စျေးချိုတဲ့ ရုရှား ရေနံကို အာရှနိုင်ငံတွေ ဝယ်ယူနေ

အနောက်နိုင်ငံတွေက ပိတ်ဆို့မှု နဲ့ ကန့်သတ်မှုတွေ ချမှတ်ထားတဲ့ ရုရှားရေနံကို တရုတ်နဲ့ အိန္ဒိယ တို့က အများဆုံး ဝယ်ယူနေကြပါတယ်။

 ဂျီဆဲဗင်းနိုင်ငံတွေရဲ့ အစီအစဉ်ဖြစ်တဲ့ ရုရှားရေနံ စျေးနှုန်း ကန့်သတ်ရေးကို ဥရောပ သမဂ္ဂ နဲ့ သြစတြေးလျနိုင်ငံတို့က ထောက်ခံမှု ပေးခဲ့ပြီးနောက် ကမ္ဘာ့ရေနံစျေးကွက်မှာ မသေချာမှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။

 ရေနံ အဓိက ထုတ်လုပ်တဲ့ နိုင်ငံတွေက အထွက်နှုန်းကို ထိန်းချုပ်ပြီး ကမ္ဘာ့ရေနံစျေးကို ထိန်းဖို့ ကြိုးပမ်းနေချိန်မှာ ရုရှား နိုင်ငံဟာ သူ့ရဲ့ရေနံကို အာရှက ဝယ်ယူသူတွေထံကို လျှော့စျေးနဲ့ ကမ်းလှမ်းခဲ့တာလည်း ဖြစ်ပါတယ်။

 ရုရှားရဲ့ ရေနံစိမ်းတွေ အာရှကို ဘယ်လောက်ထိရောက်နေလဲ။

အိန္ဒိယနိုင်ငံဟာဆိုရင် ရုရှားကနေ ရေနံ တင်သွင်းမှု အနည်းဆုံးအနေအထားကနေ ဒီနှစ် အစောပိုင်း ဇွန်လ နဲ့ ဇူလိုင်လတွေကနေ စပြီး အများအပြားတင်သွင်းခဲ့ပြီး နိုဝင်ဘာလမှာ ရုရှားရေနံကို အဓိက အများဆုံးဝယ်ယူမှု လုပ်ဆောင်ခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ ရုရှားဆီက ရေနံဝယ်ယူမှုမှာ အတက်အကျ အနည်းငယ်ရှိခဲ့ပြီး၊ ယူကရိန်းကို ကျူးကျော်မှု စတင်ခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဝယ်ယူမှု အနည်းငယ် တန့်သွားခဲ့ပေမဲ့ နောက်ပိုင်း ကာလမှာတော့ ဝယ်ယူမှု သိသိသာသာ မြင့်တက်ခဲ့ပါတယ်။

 ရုရှားဟာ ယူကရိန်းကို ကျူးကျော်မှုစတင်ခဲ့ပြီးနောက်ပိုင်း မတ်လ က စလို့ ရေနံတွေကို လျှော့စျေးနဲ့ ရောင်းချနေတာလည်း ဖြစ်ပါတယ်။

 မတ်လမှာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေရဲ့ ရုရှားဆီက ရေနံ ဝယ်ယူမှု ညွှန်းကိန်းဟာ ဥရောပ ၂၇ နိုင်ငံရဲ့ ရေနံဝယ်ယူမှုထက် ကျော်လွန်သွားခဲ့ပါတယ်။ နိုဝင်ဘာ နှောင်းပိုင်းမှာတော့ အိန္ဒိယရဲ့ ဝယ်ယူမှုဟာ ပြန်လည်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

 အီးယူ နိုင်ငံတွေကို ရုရှားရေနံရောင်းချမှု ညွှန်းကိန်းတွေဟာ အိန္ဒိယ နိုင်ငံဆီကို ရောက်သွားတာ ဖြစ်တယ်လို့ Kpler က ရေနံ ရောင်းချမှု လေ့လာသုံးသပ်သူ မတ် စမတ် က ပြောပါတယ်။

 ဒီညွှန်းကိန်းအတိုင်းသာ ဒီဇင်ဘာလအထိ ဆက်ရှိနေမယ် ဆိုရင် အိန္ဒိယနိုင်ငံရဲ့ ရေနံဝယ်ယူမှုဟာ ရုရှား ဆီက အဓိက တင်သွင်းတဲ့ အနေအထား ဖြစ်လာနိုင်တယ် ဆိုပြီး ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

တခြား အာရှ နိုင်ငံတွေဟာလည်း ရုရှားရဲ့ ရေနံလျှော့စျေးနဲ့ အလုပ်ဖြစ်နေကြပါတယ်။ အဓိက အားဖြင့် စီးပွားရေး ကမောက်ကမ ဖြစ်မှုနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံ ဖြစ်ပါတယ်။ နောက်ပြီး စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာလည်း ရုရှားဆီကနေ ရေနံဝယ်ယူမှုတွေ လုပ်ဆောင်နေပါတယ်။

 ပါကစ္စတန်နိုင်ငံအနေနဲ့လည်း ရုရှားဆီက လျှော့စျေးနဲ့ ရေနံဝယ်ဖို့ ညှိနိုင်းနေပေမဲ့ သဘောတူညီမှုတော့ မရသေးပါဘူး။

 စျေးသက်သာတဲ့ ရေနံတွေ အာရှကို စီးဝင်နေ။

ယူကရိန်းကို ကူးကျော်ခဲ့ပြီးနောက် ရုရှားရဲ့ ရေနံစိမ်းတွေကို ဝယ်ယူသူ နည်းပါးပြီး တချို့ အစိုးရတွေနဲ့ ကုမ္ပဏီတွေက ရုရှားရေနံစိမ်း တင်သွင်းမှုကို ရှောင်ဖယ်ဖို့ ကြိုးစားလာတဲ့ အတွက် စျေးကျတဲ့ ပြဿနာကို ရင်ဆိုင်ခဲ့ရပါတယ်။

 ဒီနှစ်အစောပိုင်းမှာ ရုရှား ရေနံစိမ်း တစ်စည်ရဲ့ စျေးနှုန်းဟာ ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းထက် ဒေါ်လာ ၃၀ ကျော် ကျဆင်းသွားခဲ့ပါတယ်။

 စက်တင်ဘာလမှာ ရုရှားရေနံစိမ်း တစ်စည်က ဒေါ်လာ ၂၀ အထိပြန်တက်ခဲ့ပေမဲ့ နိုဝင်ဘာလာမှာ ကမ္ဘာ့ရေနံစျေးနှုန်းထက် တစ်စည်ကို ၃၃ ဒေါ်လာထိ လျှော့နည်းသွားပါတယ်။

အိန္ဒိယ အစိုးရကတော့ ရုရှားဆီက ရေနံစိမ်းတွေ ဝယ်ယူနေတာဟာ စျေးသက်သာတဲ့ အနေအထား ကြောင့်ဖြစ်တယ်ဆိုပြီး ကာကွယ်ပြောဆိုပါတယ်။

ကမ္ဘာ့ရေနံစျေး မြင့်တက်နေမှုက အိန္ဒိယ အစိုးရ အတွက် စိုးရိမ်စရာ ဖြစ်နေခဲ့တာပါ။ ကနဦးမှာ အမေရိကန် အစိုးရက အိန္ဒိယရဲ့ ရုရှားဆီက ရေနံဝယ်ယူမှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ အိန္ဒိယဟာ ရုရှားဆီက လျှော့စျေးနဲ့ ဝယ်နိုင်တယ်လို့ ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။

ဥရောပ သမဂ္ဂ ကတော့ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်မှာ ပင်လယ်ရေကြောင်းကနေ ရုရှားရေနံတင်သွင်းမှုတွေကို လုံးဝ ရပ်တန့်ထားပါတယ်။

 ဂျီဆဲဗင်း နိုင်ငံတွေရဲ ရုရှားရေနံစိမ်း တစ်စည်ကို ဒေါ်လာ ၆၀ စျေးနှုန်းအောက်မှာ ထားရှိရေးဆိုတဲ့ အစီအစဉ်က အသက်ဝင်နေပါပြီ။ ဒီစျေးနှုန်း ကန့်သတ်မှု အစီအစဉ်ဟာ ထိရောက်မှု မရှိနိုင်ဘူး ဆိုပြီး Kpler က မတ် စမတ်က သုံးသပ်ပါတယ်။

 ဒါပေမဲ့လည်း ရုရှားရဲ့ ရေနံရောင်းချမှု တားမြစ်ရေး အစီအစဉ်ဟာ ကမ္ဘာ့စျေးကွက်ကို ထိခိုက် နိုင်တဲ့ အပြင် ရေနံစျေးတက်တာကိုပါ ကြုံရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ (ရေနံစျေးတက်ရင် ရုရှားက အဓိက အကျိုးအမြတ် ရှိနေမှာဖြစ်ပါတယ်။)

 စျေးနှုန်းကန့်သတ်မှု အစီအစဉ်ဟာ ရုရှားရေနံစိမ်းကို လျှော့စျေးနဲ့ ရနေတဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေ အပေါ်မှာ ဘယ်လို သက်ရောက်မှု ရှိနိုင်မလဲ ဆိုတာကလည်း မသေချာသေးပါဘူး။

တကယ်လို့ ဂျီဆဲဗင်း နိုင်ငံတွေရဲ့ စျေးနှုန်း ကန့်သတ်မှု အစီအစဉ်ကို ပူးပေါင်းရင် အဲဒီနိုင်ငံတွေကို ရေနံ ရောင်းချမှု ရပ်တန့်မယ်ဆိုပြီး ရုရှားဘက်က ပြောဆိုထားပါတယ်။

 ဒါပေမဲ့ ဥရောပ နိုင်ငံတွေဆီကနေ အာရှကို ရေနံတွေလွှဲပြောင်းပို့ဆောင်ရမဲ့ ရုရှားရဲ့ အစီအစဥ်ဟာ စျေးကြီး အချိန်ကုန်တဲ့အတွက် ရုရှားအနေနဲ့ အခက်အခဲနဲ့ရင်ဆိုင်ရနိုင်တယ် ဆိုပြီး နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျုက သုတေသီ မာရီယာ ရှာဂီနာက ထောက်ပြထားပါတယ်။

ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှု သက်ရောက်မှု ရှိလား။

 ရုရှားရဲ့ ရေနံစိမ်း စျေးနှုန်းက လျှော့စျေးကြောင့် ဆွဲဆောင်မှု ရှိနေပေမယ့် အိန္ဒိယ ရေနံသန့်စင်ရေး စက်ရုံတွေ အနေနဲ့ ငွေပေးချမှု အပိုင်းမှာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေရှိနေတဲ့ အတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 နောက်ထပ် ရွေးချယ်စရာ တစ်ခုအနေနဲ့ အိန္ဒိယဘက်က နိုင်ငံတွင်းက ပို့ကုန်တွေကို ရူပီး၊ ဒေါ်လာနဲ့ ယူရို ငွေကြေး အစား ရူဘယ်နဲ့ ရယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ ဒါကလည်း လောလောဆယ် အချိန်အထိ အဆင်မပြေသေးပါဘူး။

တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီတွေကတော့ ရုရှားရေနံစိမ်း ဝယ်ယူရာမှာ ဒေါ်လာ အစား တရုတ် ယွမ်ငွေကို ပိုမို သုံးစွဲလာကြပါတယ်။

အာရှ နိုင်ငံတွေဆီကို ရုရှား သဘာဝ ဓာတ်ငွေ့ ဘယ်လောက်ထိ ရောက်နေလဲ။

အိန္ဒိယရဲ့ စုစုပေါင်း ဓာတ်ငွေ့ လိုအပ်ချက် ၅၀% ဟာ နိုင်ငံရပ်ခြားက လာပါတယ်။ ဒါပေမဲ့ အများစုက ပင်လယ်ကွေ့နိုင်ငံတွေကနေ တင်သွင်းပြီး ရုရှားဆီက အနည်းငယ်သာ တင်သွင်းပါတယ်။

 ရုရှားရဲ့ LNG သဘာဝ ဓာတ်ငွေ့ အိန္ဒိယကို တင်ပို့မှုက အင်မတန်နည်းပါးတယ်လို့ အားဂတ်စ် သတင်းဌာနက စွမ်းအင် ကုန်စည် အကြောင်း ကျွမ်းကျင်သူ အန်တိုနီယို ပက်စ်ဆီယာက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဓာတ်ငွေ့ သင်္ဘော၇ စီးဝင်ရောက်ခဲ့ပေမဲ့ ဒီနှစ်မှာ ၅စီးပဲ အိန္ဒိယကို ဝင်ရောက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

 တရုတ်နိင်ငံအနေနဲ့ဗဟိုအာရှနိုင်ငံတွေကနေ ပိုက်လိုင်းနဲ့ သဘာဝ ဓာတ်ငွေ့ကို အဓိက ရယူပါတယ်။ လောလောဆယ်မှာ တရုတ်ကို အဓိက ဓာတ်ငွေ့တင်ပို့တဲ့ နိုင်ငံက တာ့ခ်မစ်နစ္စတန် ဖြစ်ပါတယ်။

ဒါပေမဲ့ ပိုက်လိုင်း လမ်းကြောင်း အသစ် ဖြစ်ပြီး ဆိုက်ဘေးရီးယား စွမ်းအင်လို့ သိထားကြတဲ့ လမ်းကြောင်း ဒီဆယ်စုနှစ်ထဲမှာ ပြီးသွားခဲ့ရင် ရုရှားဟာ တရုတ်ကို အဓိက ဓာတ်ငွေ့ တင်ပို့သူ ဖြစ်လာမှာပါ။

 တရုတ် အနေနဲ့ အခြားနိုင်ငံတွေကနေ LNG သဘာဝ ဓာတ်ငွေ့ကို အဓိက တင်သွင်းနေတာ ဖြစ်ပေမဲ့ ဒီနှစ်ထဲမှာ ရုရှားဆီက LNG ဝယ်ယူမှု သိသိသာသာ တိုးလာပါတယ်။

 တခါ အာတိတ် ကို ဖြတ်ပြီး ရုရှား LNG ကို ပင်လယ်ရေကြောင်းကနေ ပို့ဆောင်မဲ့ သဘောတူညီချက် အသစ်တွေကိုလည်း တရုတ်နဲ့ ရုရှား အကြား လက်မှတ်ရေးထိုးထားကြပါတယ်။