ ဖြစ်ပါတယ်။
အသက် ၆၉ နှစ်အရွယ် မစ္စတာ စွမ်းဖုရဲ့ ဟာ သူရာထူးက ဆင်းပေးတော့မယ်လို့ သီတင်းပတ်တွေချီ သတင်းထွက်ပေါ်ခဲ့ပြီးနောက် အခုလို နုတ်ထွက်သွားခဲ့တာပါ။
ဒီရုတ်တရက် ရာထူးက နုတ်ထွက်မှုဟာ ဇန်နဝါရီလထဲမှာ ဒုတိယ ဝန်ကြီးချုပ်နှစ်ဦးကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့တာပါ။
ဒီဒုတိယ ဝန်ကြီးချုပ်နှစ်ဦးဟာ သူ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဥ်က သူ့ရဲ့ လက်အောက်မှာ တာဝန်ယူခဲ့ကြသူတွေ ဖြစ်ပါတယ်။
ကွန်မြူနစ်ပါတီရဲ့ အဂတိတိုက်ဖျက်ရေး အကောင်အထည်ဖော်မှုကို ပါတီအကြီးအကဲ ငုယင်ဖုထောင်က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ ရာထူးက ထုတ်ပစ်တာတွေ တိုးလာနေပါတယ်။
ပါတီရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ တစ်နှစ်တည်းမှာတင် ပါတီဝင် ၅၃၉ ဦး ဟာ အကျင့်ပျက် ခြစားမှုတွေနဲ့ မလျော်ကန်တဲ့လုပ်ရပ်တွေ အတွက် စည်းကမ်းထိန်းသိမ်းအရေးယူခံထားရတယ်လို့ သိရပါတယ်။
အဲဒီထဲမှာ ဝန်ကြီးတွေ၊ ထိပ်တန်းအရာရှိကြီးတွေနဲ့ သံတမန်တွေပါဝင်ပါတယ်။
ရဲတွေကလည်း အဂတိမှု ၄၅၃ မှုကို စစ်ဆေးခဲ့ပြီး အဲဒါဟာ ရှေ့နှစ်ကထက် ၅၀ ရာခိုင်နှုန်းအထိ တိုးလာတာ ဖြစ်ပါတယ်။
ဒီဝရုန်းသုန်းကား ဖြစ်မှုကြောင့် ပါတီတွင်း အာဏာ အပြောင်းအလဲနဲ့ အစိုးရအုပ်ချုပ်ရေးနဲ့ နိုင်ငံရဲ့ ရှေ့ရေး ဆုံးဖြတ်ချက်တွေမှာ ဂယက်ရိုက်မှုတွေ ရှိလာနိုင်ပါတယ်။