မုန်လိုင်ခက် - ရုတ်တရက် ရောက်လာတဲ့ နာရေး

ကချင်လွတ်လပ်ရေးတပ် (ကေအိုင်အေ/ကေအိုင်အို) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို ကြီးမားပြင်းထန်တဲ့ စစ်လက်နက်ပစ္စည်းတစ်ခု ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၂၉ ဦးအထိ သေဆုံးခဲ့ရပါတယ်။

ကလေးနဲ့ အမျိုးသမီးတွေပါ သေဆုံးခဲ့တဲ့ အောက်တိုဘာ ၉ ရက်၊ ည ၁၁ နာရီ ခွဲ က အဖြစ်ဆိုးကို စစ်တပ်ရဲ့ တိုက်ခိုက်မှုလို့ ကေအိုင်အေဘက်က ပြောပြီး စစ်တပ်ကလည်း သူတို့ တိုက်ခိုက်မှုမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဘီဘီစီက ရရှိထားတဲ့ ရုပ်သံဖိုင်တွေအရ မုန်လိုင်ခက်မှာ အပျက်အစီးတွေ လက်ညှိုးထိုးမလွဲဖြစ်နေပြီး အပျက်အစီးပုံထဲမှာ အလောင်းတွေကိုပါ တွေ့ရပါတယ်။

ဒီပေါက်ကွဲမှုမှာ ဘယ်လက်နက်ကို အသုံးပြုခဲ့လဲဆိုတာကိုသိရဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုဖွဲ့ စစ်ဆေးသွားမယ်လို့ ကေအိုင်အို ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ က ဘီဘီစီ ကို ပြောပါတယ်။

မုန်လိုင်ခက် ဘယ်လိုနေရာလဲ

မုန်လိုင်ခက်ဟာ အနည်းဆုံး နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိတဲ့ ရွာဖြစ်ပြီး လိုင်ဇာမြို့ ရဲ့ ဝင်ပေါက်နေရာလို့ ဆိုကြပါတယ်။

ဒီရွာက နမ်ဆန်ယန်ရွာထက်တောင် သက်တမ်းရှည်တဲ့ ရွာဖြစ်ပြီး အရင်ကတည်းက တရုတ်နိုင်ငံ ဘက်ကို ဝင်ထွက်သွားလာရင် ဖြတ်သွားတဲ့ရွာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်၊ တကျော့ပြန် ကချင်စစ်ပွဲတုန်းက စစ်ဘေးရှောင်တွေရော အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နမ်ဆန်ယန်နဲ့ လဂျားယန်က စစ်ရှောင်တွေပါ လာရောက်စုစည်းနေထိုင်လို့ လူဦးရေ ခြောက်ရာဝန်းကျင်ရှိတဲ့ရွာလို့ ဒေသခံတွေက ပြောပါတယ်။

ကေအိုင်အေဘက်က မုန်လိုင်ခက်မှာ စစ်ရှောင်တွေသာ နေထိုင်ပြီး တပ်စခန်းမရှိဘူးလို့ ငြင်းပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့ရဲ့ စစ်ကြောင်းတွေနဲ့ တပ်စခန်းတွေကို တိုက်ခိုက်နေတဲ့ ဒရုန်းတွေဟာ မုန်လိုင်ခက်က လာတယ်လို့ ပြောပါတယ်။

နယ်စပ်ဒေသတည်ငြိမ်ရေးကို အရေးထားလို့ တရုတ်နယ်စပ်မှာရှိတဲ့ ဒီဒေသကို ‘‘ဘာကြောင့်တိုက်ခိုက်ရမလဲ’’လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါပေမဲ့ ဒေသခံတွေကတော့ မုန်လိုင်ခက်ကို စစ်ကောင်စီရဲ့ အမြောက်ကုန်းတွေကနေ နေ့စဉ်လိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဟာ လိုင်ဇာကို တိုက်ရိုက်မတိုက်သေးဘဲ ဌာနချုပ်အနီးတဝိုက်ကို ဖိအားပေးတဲ့ဗျူဟာကိုကျင့်သုံးနေတာဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

ဘာလက်နက် နဲ့ တိုက်ခိုက်ခဲ့သလဲ

မနေ့ညပိုင်းကတော့ မုန်လိုင်ခက်ကို ဖျက်အားပြင်းလက်နက်ကြီးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူအစုလိုက်အပြုံလိုက် သေကြေပျက်ဆီးခဲ့ရပါတယ်။

‘‘ဗုံးကျတဲ့နေရာတဝိုက် မီတာ သုံးရာအတွင်းက အိမ်ထောင်စုတွေ အကုန်လုံးနီးပါး သေသွားတယ်’’ လို့ မုန်လိုင်ခက်ကို ရောက်နေတဲ့ ကူညီကယ်ဆယ်‌ရေးသမားတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရတဲ့လူတွေက မီတာသုံးရာ အပြင်ဘက်မှာ နေထိုင်တဲ့လူတွေလို့ သူကပြောပါတယ်။

လူအိပ်ချိန်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် မုန်လိုင်ခက်ကို လေကြောင်းက တိုက်သလား၊ လက်နက်ကြီးကျသလား၊ ဒရုန်းနဲ့ဗုံးကြဲသလား ဆိုတာကို အတိအကျ ပြန်မပြောနိုင်ကြပါဘူး။

ဒါပေမဲ့ လက်နက်ကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာကတော့ ကျင်းကြီးတစ်ခု ဖြစ်သွားပြီး သူ့ရဲ့ပြင်းအားကြောင့် အနီးဝန်းကျင်က လူနေအဆောက်အအုံတွေရော ကားတွေပါ ပျက်စီးခဲ့ရပါတယ်။

‘‘စွန့်ပစ်ထားတဲ့ မိုင်းတွင်းကြီးတစ်ခုလို ဖြစ်သွားတာ’’ လို့ လိုင်ဇာ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မုန်လိုင်ခက်ဟာ မြေတူးစက်နဲ့ တူးထားသလို တောင်ကတုံး ဖြစ်သွားပြီး ရွာ‌တစ်ရွာမျက်စိအောက်မှာ ပျောက်သွားသလိုပဲလို့ ကူညီကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။

ကေအိုင်အို ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူလည်း မုန်လိုင်ခက်ကို ရောက်နေပြီး စစ်တပ်က ဘာလက်နက်ကို အသုံးပြုခဲ့လဲဆိုတာ အဖြေရှာနေပါတယ်။

ဒဏ်ရာရသူ ၅၇ ဦးကို လိုင်ဇာဆေးရုံကိုပို့ထားပြီး သေဆုံးသူ ၂၉ ဦးကိုတော့ ဒီကနေ့မှာပဲ သင်္ဂြိုဟ်ခဲ့ပါတယ်။

ပုံမှန်ထက်အရွယ်အစားသေးငယ်တဲ့ ခေါင်းတလားတွေကို နာရေးမှာ တွေ့ခဲ့ရပြီး နောက်ဆုံးခရီးကို စောစီးစွာထွက်ခွာသွားကြရတဲ့ အပြစ်မဲ့ ကလေးတွေ ခေါင်းတလားထဲမှာ ငြိမ်သက်စွာ လဲလျောင်းနေပါတယ်။

သေဆုံးသူတွေထဲ ရင်ခွင်ပိုက်ကလေးတွေအပါအဝင် အသက်မပြည့်သေးသူ ၁၄ ဦး ပါဝင်တယ်လို့ လိုင်ဇာဆေးရုံကို သွားရောက်ခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်ရပ်မှာ သားသမီးတွေနဲ့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရသူတွေအတွက် မိသားဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းရတယ်လို့လည်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ပြောပါတယ်။

ကလေးငယ်တွေနဲ့ အရပ်သားပြည်သူတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်တွေ မဟုတ်ဘူးလို့လည်း UNICEF က ဆိုပါတယ်။

ဒါဟာ မနှစ်က ကေအိုင်အေ ထိန်းချုပ်နယ်မြေ အနန့်ပါမှာ ဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုပြီးတဲ့နောက် အသေအပျောက်အများဆုံး ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

မနှစ်က အောက်တိုဘာလ ၂၃ ရက် ညပိုင်းတုန်းက အနန့်ပါမှာလုပ်တဲ့ KIO ဖွဲ့စည်းမှုနှစ်ပတ်လည်နေ့အကြို ဖျော်ဖြေပွဲကို တက်ရောက်နေတဲ့ KIO အမှုထမ်းတွေနဲ့ အရပ်သား ၆၀ ကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖိတ်စာနဲ့အတူ ပါလာတဲ့ ပေါက်ကွဲမှု

စစ်ကောင်စီဟာ လာမယ့်ရက်ပိုင်းအတွင်းကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရှစ်နှစ်ပြည့်ကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

နေပြည်တော်မှာ လုပ်မယ့် ဒီအခမ်းအနားကို တက်ရောက်ဖို့ KIO ကိုလည်း ဖိတ်ကြားထားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

‘‘သူတို့က ပါးစပ်ကသာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ပြောနေပေမဲ့ အခုလို လုပ်တာက လူမျိုးတုံးလုပ်တာလို့ပဲ ခံယူပါတယ်။ ကျွန်တော်တို့ ဌာနချုပ်ကို ဒီလောက်ကြီးလုပ်တာကတော့ ကျွန်တော်တို့ကို ခြိမ်းခြောက်တာပဲဖြစ်ပါတယ် '' လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း မုန်လိုင်ခက် ဖြစ်စဉ်ကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။

NCA နှစ်ပတ်လည်ကို စစ်ကောင်စီက KIA ကိုဖိတ်ပေမယ့်လို့ စစ်ကိုင်းတိုင်းထဲက PDF တွေကို ကေအိုင်အေ က ကူညီထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နှစ်ဖက်ဆက်ဆံရေးက မကောင်းလှပါဘူး။

ဒီနှစ်ထဲမှာ လိုင်ဇာအနီးတဝိုက်အထိ တိုက်ပွဲတွေရောက်လာပြီး စစ်ရှောင်တွေဟာ မုန်လိုင်ခက်မှာ လာစုနေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီက လိုင်ဇာနဲ့အနီးတဝိုက်ကို ဇူလိုင်လ နောက်ပိုင်းကစလို့ လက်နက်ကြီးနဲ့ နေ့စဉ်လိုလို ပစ်ခတ်နေတယ်လို့ ‌လိုင်ဇာဒေသခံတွေက ပြောပါတယ်။

‘‘ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပဲပြောရမလား အထိအခိုက်မရှိခဲ့တာ။ ဒီမှာက အခြေအနေက တည်ငြိမ်တယ်ဆိုတာမရှိပါဘူး။ ’’ ‌လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ပထမကော်မတီရဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဥ်မှာ မုန်လိုင်ခက် တိုက်ခိုက်မှုကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ကို အပြည့်အဝ လက်နက်ပိတ်ပင်တာ၊ တိုက်လေယာဥ်ဆီတွေ တင်သွင်းမှု ရပ်ဆိုင်းတာကို အမြန်ဆောင်ရွက်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာက အစ္စရေး-ဟားမက်စ် စစ်ရေးပဋိပက္ခကို အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက စစ်ရာဇဝတ်မှုတစ်ခု ထပ်မံကျူးလွန်လိုက်တာလို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။