မိုးညှင်း၊ နန်းမား ပထမဆုံး တိုက်ပွဲ- အရပ်သားတစ်ဦး သေဆုံး၊ ဒဏ်ရာရသူတချို့ရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် နန်းမားမြို့က တောင်အင်းရွာနဲ့ နန့်ဆလှော် ရွာဘက်မှာ ဒီကနေ့ မနက်ပိုင်း (မေလ ၁၂) ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်လို့ ဒေသခံတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နန်းမားရန်အောင်ရပ်ကွက်ထဲက ဝက်ခုံ (ဝက်သားရောင်းတဲ့အိမ်)ကို လက်နက်ကြီး ကျတယ်တဲ့။ တစ်ယောက်သေတယ်။ နှစ်ယောက်ကတော့ မြစ်ကြီးနားဆေးရုံ ပို့လိုက်တယ်လို့ ကြားတယ်“လို့ တောင်အင်းရွာကနေ နန်းမားမြို့ ထဲ တိမ်းရှောင်လာတဲ့ တောင်အင်းဒေသခံက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် တောင်အင်းရွာအစပ်နားက နန်းမားရန်အောင်ရပ်ကွက်က အိမ်တစ်အိမ်ကို လက်နက်ကြီးကျပြီး အိမ်တစ်အိမ် ပျက်စီးခဲ့သလို လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲ ဘာကြောင့် ဖြစ်တယ်ဆိုတာကို ဒေသခံတွေအနေနဲ့ အတိအကျ မသိကြပါဘူး။

ဒါပေမဲ့ အခု တိုက်ပွဲကြောင့် တိမ်းရှောင်ကြရတဲ့ ရွာတွေနဲ့ မလှမ်းမကမ်းက နန်းမားတကြောက တောတောင်တွေထဲမှာ ကချင်လွတ်မြောက်ရေးတပ်- ကေအိုင်အေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနေတယ်လို့ ဒေသခံတွေ သိရှိထားကြပြီး အဲဒီနေရာတွေကို စစ်ကောင်စီတပ်တွေ လာရောက်ရင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာလို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ဒီတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်ကရော စစ်ကောင်စီဘက်ကရော ထုတ်ဖော်ပြောကြားတာ မတွေ့ရသေးပါဘူး။

တယ်လီဂရမ်က သတင်းချန်နယ်တချို့မှာတော့ မေလ ၁၁ ရက် မနက် ၂ နာရီလောက်မှာ "နန်းမားနယ်မြေရဲစခန်းကို ပီဒီအက်ဖ်တွေက ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခဲ့တယ်"ဆိုတဲ့ ဖော်ပြချက်တချို့ကို တွေ့ရပါတယ်။

ဒေသခံတွေကတော့ မနက် ၇ နာရီ ဝန်းကျင်မှာ လက်နက်ကြီးသံ၊ လက်နက်ငယ်သံတွေကို နန့်ဆလှော်ရွာဘက်ကနေ စတင်ကြားလာရတာဖြစ်တယ်လို့ ဆိုပါတယ်။

၈ နာရီလောက်မှာတော့ တောင်အင်းရွာထိပ် တံတားနားမှာ အသံနီးနီးကပ်ကပ် ကြားလာရပြီး ထွက်ပြေးချင်သူတွေဟာ တံတားကို ဖြတ်ပြီးပြေးချိန်မရှိတော့တဲ့အတွက် တောင်အင်းဒေသခံတချို့ ထွက်ပြေးမရ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ထွက်ပြေးလို့ရသူခဲ့တဲ့ တောင်အင်းရွာက ဒေသခံတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်ရင်း တချို့က စိုက်ပျိုးခင်းတွေဘက် ရောက်ရှိသွားကြသလို တချို့ကတော့ နန်းမားမြို့ထဲဘက်ကို တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အခုတော့ တိတ်သွားပြီး အသံတွေက (မွန်းလွဲ ၂ နာရီ)။ အခုထိတော့ နန့်ဆလှော်ရွာထဲကို မပြန်သေးဘူး။ မတော်လို့ အောက်ပိုင်းက(စစ်ကိုင်းဘက်က)တွေလို လေယာဉ်နဲ့ ဗုံးလာကျဲမှာ ကြောက်လို့။ အခုတောင် ညကို ဒီမှာ (စိုက်ပျိုးခင်းထဲကတဲ) အိပ်မလို့” လို့ နန့်ဆလှော်ဒေသခံတစ်ယောက်က ပြောပါတယ်။

“ဒီတစ်ခါပဲ ဖြစ်ဖူးတာ မနေ့တုန်းက စစ်သားတွေကို နန့်ဆလှော်ဘုန်းကြီးကျောင်းမှာ မြင်တယ်။ အဲဒါ ဒီမနက် နန့်ဆလှော်ဘုန်းကြီးကျောင်းကနေ စစ်ကောင်စီ(တပ်)တွေက လမ်းအထွက်မှာ ဘယ်လောက်မှ မကြာဘူး ဖြစ်ကြတာ”လို့ အဲဒီဒေသဘက်မှာ ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ်လာတဲ့အကြောင်းကို သူက ဆက်ပြောပါတယ်။

ဒါ့အပြင် နန့်ဆလှော်ဒေသခံတွေကလည်း အစပိုင်းမှာ တိုက်ပွဲ နည်းနည်းပါးပါးသာ ဖြစ်မယ်အထင်နဲ့ အိမ်တွေမှာ ပုန်းနေရာကနေ လက်နက်ကြီးသံတွေ၊ လက်နက်ငယ်သံတွေ အဆက်မပြတ် ကြားလာရတာကြောင့် ဘေးလွတ်ရာ စိုက်ပျိုးခင်းတွေဘက်ကို ထပ်မံတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နန်းမားမြို့ဟာ ခြောက်ကပ်နေပြီး နန့်ဆလှော်ရွာဘက်မှာလည်း မနက်အစောပိုင်းက တိမ်းရှောင်သူတွေသာ တိမ်းရှောင်လို့ရတာဖြစ်ပြီး ရွာထဲကျန်နေတဲ့သူတွေကတော့ ရှောင်လို့မရတော့ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲရှောင်ရင်း မိုးညှင်းမြို့ဘက်ကို ရောက်လာသူတွေကတော့ မိုးညှင်းမှာ ဒီကနေ့မှာပဲ အိမ်ငှားရမ်းမှုတွေ ရှိနေတယ်လို့ မိုးညှင်းဒေသခံက ဆိုပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် တိမ်းရှောင်ရတဲ့ နန်းမားမြို့အနီးက ရွာတွေကတော့ တစ်ဆက်တည်းရွာတွေဖြစ်တဲ့ နန့်ဆလှော် ၊ တောင်အင်း၊ အောင်မြေတို့ဖြစ်ပြီး ဘုရားကြီးဝန်းဘက်က ဒေသခံတချို့ လည်း တိမ်းရှောင်ကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တိမ်းရှောင်နေတဲ့ ဒေသခံ အများစုဟာ ညပိုင်းမှာ စစ်ကိုင်းတိုင်းဘက်မှာလို လေယာဉ်နဲ့ဗုံးကျဲမှာကို စိုးရိမ်လို့ ပြန်အိပ်ကြဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အခု တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ဘယ်လောက်ရှိတယ် ဆိုတာ မသိရဘဲ ထွက်ပြေးလာသူတွေဟာ တကွဲတပြားစီ ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာ နန်းမားမြို့မှာလည်း လူမရှိတော့တာကြောင့် တိမ်းရှောင်ကြရသူတွေကို ကူညီပေးသူတွေလည်း မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။