လေဒီခင်၊ ဓားမိုးလက်ထပ်တဲ့ မင်္ဂလာပွဲနဲ့ ရဲချုပ်သမီး

ဓာတ်ပုံ ရင်းမြစ်, Kin Thida Oung
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
အသက် ၉၇ နှစ်အရွယ် ဒေါ်ခင်သီတာလွင် အမေရိကန်နိုင်ငံမှာ မကြာခင်က ကွယ်လွန်သွားပါတယ်။ Dawn ခင်သီတာအောင်လို့ တခေတ်က မြန်မာပြည်မှာ ထင်ရှားခဲ့တဲ့ ဒေါ်ခင်သီတာလွင်ဟာ မြန်မာပြည်က ထွက်ခဲ့တာ နှစ် ၆ဝ နီးပါးရှိခဲ့ပေမယ့် နိုင်ငံနဲ့ မိသားစုကို မမေ့နိုင်ဘဲ မိသားစု ဇာတ်ကြောင်းကို စာနှစ်အုပ် ရေးထုတ်ခဲ့ပါတယ်။ ၂ဝ ရာစု မြန်မာမိခင်ကြီး၊ မန္တလေးမှလမ်း ဆိုတဲ့ အင်္ဂလိပ်ဘာသာနဲ့ ပြုစုတဲ့ စာအုပ်တွေမှာ ၁၉ ရာစုကစပြီး မော်လမြိုင်၊ ပဲခူးနဲ့ ရန်ကုန်မှာ ကြီးပွားချမ်းသာခဲ့ကြတဲ့ မြေရှင်ကုန်သည် လူတန်းစားထဲက မိသားတစုအကြောင်းကို ခြယ်မှုန်းခဲ့ပါတယ်။
၁၉၂၀ ကျော်မှာ သူ့အဘိုး ဆာမောင်ခင် ပြည်ထဲရေးဝန်ကြီးချုပ်ဖြစ်စဉ်က အဘွား လေဒီခင်နဲ့ သူ့မိခင် အေမီခင်ခေါ် ဒေါ်ခင်ခင်အေးတို့ ရန်ကုန် လူမှုအထက်လွှာမှာ ကြီးစိုးခဲ့ပုံကို ခေတ်စနစ်နောက်ခံတွေနဲ့ ဒေါ်ခင်သီတာလွင် ရေးဖွဲ့ခဲ့ပါတယ်။
မြန်မာအမျိုးသမီးကဏ္ဍ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလို ရေးဖွဲ့ရာမှာ အစဉ်အလာ မြန်မာသမိုင်းဆရာတွေ လျစ်လျူရှုခဲ့တဲ့ အမျိုးသမီးတွေရဲ့ ကဏ္ဍကို အလေးပေး ရေးဖွဲ့ထားပြီး ပဒေသရာဇ်ခေတ်ကနေ အရင်းရှင်ခေတ်အကူး မြန်မာ၊ အင်္ဂလိပ်၊ အိန္ဒိယနဲ့ တရုတ်ယဉ်ကျေးမှုတွေ ကြီးစိုးတဲ့ ရန်ကုန်မြို့မှာ ကိုလိုနီခေတ် မြန်မာအမျိုးသမီးတွေ ဘယ်လိုနေထိုင်ခဲ့ကြသလဲ လူတန်းစားတခုရဲ့ မြင်ကွင်းအဖြစ် ခြယ်သခဲ့တာ ဖြစ်ပါတယ်။ မြန်မာသမိုင်းစာအုပ်တွေမှာ နိုင်ငံရေး၊ စီးပွားရေးအကြောင်းတွေ ရေးတာများပြီး လူမှုရေးနဲ့ ယဉ်ကျေးမှုအကြောင်း အသားပေးတာ ရှားသလို အမျိုးသမီး၊ ကလေးသူငယ်၊ ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေးအရ လူနည်းစုဖြစ်သူတွေအကြောင်း ရေးတာ ရှားတယ်ဆိုပြီး အစဉ်အဆက် ဝေဖန်ခံခဲ့ရပါတယ်။
မြန်မာပြည်လွတ်လပ်ရေးကို အရယူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူဖွဲ့ခဲ့တဲ့ တပ်မတော်အကြောင်း အသားပေးတဲ့ စာတွေ များတဲ့အချိန်မှာ အဲဒီခေတ်ထက်စောတဲ့ခေတ်က နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အမျိုးသမီးလောကအကြောင်းကို ဒေါ်ခင်သီတာလွင်ရဲ့ စာလက်ရာတွေက လှစ်ပြခဲ့ပါတယ်။
လေဒီခင်

ဓာတ်ပုံ ရင်းမြစ်, Kin Thida Oung
ပဲခူးက မြေပိုင်ရှင် သူဌေးသမီး ဒေါ်ခင်သန်းမေဟာ ရန်ကုန်က ဝတ်လုံတော်ရ မောင်ခင်နဲ့ လက်ထပ်ပြီး သားသမီးနှစ်ယောက် မွေးဖွားပါတယ်။ မောင်ခင်ဟာ ၁၈၉၈ မှာ လန်ဒန်မြို့ မစ်ဒဲလ်တမ်ပယ်ကျောင်းက ဝတ်လုံရှေ့နေပညာ သင်ယူခဲ့ပြီး ရန်ကုန်မှာ ရှေ့နေလိုက်ရင်း စမော်ကော်ရုံးခေါ် အသေးစားမှုခင်းများရုံး တရားသူကြီးအဖြစ် မြန်မာထဲက ပထမဆုံး ခန့်အပ်ခံရသလို ချိဖ်ကုတ်နဲ့ ဟိုက်ကုတ် တရားလွှတ်တော် တရားဝန်ကြီးရာထူးတွေကို မြန်မာထဲက ပထမဆုံး ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၂၃ ခုနှစ်မြန်မာပြည်ကို ဒိုင်အာခီ အုပ်ချုပ်ရေး ပေးချိန်မှာ ပထမဆုံးပြည်ထဲရေးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီး ဆာဘွဲ့ကိုလည်း မြန်မာလူမျိုးထဲက ပထမအဖြစ် ၁၉၂၄ မှာ အပ်နှင်းခံရပါတယ်။ ဆာမောင်ခင် ကွယ်လွန်တာ စောပေမယ့် အစောဆုံးထွန်းပေါက်ခဲ့တဲ့ မြန်မာဥပဒေအရာရှိကြီးအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wikipaedia
ဆာမောင်ခင်ကတော် လေဒီခင်ဟာ မော်လမြိုင်မြို့ကို တည်တဲ့ စစ်ကဲကြီး မောင်ထော်လေးရဲ့ သမက် စစ်ကဲမောင်ခိုင်ရဲ့မြစ်ဖြစ်ပြီး ၁၉၃၁ မန္တလေးမှာ သူကွယ်လွန်ချိန်မှာ မင်းဆွေမင်းမျိုးတွေအတွက် ထားရှိတဲ့ သင်္ချိုင်းတော်မှာ သင်္ဂြိုဟ်ခဲ့ကြပါတယ်။ သူ့အဘွားနာရေးကို လိုက်ပါပို့ဆောင်ကြတဲ့ မြို့ပေါ်က ကျောင်းတွေထဲမှာ အမျိုးသားကျောင်းလည်း ပါဝင်ပြီး အာဇာနည်ဖြစ်လာမယ့် ကျောင်းအုပ်ကြီး ဦးရာဇတ်လည်း ပါဝင်ကြောင်း ဒေါ်ခင်သီတာလွင် ပြန်ပြောင်းရေးပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လေဒီခင်ကို မြန်မာပြည်ရဲ့ အစောဆုံး ငါးထောင်စားခေါ် ၀န်ကြီးချုပ် ရာထူးရတဲ့ ဆာမောင်ခင်ရဲ့ ကတော်ကြီးအဖြစ် လူသိများပါတယ်။ သူနဲ့အတူ ငါးထောင်စားကတော်အဖြစ် ထင်ရှားခဲ့သူတွေက သစ်တောရေး၀န်ကြီးချုပ် ဆာဂျေအေမောင်ကြီးကတော် လေဒီဂျေအေမောင်ကြီးနဲ့ ပညာရေး၀န်ကြီးချုပ် ဆာအမ်အေမောင်ကြီးကတော် လေဒီကြီးတို့ ဖြစ်ကြပါတယ်။ ဆာမောင်ခင်ကို ဆက်ခံတဲ့ ဦးမေအောင်ရဲ့သား လွတ်လပ်ရေးခေတ် ရဲချုပ် ဦးထွန်းလှအောင်နဲ့ ဆာမောင်ခင်သမီး ဒေါ်ခင်ခင်အေးတို့ လက်ထပ်ကြတဲ့အတွက် ခင်-မေအောင် မိသားနှစ်စု အထူးရင်းနှီးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kin Thida Oung
လေဒီခင်ဟာ ခင်ပွန်းသည်ကွယ်လွန်ပြီးနောက် မောင်၀မ်းကွဲ ဦးဘသော် ရှိတဲ့ မန္တလေးကို ပြောင်းလာခဲ့ပါတယ်။ ဦးဘသော်ဟာ ကြေးမြင်မိဘုရားရဲ့ နောက်အိမ်ထောင်ဖြစ်ပြီး ပျဥ်းမနားမင်းသားရဲ့ ပထွေးဖြစ်ပါတယ်။ မန္တလေးကျုံးတောင်ဘက်က Dawn Hill ဆိုတဲ့ အိမ်မှာ လာနေကြတဲ့ လေဒီခင်တို့ အိမ်သားတစုမှာ ရပ်၀ေးက ဆွေမျိုးတွေအပြင် အမျိုးကောင်းသမီးဖြစ်အောင် သွန်သင်ပေးဖို့ သမီးပျိုတွေကို လေဒီခင်ဆီ လာအပ်တဲ့ မိတ်ဆွေတွေနဲ့ စည်ကားနေတတ်ကြောင်း ဒေါ်ခင်သီတာလွင်က ပြန်ပြောင်းရေးပြခဲ့ပါတယ်။ နောက် အိမ်နားက ရွှေကျင်ဘုန်းကြီးကျောင်းကို ဆွမ်း၀တ်ကွမ်း၀တ် အမြဲပြုရင်း နောက်ဆုံးအချိန်ကို လေဒီခင် ကျော်ဖြတ်ခဲ့ပါတယ်။ ခင်ပွန်းမရှိတဲ့ မုဆိုးမဘ၀မှာ လန်ဒန်မှာ ၀တ်လုံပညာသင်နေတဲ့ သား ဟယ်ရီခင်ခေါ် ဦးမျိုးခင်ရဲ့ ပညာရေး ပြီးဆုံးနိုင်ဖို့ မိသားစုပိုင် အတွင်းပစ္စည်းတွေ ထုခွဲပြီး လေဒီခင် စီစဥ်ခဲ့ရကြောင်းလည်း မြေးဖြစ်သူက ရေးဖွဲ့ခဲ့ပါတယ်။
အေမီခင်

ဓာတ်ပုံ ရင်းမြစ်, Kin Thida Oung
အေမီခင်လို့ သိကြတဲ့ ဒေါ်ခင်ခင်အေးဟာ ၁၉၂၀ ကျော်က မြန်မာပြည်မှာ အထင်ရှားဆုံး အထက်လွှာ လက်ထပ်ပွဲရဲ့ သတို့သမီးအဖြစ် ကျော်ကြားခဲ့ပြီး ဗြိတိန် ဆင်းဟတ်တက္ကသိုလ်ဆင်း မွန်ရခိုင် စစ်ဗိုလ် ထွန်းလှအောင်နဲ့ လက်ထပ်ခဲ့ပါတယ်။ မိဘချင်း စပ်ဟပ်ပေးစားတာ မဟုတ်ဘဲ သူတို့ချင်း ကြိုက်လို့ ယူတာဖြစ်ပြီး မိခင်ဖြစ်သူ လေဒီခင်က ကန့်ကွက်ခဲ့ပါတယ်။ သူတို့မင်္ဂလာပွဲမှာ စစ်ထုံးစံအရ စစ်ဗိုလ်တွေ ဓားမိုးထားတဲ့အောက်က ဖြတ်လျှောက်လို့ နောက်ပိုင်း အိမ်ထောင်ကွဲတယ်ဆိုပြီး ဆွေမျိုးထဲက အဒေါ်ကြီးတွေက အယူရှိကြကြောင်း သံအမတ်ဟောင်း ဦးသက်ထွန်းက အသက်အကြီးဆုံး အ၀ေးရောက်ဆိုပြီး အေမီခင်အကြောင်း ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အေမီခင်တို့ခေတ်က ရန်ကုန်လူမှုထိပ်သီးတွေအတွက် ဗြိတိသျှ၀ေလမင်းသား အက်ဒွပ် အလည်ရောက်တာက အထွတ်အထိပ်ဖြစ်ပါတယ်။ ကပ္ပတိန်ထွန်းလှအောင်က ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးရဲ့ ကိုယ်ရံတော်ဗိုလ်ဖြစ်ခဲ့ပြီး နောက်ပိုင်း ပုလိပ်ခေါ် ရဲဘက်ကို ပြောင်းခဲ့ပါတယ်။
ကံကောင်းခြင်းတွေအားလုံးကို အမြဲမရနိုင်တဲ့အတွက် သား မောင်ခင်အောင်နဲ့ သမီး ခင်သီတာအောင်တို့ ရရှိခဲ့ပြီးနောက် အေမီခင်နဲ့ ကပ္ပတိန်ထွန်းလှအောင်တို့ ပြတ်စဲခဲ့ပါတယ်။ အဲဒီခေတ် မြန်မာလူမှုဓလေ့အရ အိမ်ထောင်ရေးပြတ်စဲမှုလုပ်ဖို့ ခက်သလို အိမ်ထောင်ကွဲ အမျိုးသမီးတွေအတွက် ငွေကြေးအရ ရပ်တည်ဖို့လည်း ခက်ကြပါတယ်။ မိဘအမွေအနှစ်ကြောင့် မပူရဘဲ စိတ်လည်းထက်တဲ့ အေမီခင်ကတော့ ခင်ပွန်းနဲ့ ပြတ်စဲပြီး အဒေါ် ၊ ဦးလေးတွေနဲ့အတူ နေထိုင်ပြီး သားသမီးတွေကို ပျိုးထောင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kin Thida Oung
အေမီခင်ရဲ့ သားကြီး မောင်ခင်အောင်ဟာ အောင်ဆန်းကို ဘယ်သူသတ်သလဲ စာအုပ်ရေးသူဖြစ်လာပြီး သထုံက ဝန်ထောက်ကြီး ဦးဘိုးသီးရဲ့သမီး မေသီးနဲ့ လက်ထပ်ခဲ့ကာ နောက်ပိုင်းမှာတော့ တရားလွှတ်တော် တရား၀န်ကြီး ဦးသောင်းစိန်ခေါ် ဂျွန်မက္ကနီး ရဲ့သမီး ပက်ထရစ်ရှာသောင်းစိန်နဲ့ ထပ်မံ လက်ထပ်ခဲ့ပါတယ်။ မောင်ခင်အောင် ရေတပ်ဗိုလ်ဘ၀က ဘုရင်ခံကိုယ်ရံတော်လုပ်ဖို့ ဆာဟူးဘတ်ရန့်စ်က ရွေးချယ်ခဲ့ပေမယ့် ငြင်းဆိုခဲ့လို့ မြန်မာပြည်ရဲ့ ကိုယ်ရံတော်ဗိုလ် သားအဖ မဖြစ်ခဲ့ပါဘူး။
အေမီခင်ကတော့ သမီးနဲ့အတူ နေထိုင်ပြီး ဘန်ကောက်မှာ သမက် ဦးခင်မောင်လွင် အလုပ်လုပ်ဖို့ ထွက်ခွာသွားတဲ့နောက် လိုက်သွားရင်း ပြည်ပမှာ အခြေချကာ ၁၉၉၁ မှာ ကွယ်လွန်ခဲ့ပါတယ်။ နယူးဒေလီက မြေးဆီသွားလည်ရင်း အသက် ၈၇ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ အေမီခင် ခေါ် ဒေါ်ခင်ခင်အေးဟာ သူတို့ခေတ်က အ၀ေးရောက် မြန်မာတွေထဲမှာ အသက်အကြီးဆုံး ဖြစ်ခဲ့ပါတယ်။
ခင်သီတာအောင် ခေါ် ဒေါင်း
၁၉၂၆ မှာ မွေးတဲ့ ခင်သီတာအောင်ကို Dawn ဒေါင်းဆိုတဲ့ ငယ်မည်နဲ့ သိကြပါတယ်။ ငယ်ကတည်းက မိဘနှစ်ပါး ပြတ်စဲတဲ့ကိစ္စ၊ ဒုတိယကမ္ဘာစစ်၊ လွတ်လပ်ပြီးစ သူပုန်ထမှုတွေကြား ခင်သီတာအောင် ဖြတ်သန်းခဲ့ရပါတယ်။ စစ်အတွင်း မန္တလေးမှာ စစ်ရှောင်ရင်း အိမ်တွင်းပုန်းခဲ့ရသလို ဖခင် ရဲ၀န်ထောက်ကို ဂျပန်ဖမ်းတာလည်း ကြုံခဲ့ရပါတယ်။ လွတ်လပ်ရေးရစ အင်္ဂလိပ်နဲ့နီးစပ်တဲ့ အရာရှိတွေကို ဖယ်ရှားရာမှာ သူ့ဦးလေး ရန်ကုန်စည်ပင်အတွင်း၀န် ဦးမျိုးခင် ရာထူးက နားခဲ့ရသလို သူ့ဖခင် ရဲချုပ်ကို လန်ဒန်ကို စစ်သံမှူးအဖြစ် ပို့တာလည်း ကြုံခဲ့ရပါတယ်။ ၀န်ကြီး ဦးတင်ထွဋ်လုပ်ကြံခံရမှုကို စစ်ဆေးနေတဲ့ ဦးထွန်းလှအောင်ကို လန်ဒန်ပို့ပြီး အ၀ေးနှင်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Kin Thida Oung
အမေရိကန်မှာ ပညာသင်ဖို့ လန်ဒန်ကို လိုက်လာရင်း ဖခင်နဲ့ တွေ့ဖို့ ကြိုးစားတဲ့ ခင်သီတာအောင်ဟာလည်း လန်ဒန်အရောက်မှာတင် အဖေလုပ်သူကို မြန်မာပြည်ပြန်ပို့တာလည်း ကြုံခဲ့ရပါတယ်။ ဦးထွန်းလှအောင်ဟာ လမ်းခရီး သီဟိုဠ်ကျွန်းအရောက်မှာ မြန်မာပြည် ပြန်ခွင့်မပေးဘဲ ထားခဲ့လို့ အဲဒီမှာပဲ ဗုဒ္ဓဘာသာစာပေတွေ လေ့လာရင်း အချိန်ကုန်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kin Thida Oung
၁၉၅၀ မှာ ဖူးလ်ဘရိုက်ပညာသင်ဆုရ မြန်မာပြည်က ပထမဆုံး ပညာသင်တဦးအဖြစ် စမစ်ကောလိပ်မှာ ပညာသင်ဖို့ ခင်သီတာအောင် အမေရိကန်ရောက်လာပါတယ်။ ဟားဗတ် စီးပွားရေးကျောင်းမှာ အမ်ဘီအေ သင်ဖို့ ရောက်နေတဲ့ ကိုခင်မောင်လွင်နဲ့ ဖူးစာမျှ လက်ထပ်ပြီး သမီးလေးယောက်ထွန်းကားခဲ့ပါတယ်။ ၁၉၅၂ မြန်မာပြည် ပြန်ရောက်တော့ အစိုးရ လူမှုစီမံကိန်း ကော်မရှင်မှာ အလုပ်လုပ်ပါတယ်။
၁၉၆၂ အာဏာသိမ်းပြီးနောက် ၁၉၆၇ မှ ဘန်ကောက်က အီးကဖေးခေါ် အာရှနဲ့ အရှေ့ဖျား စီးပွားရေးကော်မရှင်မှာ အလုပ်လုပ်ဖို့ ထွက်လာတဲ့ ခင်ပွန်းသည်နဲ့အတူ ဒေါ်ခင်သီတာအောင်တို့ မိသားစု ပြည်ပမှာ အခြေချခဲ့ကြပါတယ်။ ဘန်ကောက်က ရွမ်ရူဒီ နိုင်ငံတကာကျောင်းမှာ ဆရာမ၀င်လုပ်ရင်း ခင်သီတာအောင် လက်ထောက်ကျောင်းအုပ်ထိ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၇၈ မှာ အီရန်က ရှားဘုရင်ရဲ့ နှမတော် အက်ရှ်ရက်ဖ်မင်းသမီးရဲ့ ဖိတ်ကြားချက်နဲ့ အာရှ ပစိဖိတ် အမျိုးသမီး ဖွံ့ဖြိုးမှု စင်တာ ထူထောင်ရာမှာ ပါဝင်ဖို့ ဒေါ်ခင်သီတာအောင် တီဟီရန် သွားခဲ့ပါတယ်။ အဲဒီမှာ အီရန်တော်လှန်ရေးနဲ့ ကြုံပြီး သူတို့မိသားစု လန်ဒန်ကို ထွက်ပြေးခဲ့ရပါတယ်။
ခင်ပွန်းနဲ့ ပြတ်စဲပြီးနောက် သမီးတွေနဲ့ လိုက်နေရင်း မိသားစုအကြောင်းတွေကို ရေးသားပြီး ၂၀၀၇ နဲ့ ၂၀၁၉ မှာ စာနှစ်အုပ် ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kin Thida Oung
ပထမအုပ်မှာ ရွှေကျင်မင်းကြီးဦးမြတ်ဖြူ၊ စစ်ကဲမောင်ထော်လေး၊ စစ်ကဲမောင်ခိုင်စတဲ့ ၁၉ ရာစုက ပထမနဲ့ ဒုတိယ အင်္ဂလိပ်မြန်မာစစ်တွေမှာ အင်္ဂလိပ်ဘက်က ကူညီခဲ့ကြတဲ့ မွန်အရာရှိတွေရဲ့ အနွှယ်အဆက် မိသားစုတွေအကြောင်း ပါရှိပြီး ၂၀ ရာစု စစ်တပ်ခေတ်ထိ ဖော်ပြခဲ့ပါတယ်။ ဗြိတိသျှခေတ် ရွှေထီးဆောင်းချိန်ကနေ အာဏာရှင်ခေတ်မှာ အ၀ေးလွင့်သွားခဲ့တဲ့ သူတို့မိသားစုဘ၀ကို မျိုးဆက်တွေနဲ့ချီ ဖော်ပြထားတဲ့ မိသားစုဇာတ်ကြောင်း ဖြစ်ပါတယ်။ ဒုတိယအုပ်မှာတော့ ခင်သီတာအောင် ခေါ် ခင်သီတာလွင်ရဲ့ဘ၀ကို အဓိကထား ရေးဖွဲ့ပြီး မန္တလေးက ကလေးဘ၀ကနေ ထိုင်း၊ အီရန်ကနေ အာဖရိက၊ အမေရိကန်၊ ကာရစ်ဘီယံကျွန်းတွေထိ ခြေဆန့်ခဲ့တဲ့ အသက် ၉၀ ကျော် လူကြီးဘ၀ကို ဖော်ပြခဲ့ပါတယ်။
ခင်သစ္စာ

ဓာတ်ပုံ ရင်းမြစ်, Kinthissa
ဒေါ်ခင်သီတာအောင်ရဲ့သမီး၊ လွတ်လပ်ရေးခေတ် ရန်ကုန်မှာ ကြီးပြင်းခဲ့တဲ့ ခင်သစ္စာဟာ သူ့ရှေ့က မျိုးဆက်တွေနဲ့မတူဘဲ မြန်မာပြည်ကနေ ဆယ်ကျော်သက်အရွယ်က ထွက်လာခဲ့ရသူ ဖြစ်ပါတယ်။
မိဘတွေ ရွှေ့ပြောင်းတဲ့နောက်ကို လိုက်ရင်း ကမ္ဘာအနှံ့ ခြေဆန့်ခဲ့တဲ့ ခင်သစ္စာဟာ ဗြိတိသျှသမိုင်းဆရာ ဂိုင်း၀င့်ရဲ့သားနဲ့ လက်ထပ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဂိုင်း၀င့်ရဲ့ ဇနီးက သူ့အဒေါ် ဒေါ်မြစိန်နဲ့ ရင်းနှီးခဲ့သူဖြစ်ပြီး အိန္ဒိယနဲ့ မြန်မာအမျိုးသမီးရေးနဲ့ လွတ်လပ်ရေးကိစ္စ ဆောင်ရွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဂိုင်း၀င့်ရဲ့ ဇနီး ဖရီဒါ၀င့်ဟာ ဗြိတိန်မှာ ဗုဒ္ဓဘာသာပြန့်ပွားရေးကို ဆောင်ရွက်ခဲ့ပြီး အင်္ဂလိပ်သံဃထရပ်စ်မှာ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ခင်သစ္စာဟာ လန်ဒန်မှာ တိုက်ကျိချွမ်ကစားနည်းကို စတင်သင်ကြားပြီး တရုတ်ပြည်ထိ သွားသင်ခဲ့ပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီပြီး တိုက်ကျိပညာကို ဥရောပမှာ သင်ကြားပေးခဲ့သလို ပညာရပ်ဆိုင်ရာ စာအုပ်တွေ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kin Thida Oung
ခင်မိသားစုက အမျိုးသမီး လေးဆက်ဟာ ၁၉ ရာစုကနေ ၂၁ ရာစုထိ နှစ်တရာကျော် ကာလ မြန်မာပြည်ရဲ့ ပြောင်းလဲမှုအဖုံဖုံကို မြင်တွေ့ခဲ့ရသလို အာဏာရှိ အာဏာမဲ့ဘ၀တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့ကို ဗြိတိသျှအလိုတော်ရိတံဆိပ် ကပ်ခံခဲ့ရသလို ပညာတတ်အထက်တန်းလွှာတွေအဖြစ် အထင်ကြီးခံရတာတွေလည်း ရှိခဲ့ပါတယ်။ စနစ်ပြောင်း ခေတ်ပြောင်းနဲ့ စစ်ဘေးဒဏ်တွေကြောင့် ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ဖူးသလို နိုင်ငံကို ဆယ်စုနှစ်တွေနဲ့ချီပြီး ပြန်မလာနိုင်တဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။
ဒီခေတ်စနစ်သမိုင်းပုံရိပ်တွေကို ဒေါ်ခင်သီတာလွင် ခေါ် ခင်သီတာအောင်က မှတ်တမ်းရေးသားထားခဲ့ပြီး နောက်မျိုးဆက်တွေအတွက် ထားရစ်ခဲ့ပါတယ်။ လေဒီခင်၊ အေမီခင်နဲ့ ခင်သီတာအောင် ဆိုတဲ့ မွန်မြန်မာ ရခိုင်အနွယ် အမျိုးသမီးသုံးယောက်ရဲ့ဘ၀က တွေ့ရမယ့် မြန်မာသမိုင်းကတော့ သူတို့ခင်ပွန်းနဲ့ ဖခင်တွေရဲ့ဘ၀နဲ့ တမျိုးတဖုံကွဲပြားခြားနားနေပြီး မြန်မာအမျိုးသားရေးအမြင်နဲ့ ရေးတဲ့ နိုင်ငံတော်သမိုင်းစာအုပ်တွေမှာ မပါတဲ့ အချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kin Thida Oung








