ရုရှားဒုံးကျည်ဒဏ်ကြောင့် ယူကရိန်းမှာ သေဆုံးတဲ့ အရပ်သားတွေထဲ ကလေးငယ်တယောက်ပါ၀င် - ဧပြီ ၂၈ ညနေခင်း နိုင်ငံတကာသတင်းများ

ယူကရိန်းမှာ ရုရှားဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၁၉ ယောက် သေဆုံးသွားပါတယ်။

Uman မြို့က လူနေအိမ်တိုက်ခန်းတွေ ထိမှန်သွားခဲ့ပြီးနောက် သေဆုံးသူတွေထဲမှာ ကလေးငယ် တယောက်လည်း ပါဝင်ပါတယ်။

မြို့ခံ အမျိုးသမီးတယောက်က သူ့သမီးရဲ့ အတန်းဖော်ဟာ ပြိုကျသွားတဲ့ တိုက်ခန်းတွေရဲ့ ၉ ထပ်မှာ နေကြောင်း၊ သူတို့တွေအသက်ရှင်ပါစေလို့ ဆုတောင်းမိကြောင်း ၊ တကယ့်ကို အဖြစ်ဆိုးကြီးပါပဲလို့ ပြောပါတယ်။

မြို့တော်ကိဗ်လည်း ရက်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံး ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇလန်းစကီးကလည်း ဒီအဖြစ်တွေက ဆိုးရွားလှပြီး လက်နက်တွေနဲ့သာ ရပ်တန့်နိုင်မှာလို့ ဆိုပါတယ်။

ကိဗ်မြို့က ယူကရိန်းကာကွယ်ရေးဝန်ကြီးကတော့ ကာလရှည်ကြာစောင့်နေတဲ့ နွေဦးထိုးစစ်အတွက် ပြင်ဆင်မှုတွေ ပြီးသလောက်ရှိပြီလို့ ပြောပါတယ်။

ဆူဒန်မှာ လက်နက်ကိုင်တွေက ဘဏ်တွေ ၊ စျေးတွေနဲ့ ဂိုဒေါင်တွေကို မီးတင်ရှို့

ဆူဒန်အနောက်ပိုင်း ဒါဖောဒေသမှာ အခုသီတင်းပတ်အတွင်း နှစ်ရက်ကြာ တိုက်ခိုက်မှုမှာ အနည်းဆုံး လူ ၇၄ ယောက် သေဆုံးသွားတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

အပစ်ရပ်မှုကို ၃ ရက်ထပ်တိုးထားပေမယ့် မြို့တော်ခါတွန်းနဲ့ ဒါဖောအနောက်ဖက် အယ်လ်ဂျနီနာမှာ စစ်တပ်နဲ့ ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့ RSF ကြား တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

လက်နက်ကိုင်တွေဟာ အယ်ဂျနီနာက ဘဏ်တွေ ၊ စျေးတွေ နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဂိုဒေါင်တွေကို လုယက် မီးရှို့မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ရရှိခဲ့ပါတယ်။

အခင်းဖြစ်ရာ နေရာဟာ အရင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာပြေးသူ သောင်းနဲ့ချီ ရောက်ရှိ ခိုလှုံနေရာ ဒေသဖြစ်ပါတယ်။

ရွှေ့ပြောင်းသူတွေ မ၀င်နိုင်အောင် တံတိုင်းကာမယ်လို့ ပြောနေတဲ့ ဟန်ဂေရီကို ပုပ်ရဟန်းမင်းကြီး ရောက်လာ

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဟန်ဂေရီ နိုင်ငံကို ရောက်လာပါတယ်။

ဒါဟာသူ့ရဲ့ ပုပ်ရဟန်းမင်းကြီးသက်တမ်း တလျှောက် နိုင်ငံရေးအရ ထိရှအလွယ်ဆုံးခရီးတွေထဲက တစ်ခုဖြစ်ပါတယ်။

သူ့ကို ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ဘူဒါပတ်စ် လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။

မစ္စတာ အော်ဘန်ဟာ ဥရောပ နိုင်ငံတွေဆီ ရောက်လာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူအရေးနဲ့ ပတ်သက်လို့ မကြာခဏ ဝေဖန်လေ့ရှိသူတယောက်ပါ။

ခရစ်ယာန် မဟုတ်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို တားဖို့ တံတိုင်းကာရံမယ့် ဟန်ဂေရီရဲ့ ဆုံးဖြတ်ချက်ဟာ ပုပ်ရဟန်းမင်းကြီးရဲ့ ပြောဆိုချက်တွေက ဆန့်ကျင်လျက် ရှိပါတယ်။

သူ့ရဲ့ ခရီးစဉ်အတွင်း ဒုက္ခသည်တွေနဲ့ ပုပ်ရဟန်းမင်းကြီး တွေ့ဆုံဖို့ ရှိပါတယ်။

ယူကရိန်းကို သူ့အစိုးရက လက်နက်ထောက်ပံ့ဖို့ ငြင်းဆန်နေတဲ့ မစ္စတာ အော်ဘန်ကတော့ ဥရောပမှာ ဟန်ဂေရီနဲ့ ဗာတီကန်ကျောင်းတော်တို့ကသာ ငြိမ်းချမ်းရေး အလိုရှိသူတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ကမ်းစောင့်တပ်သင်္ဘောတွေ တိုက်မိလုဖြစ်

တရုတ်နဲ့ ဖိလစ်ပိုင် အငြင်းပွားနေတဲ့ ရေပြင်မှာ နှစ်နိုင်ငံ ကမ်းစောင့်တပ်သင်္ဘောတွေ မီတာ ၅ဝ အတွင်းတိုက်မိတော့မယ့် အခြေအနေအထိ ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အချင်းချင်း အပြစ်တင်နေကြပါတယ်။

တောင်တရုတ်ပင်လယ်ပြင်က အနားမှာ ဖိလစ်ပိုင်သင်္ဘော တစင်းကို တရုတ်သင်္ဘောက ပိတ်ဆို့ဖို့ ကြိုးစားရင်း အခုလို အခြေအနေ ပေါ်ပေါက်ခဲ့တာပါ။

အခင်းဖြစ်ပွားပုံကို ဖိလစ်ပိုင် သင်္ဘာပေါ်က သတင်းထောက်တွေက မျက်မြင်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနေရာကို နိုင်ငံတကာ တရားရုံးက ဖိလစ်ပိုင်ရဲ့ သီးသန့် စီးပွားရေးဇုန်လို့ သတ်မှတ်ပေးခဲ့ပေမဲ့ တရုတ်ကတော့ သူတို့ပိုင်တယ်လို့ ဆိုနေတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် အစိုးရကတော့ အဲဒီနေရာဟာ သူတို့ရေပိုင်နက် ဖြစ်တဲ့အတွက် ဆက်ပြီး ကင်းလှည့်မယ်လို့ ပြောပါတယ်။