နျူကလီးယားဗုံးထုတ်ဖို့ အီရန်က ယူရေနီယမ်သန့်စင်မှု လပိုင်းအတွင်း စလုပ်နိုင်တယ်လို့ IAEA အကြီးအကဲပြော

    • ရေးသားသူ, စတူးဝါ့ လောင်
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန

အီရန်အစိုးရမှာ နျူကလီးယား ဗုံးထုတ်ဖို့ အတွက် ယူရေနီယမ် သန့်စင်မှုတွေကို လပိုင်းအတွင်း ပြန်စလုပ်နိုင်မယ့် စွမ်းအား ရှိတယ်လို့ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ IAEA အကြီးအကဲ ရာဖာအယ် ဂရော့စီက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်းက အီရန် နျူကလီးယား စီမံကိန်းနေရာ သုံးနေရာအပေါ် အမေရိကန်က လေကြောင်း တိုက်ခိုက်ခဲ့မှုက ပြင်းထန်လှပေမဲ့ လုံးဝဥသုံ ထိခိုက်ပျက်စီးမှုမျိုး မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။ ဒါဟာ အီရန်နျူကလီးယား စက်ရုံတွေကို လုံးဝ ချေမှုန်း ဖျက်ဆီးနိုင်ခဲ့တယ် ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ပြောဆိုချက်တွေနဲ့ ဖီလာ ဆန့်ကျင်နေပါတယ်။

"ရှင်းရှင်းပြောရရင် အားလုံး ပျက်စီး ပျောက်ကွယ်သွားပါပြီ၊ ဘာမှ မရှိတော့ပါဘူး ဆိုပြီး ဘယ်သူမှ အတပ် ပြောလို့ မရပါဘူး"လို့ မစ္စတာ ဂရော့စီက စနေနေ့တုန်းက ပြောသွားပါတယ်။

အီရန်ဟာ နျူကလီးယားလက်နက် တည်ဆောက်လုနီးပါး ဖြစ်နေပြီဆိုပြီး ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကို တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်ကပါ လေကြောင်းတိုက်ခိုက်မှုထဲ ဝင်ပါခဲ့ပြီး အီရန်ရဲ့ ဖော်ဒို၊ နတန်ဇ် နဲ့ အစ္စဖာဟန် နျူကလီးယား စီမံကိန်းနေရာ သုံးခုအပေါ် ဗုံးကြဲချခဲ့ပါတယ်။

အဲဒီကတည်းကစလို့ ထိခိုက်ပျက်စီးမှု တကယ့်အတိုင်းအတာကို ဘယ်သူမှ သဲသဲကွဲကွဲ မသိကြပါဘူး။

"အီရန်အစိုးရဟာ လာမယ့်လပိုင်းအတွင်းမှာတင် ယူရေနီယမ် သန့်စင်စက်အနည်းအပါး စတင်လည်ပတ်ပြီး သန့်စင်ထားတဲ့ ယူရေနီယမ်တွေ ထုတ်လာနိုင်တယ်"လို့ မစ္စတာ ဂရော့စီ က စနေနေ့တုန်းက ဘီဘီစီရဲ့ မိတ်ဖက် CBS အမေရိကန်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "အီရန်ဟာ ထုတ်လုပ်မှုပိုင်းနဲ့ နည်းပညာပိုင်း စွမ်းဆောင်နိုင်အားတွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး တကယ်လို့ သူတို့ လုပ်ချင်စိတ်အားကြီးမယ်ဆိုရင် နောက်တစ်ကျော့ ပြန်စနိုင်စွမ်း ရှိမှာဖြစ်ပါတယ်။" လို့လည်း သူက ပြောသွားပါတယ်။

IAEA ဟာ အီရန်မှာ နျူကလီးယား ထုတ်လုပ်နိုင်စွမ်း ဆက်ရှိနေဆဲ ဆိုတာကို ထုတ်ဖော်ပြောတာတဲ့ အဖွဲ့အစည်းတွေထဲမှာ IAEA က ပထမဆုံး မဟုတ်ပါဘူး။ အခုသီတင်းပတ် အစောပိုင်းတုန်းက ပေါက်ကြား ပေါ်ထွက်လာတဲ့ ပင်တဂွန်ရဲ့ ပဏာမ ဆန်းစစ်လေ့လာချက် ထဲမှာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ အီရန်နျူကလီးယား စီမံကိန်းကို လပိုင်းအတွင်း ပြန်လုပ်လာနိုင်ဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း လာမယ့် နောင်ထွက်မယ့် ထောက်လှမ်းရေးအစီရင်ခံစာတွေထဲမှာတော့ ဒီနျူကလီးယား စီမံကိန်းနေရာတွေအပေါ် မတူကွဲပြားတဲ့ ထိခိုက်မှုအတိုင်းအတာ တွေကို ဖော်ပြထားတဲ့ နောက်ထပ်သတင်းအချက်အလက်တွေ ထည့်သွင်းမယ့်ပုံ ရှိနေပါတယ်။

သမ္မတထရမ့်ကတော့ အီရန်နျူကလီးယား စီမံကိန်းနေရာတွေ လုံးဝ ထိခိုက်ပျက်စီးသွားတယ် ဆိုပြီးဒေါသတကြီး တုံ့ပြန်ခဲ့ပြီး သမိုင်းမှာ အအောင်မြင်ဆုံး စစ်ရေးတိုက်ခိုက်မှုကြီးတစ်ခုကို သေးသိမ်အောင်လုပ်ဖို့ မီဒီယာတွေက ကြိုးစားနေတယ် ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

အခုလောလောဆယ်မှာတော့ အီရန်နဲ့ အစ္စရေးအကြား အပစ်ရပ်ဖို့ သဘောတူထားကြပါတယ်။

ဒါပေမဲ့ သမ္မတထရမ့်ကတော့ တကယ်လို့ စိုးရိမ်ရလောက်တဲ့ အတိုင်းအတာအထိ အီရန်က ယူရေနီယမ် သန့်စင်မှုတွေ လုပ်နိုင်တယ်လို့ ထောက်လှမ်းရေးသတင်းတွေ ရရင်တော့ အီရန်ကို ဗုံးကြဲတိုက်ခိုက်ဖို့ သူလုံးဝ စဉ်းစားမယ်လို့ ထုတ်ဖော်ပြောထားပါတယ်။

အပစ်ရပ်သဘောတူချက်ကို အစ္စရေးက လိုက်နာမယ်လို့ အီရန်အစိုးရအနေနဲ့ မယုံကြည်ကြောင်း အီရန် စစ်ဦးစီးချုပ် အက်ဒိုလ်ရာဟင်မ် မူဆာဗီက တနင်္ဂနွေနေ့က ပြောပါတယ်။

"ကျွန်တော်တို့ဘက်က စစ်ပွဲကို စခဲ့တာ မဟုတ်ပါဘူး။ ရန်လိုတိုက်ခိုက်လာသူကိုသာ ကျွန်တော်တို့ အားကုန်သုံးပြီး တုံ့ပြန်ခဲ့တာပါ။ ရန်သူဘက်က အပစ်ရပ်ဖို့အပါအဝင် လိုက်နာဆောင်ရွက်ပါ့မယ် ဆိုတဲ့ ကတိတွေအပေါ် ကျွန်တော်တို့ လုံးဝ သံသယ ရှိပါတယ်။ အင်အားသုံးပြီး ပြန်တုံ့ပြန်သွားဖို့ အဆင်သင့်ပါပဲ" လို့ မူဆာဗီက အီရန်အစိုးရ ရုပ်မြင်သံကြားပေါ်ကနေ ပြောသွားပါတယ်။

တစ်ဘက်မှာလည်း အီရန်အစိုးရက သူတို့ရဲ့ ထိခိုက်ပျက်စီးမှု အတိုင်းအတာနဲ့ ပတ်သက်လို့ အမျိုးမျိုး ပြောနေပါတယ်။

ကြာသပတေးနေ့တုန်းက အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာမှ ထူးထူးခြားခြား မထိခိုက်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘာ့စ် အာရက်ချီ ကတော့ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အီရန်နဲ့ IAEA အကြား အဆင်မပြေ ဖြစ်ခဲ့ပြီးသား ဆက်ဆံရေးဟာ ဗုဒ္ဓဟူးနေ့က နောက်ထပ် အဖုအထစ် ဖြစ်ခဲ့ရပြန်ပါတယ်။ IAEA ဟာ အစ္စရေး၊ အမေရိကန်တို့ဘက် လိုက်တယ်လို့ စွပ်စွဲပြီး IAEA နဲ့ ပူးပေါင်းလုပ်ဆောင်နေမှုကို အီရန်ပါလီမန်က ဆိုင်းငံ့ခဲ့ပါတယ်။

အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှု ဒဏ် ခံခဲ့ရတဲ့ အီရန် နျူကလီးယား စီမံကိန်းနေရာတွေကို သွားရောက် ကြည့်ရှုစစ်ဆေးခွင့်ပြုဖို့ IAEA ရဲ့ ပန်ကြားချက်ကို အီရန်အစိုးရက ပယ်ချခဲ့ပါတယ်။ အကာအကွယ်ပေးဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဂရော့စီက ဗုံးကြဲခံခဲ့ရတဲ့ နေရာတွေကို သွားရောက် စစ်ဆေးဖို့ အခိုင်အမာ တောင်းဆိုလာတာဟာ အဓိပ္ပာယ် မဲ့လွန်းလှပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ပုံရပါတယ် လို့ သောကြာနေ့တုန်းက အာရက်ချီက သူ့ရဲ့ လူမှုကွန်ရက် X ပေါ်ကနေ ရေးခဲ့ပါတယ်။

အီရန်ဟာ နျူကလီးယား မပျံ့ပွားရေး ကတိကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ချိုးဖောက်ခဲ့ကြောင်း ပြီးခဲ့တဲ့လက IAEA က ထုတ်ဖော်တွေ့ရှိခဲ့အပြီးမှာ အစ္စရေးနဲ့ အမေရိကန်က အီရန်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အီရန်ကတော့ သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ အကျိုးပြုဖို့ အတွက်နဲ့ အရပ်ဘက်သုံးအတွက်သာ ဖြစ်တယ်လို့ အခိုင်အမာ ပြောနေပါတယ်။

IAEA နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အီရန်က ငြင်းဆိုနေပေမဲ့လည်း အီရန်အစိုးရနဲ့ သူ စေ့စပ်ညှိနှိုင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဂရော့စီက ပြောပါတယ်။

၂၀၁၅ ခုနှစ်က ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုခဲ့တဲ့ နျူကလီးယား သဘောတူချက်အရ အီရန်အစိုးရဟာ ယူရေနီယမ် သန့်စင်မှုကို နျူကလီးယား စစ်ရုံအတွက် လောင်စာဆီ ထုတ်နိုင်မယ့် ပမာဏဖြစ်တဲ့ ၃.၆၇ ရာခိုင်နှုန်းထက် ပို သန့်စင်ခွင့် မရှိသလို ဖော်ဒို နျူကလီးယား စက်ရုံမှာ ၁၅ နှစ်ကြာ ယူရေနီယမ် သန့်စင်မှု လုပ်ခွင့်မရှိပါဘူး။

ဒါပေမဲ့ ထရမ့်က ၂၀၁၈ ခုနှစ် သူ့ရဲ့ သမ္မတ ပထမသက်တမ်းအတွင်းမှာ ဒီသဘောတူချက်ထဲကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒီသဘောတူချက်ဟာ နျူကလီးယားဗုံးထုတ်မယ့် လမ်းကြောင်းကို မတားဆီးနိုင်သလောက်ပဲ လို့ ဆိုပြီး အီရန်အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ချမှတ်ခဲ့ပါတယ်။

အဲဒီအခါ အီရန်က သူ့အပေါ် ကန့်သတ်ထားချက်တွေကို ချိုးဖောက်ပြခြင်းအားဖြင့် တုံ့ပြန် လက်စားချေခဲ့ပါတယ်။ အထူးသဖြင့် ယူရေနီယမ်သန့်စင်မှုနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို ချိုးဖောက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဖော်ဒိုစက်ရုံမှာ ယူရေနီယမ် သန့်စင်မှုတွေ ပြန်လုပ်ခဲ့ပြီး နျူကလီးယား ဗုံး ကိုးလုံး ထုတ်နိုင်လောက်တဲ့ ယူရေနီယမ် ၆၀ ရာခိုင်နှုန်း သန့်စင်မှုတွေ လုပ်ခဲ့တယ်လို့ IAEA အစီရင်ခံစာက ဆိုပါတယ်။