ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာကွယ်ဆေးထိုးခွင့်မရတဲ့ ကလေးအများဆုံးနိုင်ငံထဲမှာ မြန်မာပါဝင်
ကာကွယ်ဆေးထိုးခွင့်မရတဲ့ ကလေးအများဆုံး ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ပါဝင်နေပြီး ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ကလေး အယောက် ၁၀၀ မှာ အယောက် ၆၀ ဟာ မွေးကင်းစအရွယ်မှာ မဖြစ်မနေထိုးရမယ့် ကာကွယ်ဆေးတစ်ကြိမ်တောင် ထိုးခွင့်မရဘူးလို့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်လိုက်တာပါ။
ကလေးငယ်တွေ ကာကွယ်ဆေးထိုးခွင့်ဆုံးရှုံးရတာက ကိုဗစ်ကပ်ရောဂါဘေး နောက်ဆက်တွဲနဲ့ ပဋိပက္ခတွေကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကြောင်းထိုးတာတွေကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့က ကလေး ၈၀ ရာခိုင်နုန်းဟာ ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် ကာကွယ်ဆေးထိုးခွင့်မရကြဘူးလို့ CDM ကျန်းမာရေးတာဝန်ခံ ဆရာဝန်တစ်ယောက်က ပြောပါတယ်။
အဲ့လို ကလေးတွေမှာ ကာကွယ်ဆေးထိုးရမယ့် ရောဂါတချို့တွေ့နေရပြီး ဒီနှစ် ၂၀၂၂ ခုနှစ်ထဲမှာ ကလေး ၂ ယောက်သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။
“ကလေးတွေမှာ ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ ဝက်သက်ရောဂါတွေ ပြန်ဖြစ်တဲ့ အနေအထား တွေ့ရတယ်။ “
“ကျွန်တော်တို့ဆီ ရောက်လာတာ နောက်ကျပြီး ဝမ်းပျက်ဝမ်းလျှောနဲ့ အချိန်မီ မကုနိုင်တာ၊ ဆုံးရှုံးတာမျိုး တွေ့နေရတယ်” လို့ ဆိုပါတယ်။
အသည်းရောင်အသားဝါ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် အပါဝင် ရောဂါကာကွယ်ဆေးတွေကို ကလေးငယ်တွေဟာ အသက်မွေးကင်းစကနေ အသက် ၁၀ နှစ်အထိ ကာလအပိုင်းအခြားအလိုက် ကာကွယ်ဆေးထိုးကြရတာပါ။
နိုင်ငံတော်အဆင့်ကနေ တနိုင်ငံလုံးအတိုင်းအတာထိ ကာကွယ်ဆေးထိုးရတဲ့ ရောဂါတွေဖြစ်တာကြောင့် ကာကွယ်ဆေးထိုးခွင့်မရတဲ့ကလေးတွေဟာ အဲ့ဒီရောဂါတွေဖြစ်လာရင် အသက်အန္တရာယ်ရှိလာနိုင်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
မြို့ပြလို နေရာမျိုးမှာရှိတဲ့ကလေးတွေကတော့ ကာကွယ်ဆေးထိုးခွင့်ရပေမဲ့ အချိန်အကြာကြီးပေးရတယ်လို့ ထားဝယ်မြို့က အသက် ၇ လအရွယ် ကလေးမိခင်တစ်ယောက်က ပြောပါတယ်။
“အရင်တုန်းကဆိုရင် ကိုယ့်မြို့နယ်မှာ ကိုယ်ထိုးရတယ်။ အခုက ထားဝယ်မြို့ပေါ်မှာ သွားထိုးရတယ်။ မြို့နယ် လေးမြို့နယ်စလုံး အဲဒီမှာ လာစုကြတယ်ဆိုတော့ အချိန်ပိုပေးရတယ်။ “
“ကိုယ့်ရွာမှာပဲ ကိုယ်ထိုးရတော့ အချိန်က နာရီဝက်လောက်ပဲ ပေးရတဲ့အချိန်က အခုက နေ့တစ်ဝက်လောက်ပေးရတယ်။ သွားရလာရတဲ့ အချိန်တွေနဲ့ ဆိုရင်။ ခရီးက ပိုဝေးတာကိုး။”
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကတော့ ကလေးငယ်တွေကို ပုံမှန်ကာကွယ်ဆေးထိုးမယ့်အစီအစဉ်တွေကို ပြန်အကောင်ထည်ဖော်သွားမယ့်အကြောင်း ဒီရက်ပိုင်းအတွင်းမှာ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
ပဋိပက္ခဖြစ်ပွားနေတဲ့ ချင်း၊ မကွေး၊ စစ်ကိုင်း၊ ကရင်နီ စတဲ့ ဒေသတွေမှာတော့ ထိုးလို့ရတဲ့နေရာတွေမှာ တတ်နိုင်သမျှ ထိုးသွားပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာအရဆိုရင် ၂၀၂၁ ခုနှစ်တစ်ခုတည်းမှာ ကလေး ၂၅ သန်းဟာ ဆုံဆို့၊ကြက်ညှာ၊မေးခိုင် ကာကွယ်ဆေး တစ်ကြိမ် ဒါမှမဟုတ် တစ်ကြိမ်မက မထိုးခဲ့ရဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီအရေအတွက်ဟာ ၂၀၂၀ မှာ ဆေးမထိုးခဲ့ရတဲ့ ကလေးထက် ၂ သန်း၊ ၂၀၁၉ မှာ ဆေးမထိုးခဲ့ရတဲ့ ကလေးထက် ၆ သန်း ပိုများလာတာ ဖြစ်ပြီး ဒါဟာ ကာကွယ်လို့ရတဲ့ ရောဂါတွေကို မကာကွယ်ခဲ့ရတဲ့ ကလေးတွေ အရေအတွက် များလာတဲ့ အန္တရာယ်ကို မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။
အဲဒီ ၂၅ သန်းထဲက ၁၈ သန်းဆိုရင် ဆုံဆို့၊ကြက်ညှာ၊မေးခိုင် ကာကွယ်ဆေးကို တစ်ကြိမ်မှတောင် မထိုးလိုက်ရကြောင်းနဲ့ အဲဒီကလေးတွေဟာ ဝင်ငွေ နည်းပါတဲ့နိုင်ငံနဲ့ ဝင်ငွေ အလယ်အလတ်ရှိနိုင်ငံတွေက ဖြစ်ကြောင်း ဆိုပါတယ်။
အဲဒီနိုင်ငံတွေထဲမှာ ၂၀၁၉ နဲ့ ၂၀၂၁ အတွင်း ဆေးတစ်ကြိမ်မှ မထိုးလိုက်ရတဲ့ ကလေးတွ အများဆုံးနိုင်ငံက မြန်မာနဲ့ မိုဇမ်ဘစ် နိုင်ငံတွေက ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။