ပါရီမြို့ Louvre ပြတိုက် လုယက်ခံရမှု နောက်ဆုံးသိရသမျှ

လုဗ် ပြတိုက်ကို အစိမ်းရောင် နောက်ခံနဲ့ မြင်တွေ့ရတာဖြစ်ပြီး အောက်တိုဘာ ၁၉ ရက် ပြတိုက်က ရတနာတွေ အခိုးခံရမှုမှာ ပါသွားတယ်လို့ဆိုတဲ့ ပုလဲနဲ့စိန် မွှမ်းထားတဲ့ ပြင်သစ်နန်းဝင် သရဖူကို အဖြူရောင် အဝါရောင် ပေါင်းစပ် ဓာတ်ပုံအဖြစ် ပေါင်းထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြင်သစ်နိုင်ငံ၊ ပါရီမြို့က ကမ္ဘာကျော် လုဗ်(Louvre)ပြတိုက်မှာ လုယက်မှုဖြစ်လို့ ပြတိုက်ကို ပိတ်ထားလိုက်ရပါတယ်။

ရတနာခိုးသူတွေဟာ ကမ္ဘာမှာ ဧည့်သည်လာရောက်ကြည့်ရှုလေ့လာမှု အများဆုံးပြတိုက်ထဲကို နေ့ခင်း လင်းလင်းချင်းချင်းမှာ ဝင်ခိုးသွားတာဖြစ်ပြီး ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားတာပါ။

ရဲက သူခိုးတွေကို ပိုက်စိပ်တိုက်ရှာနေပါပြီ။

အဖိုးတန်ရတနာတွေ အခိုးခံရမှုနဲ့ ဘယ်လိုရတနာတွေပါသွားလဲဆိုတာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

လုဗ် ပြတိုက် အပြင်ပိုင်းကို ပြသထားတဲ့ ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, EPA/Shutterstock

ဓာတ်ပုံ ပုံစာ, ပြတိုက်ဟာ ကမ္ဘာမှာ နာမည်အကျော်ကြားဆုံး ပြတိုက်ကြီးတွေထဲက တစ်ခုဖြစ်ပါတယ်

ပြင်သစ်ယဥ်ကျေးမှုဝန်ကြီး ရာချီဒါ ဒါတီကတော့ လုယက်မှုဟာ တနင်္ဂနွေနေ့ မနက်ခင်းပိုင်း ပြတိုက်ဖွင့်ဖို့လုပ်နေချိန်မှာဖြစ်ခဲ့တာလို့ လူမှုကွန်ရက် X (အရင်က တွစ်တာ) အကောင့်မှာ ရေးတင်ပါတယ်။ သူကိုယ်တိုင်လည်း အခင်းဖြစ်တဲ့နေရာကို ရောက်နေပြီး ရဲက စုံစမ်းစစ်ဆေးမှု စလုပ်နေပြီလို့ပြောပါတယ်။

အဲဒီနောက် အခိုးခံလိုက်ရတဲ့ရတနာတစ်ခုကို အခင်းဖြစ်တဲ့နေရာကနေ ပြန်တွေ့ထားတယ်လို့သူက ပြောပါတယ်။ ပစ္စည်းကျကျန်ခဲ့တာလို့ မှတ်ယူထားပါတယ်။ ဒါတီကတော့ အဲဒီပစ္စည်းကို ဆန်းစစ်နေပြီလို့ပြောပါတယ်။ နောက်ပိုင်းမှာ အဲဒီပစ္စည်းတွေဟာ နန်းစဉ်ရတနာအချို့လို့ ထုတ်ပြန်ပါတယ်။

သူခိုးတွေအကြောင်းပြောရာမှာမှာတော့ ဝန်ကြီးက ''သူတို့ဟာ ဆရာကျကျ ခိုးသွားတာ၊ အကြောက်အလန့်မရှိ၊ ရုန်းရင်းဆန်ခတ်တာမရှိဘဲ လုပ်သွားတာ'' လို့ ပြောပါတယ်။

ပြတိုက်ဘက်ကတော့ ''အခြေအနေ အကြောင်းကြောင်းကြောင့်'' ဒီနေ့ ပြတိုက်ပိတ်မယ်လို့ အစောပိုင်းမှာ ပြောပြီး အသေးစိတ်တော့ ထုတ်မပြောပါဘူး။

လုဗ်ပြတိုက်ဟာ ကမ္ဘာမှာ နာမည်အကျော်ဆုံး အနုပညာလက်ရာတွေနဲ့ အဖိုးတန်ရတနာ ပစ္စည်းတွေထားရှိရာပြတိုက်ဖြစ်ပြီး ကမ္ဘာမှာ လူအများဆုံး လာရောက်လည်ပတ်ကြည့်ရှုတဲ့ ပြတိုက်လည်းဖြစ်ပါတယ်။

စိန်းမြစ်ကို စီးမိုးမြင်နေရတဲ့ လမ်းမဘက်ခြမ်း အပိုလိုပြခန်း ပထမထပ်ကိုလှေကားထောင်ပြီး တက်သွားခဲ့ကြတာလို့ ပြင်သစ်အာဏာပိုင်တွေပြော
ဓာတ်ပုံ ပုံစာ, စိန်းမြစ်ကို စီးမိုးမြင်နေရတဲ့ လမ်းမဘက်ခြမ်း အပိုလိုပြခန်း ပထမထပ်ကိုလှေကားထောင်ပြီး တက်သွားခဲ့ကြတာလို့ ပြင်သစ်အာဏာပိုင်တွေပြော

လက်ရှိ သိထားရသမျှ

သူခိုး ၃ ယောက်ဟာ ပြတိုက်ရဲ့ အရှေ့တောင်ပိုင်းမှာ ပထမထပ်ကို တက်ဖို့ ပုံမှာပါတဲ့ ဆက်လှေကားကို အသုံးပြုခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုအတွင်း မြင်တွေ့ခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Mohammed Badra/EPA/Shutterstock

ဓာတ်ပုံ ပုံစာ, သူခိုး ၃ ယောက်ဟာ ပြတိုက်ရဲ့ အရှေ့တောင်ပိုင်းမှာ ပထမထပ်ကို တက်ဖို့ ပုံမှာပါတဲ့ ဆက်လှေကားကို အသုံးပြုခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုအတွင်း မြင်တွေ့ခဲ့ရ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘီဘီစီသတင်းရဲ့ ပါရီမြို့အခြေစိုက် သတင်းထောက် ဟု စကိုးဖီးကတော့ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၃ ဦးဟာ ပြင်သစ်စံတော်ချိန် တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ပြတိုက်ဖွင့်ချိန် ပြတိုက်ထဲ ဝင်ခဲ့တာလို့ ပြင်သစ် မီဒီယာတွေကို ကိုးကားပြီးပြောပါတယ်။

ပြင်သစ် ပြည်ထဲရေးဝန်ကြီးကတော့ ဒေသစံတော်ချိန် မနက် ၉ နာရီခွဲမှာ လူအတော်များများဟာ သူတို့ ထိုးခွဲခဲ့တဲ့ ပြတင်းပေါက်ကနေ တဆင့် အပိုလိုပြခန်းထဲကို ဝင်ရောက်သွားတယ်လို့ ပြောပါတယ်။ စိန်းမြစ်ကို စီးမိုးမြင်နိုင်တဲ့ ဒီပြခန်းဟာ ပြင်သစ်သရဖူ ရတနာတွေ ထားရှိတဲ့နေရာလည်းဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီး လောဟွန့် နျူးကတော့ သူခိုး ၄ ယောက်ထဲက ၃ ယောက်ဟာ အဆောက်အဦ ဘေးနားမှာရှိတဲ့ ထရပ်ကားတစ်စီးပေါ်က အထောင်လှေကားကို သုံးခဲ့တယ်လို့ ပြောပါတယ်။

အထဲရောက်တဲ့အခါ သူခိုးတွေဟာ ခင်းကျင်းပြထားတဲ့ ရတနာတွေကို ခိုးယူပြီး အခင်းဖြစ်တဲ့နေရာကနေ မော်တော်ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားတယ်လို့ပြောပါတယ်။ ဝန်ကြီးအပြောအရဆိုရင် လုယက်မှုလုပ်သွားတဲ့ကြာချိန်ဟာ ၇ မိနစ်ပဲ ရှိတယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးသူတွေကတော့ ဘယ်ပစ္စည်းတွေ အခိုးခံလိုက်ရလဲဆိုတာကို စာရင်းလုပ်နေပြီဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဒီပစ္စည်းတွေဟာ ပကတိတန်ဖိုးအပြင် သမိုင်းကြောင်းနဲ့ ယဥ်ကျေးမှုအရလည်း တန်ဖိုးကြီးမားလှတယ်လို့ပြောပါတယ်။

အခိုးခံလိုက်ရတဲ့ ရတနာတွေ စာရင်းထွက်လာ

စိန်တွေနဲ့ ပုလဲတွေ ပြုလုပ်ထားပြီး ဧကရီ ယူဂျင်း ဆင်မြန်းခဲ့တဲ့ သရဖူလည်း အခိုးခံခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Louvre Museum

ဓာတ်ပုံ ပုံစာ, ဧကရီ ယူဂျင်း ဆင်မြန်းခဲ့တဲ့ သရဖူလည်း အခိုးခံခဲ့ရ

ပြင်သစ်အာဏာပိုင်တွေ အပြောအရ အခိုးခံလိုက်ရတဲ့ ရတနာပစ္စည်း ၈ မျိုးရှိပြီး ဘယက်တွေ၊ ရင်ထိုးတွေ၊ နားဆွဲတွေ ပါဝင်ပါတယ်။ အားလုံးဟာ ၁၉ ရာစု လက်ရာတွေဖြစ်ပြီး ပြင်သစ်ထီးနန်းစိုးခံခဲ့သူတွေ ဒါမှမဟုတ် တော်ဝင်သွေးတွေ ဆင်မြန်း ပိုင်ဆိုင်ခဲ့တဲ့ရတနာတွေ ဖြစ်ပါတယ်။

ပြင်သစ် ယဉ်ကျေးမှု ဝန်ကြီးဌာနကတော့ အခိုးခံလိုက်ရတဲ့ ရတနာတွေထဲမှာ

  • နပိုလီယန် ၃ ရဲ့ ကြင်ရာ ဧကရီ ယူဂျင်းပိုင်တဲ့ သရဖူနဲ့ ရင်ထိုး
  • ဧကရီ မာရီ လူဝီ ဆင်မြန်းခဲ့တဲ့ မြဘယက်နဲ့ မြနားဆွဲ
  • ကြင်ရာတော် မိဖုရား မာရီ အာမလီနဲ့ ဟိုတန်တို့ ပိုင်တဲ့ နီလာ နားဆွဲ၊ ဘယက်နဲ့ သရဖူ
  • ''ကြုတ်ရင်ထိုး'' လို့ခေါ်တဲ့ ရင်ထိုးတစ်ခု တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရတနာပစ္စည်းတွေကို စိန်နဲ့ တခြားအဖိုးတန်ကျောက်မျက်ပွင့် ထောင်ချီနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

ဧကရီ ယူဂျင်း ဆင်ခဲ့တဲ့ သရဖူ အပါအဝင် နောက်ထပ် ပစ္စည်းနှစ်ခုကိုတော့ အခင်းဖြစ်တဲ့နေရာမှာပဲ တွေ့ခဲ့ရပြီး သူခိုးတွေ ထွက်ပြေးဖို့ လုပ်နေချိန်မှာ ကျခဲ့တာလို့ မှတ်ယူထားပါတယ်။

အခုတော့ အာဏာပိုင်တွေဟာ ပြန်တွေ့ထားတဲ့ပစ္စည်း နှစ်ခု ဘယ်လောက် ထိခိုက်ပျက်စီးသွားလဲဆိုတာကို စစ်ဆေးနေကြပါပြီ။

မြပြာနဲ့ စိန်တွေ ရောယက်ထားတဲ့ ငွေ ဘယက်တစ်ခု

ဓာတ်ပုံ ရင်းမြစ်, Louvre Museum

ဓာတ်ပုံ ပုံစာ, အခိုးခံလိုက်ရတဲ့ ရတနာတွေထဲ ဘုရင် လူဝီ ဖိလစ် ၁ ရဲ့ကြင်ရာတော် မိဖုရား မာရီ အာမလီ ဝတ်ဆင်ခဲ့တဲ့ ရတနာအချို့လည်း ပါဝင်
လုဗ် ပြတိုက်ကနေ အခိုးခံလိုက်ရတဲ့ မြပြာနဲ့ စိန်တွေ ရောယက်ထားတဲ့ ငွေ သရဖူတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Louvre Museum

ဓာတ်ပုံ ပုံစာ, မာရီ အာမလီ ဆင်မြန်းခဲ့တဲ့ သရဖူ အခိုးခံလိုက်ရပေမဲ့ မင်းသမီး ယူဂျင်း ဆောင်းခဲ့တဲ့ သရဖူကိုတော့ သူခိုးတွေ ထွက်ပြေးဖို့လုပ်တုန်း ကျကျန်ခဲ့
မာရီ လူဝီ ဆင်မြန်းခဲ့တဲ့ ဘယက်နဲ့ နားဆွဲ တစ်စုံလည်း ပျောက်တဲ့ရတနာတွေထဲ ပါဝင်

ဓာတ်ပုံ ရင်းမြစ်, Louvre Museum

ဓာတ်ပုံ ပုံစာ, မာရီ လူဝီ ဆင်မြန်းခဲ့တဲ့ ဘယက်နဲ့ နားဆွဲ တစ်စုံလည်း ပျောက်တဲ့ရတနာတွေထဲ ပါဝင်

လုဗ် ပြတိုက်အနီးမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် အန်ဒရူး ဟာဒင်းကတော့ ပြင်သစ် ရဲတပ်ဖွဲ့ဟာ ပြတိုက်ကိုသွားမယ့်နေရာတွေကို ပိတ်ထားလိုက်ပြီး အဲဒီထဲမှာ ပြတိုက်အရှေ့ မြစ်ကမ်းဘေးက လမ်းမလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးသူတွေဟာ စိန်းမြစ်ကို စီးမိုးမြင်ရတဲ့ အဆောင်အဦ အနောက်တောင်ပိုင်းကို အာရုံထား စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

သူခိုးတွေ ထောင်တက်သွားတဲ့လှေကား ခပ်ကြီးကြီးကို ခပ်လှမ်းလှမ်းကတောင် မြင်နိုင်ပါတယ်။ မီးသတ်ကားတွေမှာ အထပ်မြင့်တက်ဖို့ ချိတ်ဆက်ထားတဲ့လှေကားနဲ့တူပါတယ်။

အဲဒီလှေကားကို ပါရီမြို့မှာ အထပ်မြင့်တွေကို ပရိဘောဂပစ္စည်းတွေ တင်ရာမှာ သုံးလေ့ရှိတဲ့ မတင်နိုင်တဲ့စင်နဲ့ချိတ်ဆက်ထားပါတယ်။

လှေကားထိပ်က လေသာဆောင်နဲ့ ထိနေပြီး အဲဒီနေရာဟာ သူချိုးတွေ ပြတိုက် ပထမအထပ်ပိုင်းတွေကို တက်သွားခဲ့တယ်လို့ မှတ်ယူရပါတယ်။

ပြတိုက်ထဲကို မဝင်နိုင်တဲ့ခရီးသွား ဧည့်သည်တွေလည်း လမ်းပေါ် စု ခဲ့ကြပါတယ်။

အကွက်ကျကျ လုယက်မှုလို့ မှတ်ယူပြီး စုံစမ်းစစ်ဆေးမှု စတင်နေပြီလို့ ပါရီအစိုးရရှေ့နေရုံးက အတည်ပြုပြောပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အကွက်ကျကျ လုယက်မှုလို့ မှတ်ယူပြီး စုံစမ်းစစ်ဆေးမှု စတင်နေပြီလို့ ပါရီအစိုးရရှေ့နေရုံးက အတည်ပြုပြောပါတယ်

သူခိုးတွေ ပစ်မှတ်ထားခဲ့တယ်လို့ မှတ်ယူနိုင်တဲ့ အပိုလို ပြခန်းဟာ ပြင်သစ် နန်းဝင် ရတနာပစ္စည်းတွေ ခင်းကျင်းပြသထားတဲ့နေရာဖြစ်ပါတယ်။

အဲဒီရတနာတွေဟာ ပြင်သစ်တော်လှန်ရေးအပြီးမှာ ပျောက်ဆုံးတာနဲ့ ရောင်းချခံရတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နန်းဝင်ရတနာတွေထဲက တန်ဖိုးရှိပစ္စည်းအတော်များများ ကျန်နေဆဲဖြစ်ပါတယ်။​

အဲဒီမှာ ပြသထားတဲ့ပစ္စည်းတွေဟာ ပြင်သစ်တော်လှန်ရေးအပြီးမှာ ဧကရာဇ် နပိုလီယန်၊ တူတော်မောင် နပိုလီယန် ၃ နဲ့ သူ့ ကြင်ရာတော်တွေဖြစ်တဲ့ ဧကရီ မယ်လီ လူဝီနဲ့ ယူဂျင်းတို့ ဆင်မြန်း ပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းတွေလည်း ပါဝင်ပါတယ်။

ပြတိုက် အင်တာနက်စာမျက်နှာမှာတော့ ပြခန်းထဲ အဖိုးတန်ဆုံး စိန်တုံးကြီး ၃ တုံးရှိပြီး အဲဒီ စိန်တုံးကြီးတွေကို Regent၊ Sancy နဲ့ Hortensia လို့ နာမည်ပေးထားပါတယ်။

ကမ္ဘာမှာ အကြီးဆုံးပြတိုက်ကြီး

လုယက်မှုပြီးတဲနောက်မှာ ပြတိုက် အရှေ့တောင်ဘက်ခြမ်းကို အာဏာပိုင်တွေက ပိတ်လိုက်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Mohammed Badra/EPA/Shutterstock

ဓာတ်ပုံ ပုံစာ, လုယက်မှုပြီးတဲနောက်မှာ ပြတိုက် အရှေ့တောင်ဘက်ခြမ်းကို အာဏာပိုင်တွေက ပိတ်လိုက်ပါတယ်

ပါရီမြို့မှာရှိတဲ့ လုဗ် ပြတိုက်ဟာ ကမ္ဘာမှာ အကြီးဆုံး ပြတိုက်ကြီးဖြစ်ပြီး ပြပွဲနေရာအကျယ်ဟာ စတုရန်း မီတာ ၇၃၀၀ နီးပါးရှိပါတယ်။ ဒီအကျယ်ဟာ ဘောလုံးကွင်း ၁၀ ကွင်းထက်ကို ကျယ်တဲ့ ပမာဏပါ။

ပြင်သစ်တော်ဝင်မိသားစုအတွက် နန်းတော်အဖြစ် ၁၅၄၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံး စံမြန်းခဲ့တာက ဘုရင် ဖရန့်စစ် ၁ ပါ။ သူဟာ အနုပညာချစ်မြတ်နိုးသူဖြစ်သလို လုဗ်ကို သူ့ကိုယ်ပိုင်း အနုပညာပစ္စည်းတွေ ပြသရာမှာ အသုံးပြုဖို့ ရည်ရွယ်ခဲ့တာပါ။

အဲဒီနောက်ပိုင်း ပြင်သစ်ဘုရင်တွေဟာ နန်းဝင်အနုပညာလက်ရာတွေကို ဆက်ပြီး စုဆောင်းခဲ့ကြပါတယ်။ လူဝီဘုရင် ၁၄ ဆိုရင် အင်္ဂလိပ် စစ်ခင်းနဲ့ English Civil War အတွင်း ပထမဆုံး ချားလ်စ် ဘုရင်ကို ကွက်မျက်ပြီးတဲ့နောက်မှာ ချားလ်စ် ဘုရင် ပိုင်တဲ့ ပန်းချီတွေကို သိမ်းယူခဲ့ပါတယ်။​

အဲဒီလက်ရာတွေဟာ ၁၇၈၉ ပြင်သစ်တော်လှန်ရေး မစခင်အထိ အများစုဟာ အများပြည်သူကြည့်ရှုခွင့်မရှိဘဲ သီးသန့်ထိန်းသိမ်းထားခဲ့တာပါ။ ၁၇၉၉ ခုနှစ်မှာတော့ လုဗ်ကို ပြည်သူပိုင်အနုပညာပြတိုက်အဖြစ် ဖွင့်ခဲ့ပါတယ်။​

ဒီနေ့ခေတ်မှာတော့ လုဗ်ပြတိုက်မှာ ပန်းချီဆရာ လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဇာ ပန်းချီကားအပြင် အနုပညာလက်ရာပေါင်း ၃၅၀၀၀ ကျော်ကို ထားရှိပြသထားတဲ့နေရာဖြစ်ပါတယ်။

ပြတိုက်ကို နေ့စဥ် လူ ၃ သောင်း အထိ လာရောက် လေ့လာကြည့်ရှုပါတယ်။

လုဗ် ပြတိုက်က ပစ္စည်းတွေ အခိုးခံရလေ့ရှိလား

လုဗ်ပြတိုက်က ပစ္စည်းတွေ အခိုးခံရတာ ရှားတောင့်ရှားပါးဖြစ်ပါတယ်။ လုံခြုံရေး အထူး တင်းကျပ်ထားတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြစ်ဖူးပါတယ်။ နာမည်အကြီးဆုံးဖြစ်ရပ်ကတော့ ၁၉၁၁ ခုနှစ်မှာဖြစ်ပါတယ်။ အဲဒီတုန်းက လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဇာ ပန်းချီကား အခိုးခံလိုက်ရတာပါ။

ကဗျာဆရာ Guillaume Apollinaire နဲ့ ပန်းချီဆရာ ပါပလို ပီကာဆိုတို့နှစ်ဦးစလုံး ရဲက စုံစမ်းမေးမြန်းတာ ခံခဲ့ရပါတယ်။ ဒါပေမဲ့ လက်သည်ဟာ နိုင်ငံ့ဂုဏ်ဆောင်ပစ္စည်းဆိုပြီး ပန်းချီကားကို အီတလီကို ပြန်သယ်ချင်ခဲ့တဲ့ အီတလီ အမျိုးသားဖြစ်တယ်ဆိုတာ နောက်ပိုင်းမှာ ပေါ် ခဲ့ပါတယ်။

အခိုးခံရပြီး ၃ နှစ်အကြာမှာ ပန်းချီကားကို ဖလောရင့်စ်မြို့မှာ ပြန်တွေ့ပြီး ပါရီကို ပြန်သယ်ခဲ့ပါတယ်။ အဲဒီတုန်းက မိုနာ လီဇာ ပန်းချီကားဟာ ဒီနေ့ခေတ်မှာလောက် နာမည်မကျော်သေးပါဘူး။

ပြီးတော့ ၁၉၈၃ ခုနှစ်မှာလည်း ၁၆ ရာစု ချပ်ဝန်တန်ဆာတွေ ပျောက်ခဲ့ဖူးပြီး အဲဒီပစ္စည်းတွေကို ၂၀၁၁ ခုနှစ်ရောက်မှ ပြန်တွေ့ခဲ့ပါတယ်။​

နောက်ဆုံးဖြစ်ထားတဲ့ဖြစ်ရပ်ကတော့ ၁၉ ရာစု အနုပညာရှင် ကာမီးလ် ကိုဟောရဲ့ ပန်းချီကား ၁၉၉၈ ခုနှစ်မှာ အခိုးခံလိုက်ရတာဖြစ်ပါတယ်။​ ဆာ့လမ်းမလို့ နာမည်ပေးထားတဲ့ အဲဒီ ပန်းချီဟာ ဘယ်သူမှ သတိမထားလိုက်မိဘဲ ချိတ်ထားတဲ့နံရံကနေ အခိုးခံလိုက်ရတာဖြစ်ပါတယ်။

အဲဒီလိုအခိုးခံရမှုဖြစ်အပြီးမှာ ပြတိုက်မှာ လုံခြုံရေး အရင်နဲ့မတူ တိုးမြှင့်ခဲ့ပါတယ်။​ ဒါပေမဲ့ ပျောက်နေတဲ့ပန်းချီကားကိုတော့ ပြန်မတွေ့သေးပါဘူး။