ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အယ်လ်ရှီဖာဆေးရုံထဲမှာ ဟားမတ်စ်တွေရဲ့ လက်နက်တွေ သိမ်းဆည်းမိတယ်လို့ အစ္စရေးပြော - နိုဝင်ဘာလ ၁၆ ရက်ညပိုင်း သတင်းများ
ဂါဇာမြို့မှာ ရှိတဲ့ အယ်လ် ရှီဖာ ဆေးရုံအတွင်းထဲမှာ အစ္စရေးစစ်တပ်က ရှာဖွေစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။ အဲဒီမှာ ဟားမတ်စ်လက်နက်ကိုင်တွေက လျှို့ဝှက် ကွပ်ကဲရေးစခန်းတစ်ခု ထားထားတယ်ဆိုတဲ့ ပြောဆိုချက်တွေကို သက်သေပြနိုင်ဖို့ အစ္စရေးစစ်တပ်အနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဆေးရုံထဲက နေရာငယ်လေးတစ်ခုထဲ ဘီဘီစီ သတင်းထောက်တစ်ဦးကို အစ္စရေးစစ်တပ်က ခေါ်သွားခဲ့ပြီး ဟားမတ်စ်လက်နက်ကိုင်တွေ ဖွက်ထားတယ်ဆိုတဲ့ ရိုင်ဖယ်သေနတ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ကျည်ကာအင်္ကျီတွေကို ခေါ်ပြခဲ့ပါတယ်။ အဲဒီဆေးရုံက ဆရာဝန် ဒါမှမဟုတ် လူနာတွေနဲ့တော့ ဘီဘီစီသတင်းထောက်ကို စကားပြောခွင့် မပေးခဲ့ပါဘူး။
ဟားမတ်စ်တို့ဘက်ကတော့ သူတို့အဲဒီမှာ လှုပ်ရှားနေတယ်ဆိုတာကို ငြင်းဆိုထားသလို ဘီဘီစီအနေနဲ့ နှစ်ဖက်စလုံးရဲ့ ပြောဆိုချက်တွေကို သီးခြားအတည်ပြုချက် မရယူနိုင်သေးပါဘူး။
အစ္စရေးနဲ့ ဟားမတ်စ်အကြား တိုက်ပွဲတွေ သီတင်းပတ်နဲ့ချီ ဖြစ်ပွားခဲ့အပြီး ဂါဇာမြို့ဟာ ငလျင်ဒဏ်ခံထားရတဲ့ မြို့နဲ့ တူနေတယ်လို့ သူက ပြောပါတယ်။
အစ္စရေးစစ်တပ်က ဟားမတ်စ်တွေ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေရဲ့ ပုံတွေ၊ ဗီဒီယိုတွေ ပါတယ်ဆိုတဲ့ လက်ပ်တော့ ကွန်ပျူတာ တစ်ခုကို ဘီဘီစီကို ပြခဲ့ပါတယ်။
ဟက်ဇ်ဘိုလာနဲ့ ဆက်နွှယ်နေတယ်လို့ ယူဆရတဲ့ အဆောက်အအုံတွေကို ဂျာမနီရဲတွေ စီးနင်းရှာဖွေ
ဂျာမနီနိုင်ငံမှာ အီရန်အစိုးရ အားပေးတဲ့ ဟက်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွှယ်နေတယ်လို့ ယူဆရတဲ့ နေအိမ်အဆောက်အအုံတွေကို ဂျာမနီရဲ ရာပေါင်းများစွာက နိုင်ငံတဝန်း စီးနင်းရှာဖွေခဲ့ပါတယ်။
ဂျူးလူမျိုးအတော်များများက သူတို့အပေါ် အန္တရာယ် ရှိလာနိုင်တယ်လို့ စိုးရိမ်နေကြချိန်မျိုးမှာပဲ ဂျာမနီရဲတွေက ဟမ်ဘာ့ဂ်မြို့ အစ္စလာမ်မစ်ဘာသာရေးစခန်းနဲ့ တွဲဖက် အုပ်စုတွေကို ပစ်မှတ်ထား စီးနင်းရှာဖွေခဲ့တာ ဖြစ်တယ်လို့ ဂျာမနီ ပြည်ထဲရေး ဝန်ကြီး နန်စီ ဖေဆာ ကပြောပါတယ်။
အစ္စရေးကို ရန်လိုတဲ့ ဂျူးမုန်းတီးရေး လှုံ့ဆော်မှုမျိုးတွေကို ဂျာမနီအစိုးရအနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးကို ဟားမတ်စ်လက်နက်ကိုင်တွေ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဟားမတ်စ်နဲ့ သူ့ကို ထောက်ခံအားပေးတဲ့ အုပ်စုတွေကို ဂျာမနီအစိုးရက အခုလ အစောပိုင်းမှာ မတရားအသင်း ကြေညာခဲ့အပြီး နေရာ ၅၄ ခုကို ရဲတွေက စီးနင်းရှာဖွေခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ဒန်နဲ့ ရှီကျင့်ဖျင်တို့ အေပက်ညီလာခံမှာ သီးခြားတွေ့ဆုံ
ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပနေတဲ့ အေပက်ခ် ထိပ်သီးညီလာခံက သီးသန့်အစည်းအဝေးမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အပြန်အလှန် နွေးနွေးထွေးထွေး ပြောဆိုဆွေးနွေးသွားခဲ့ကြပါတယ်။ ဒါပေမဲ့ နှစ်ဖက်အကြား သဘောကွဲလွဲနေမှုတွေကိုလည်း မီးမောင်းထိုး ထောက်ပြသွားခဲ့ကြပါတယ်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ဟာ အာဏာရှင်တစ်ယောက် ဖြစ်တယ်လို့ သူယုံကြည်ထားကြောင်းကို သမ္မတ ဘိုင်ဒန်က ထပ်မံ ပြောသွားခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ အလွန်အမင်းကို မှားယွင်းတယ်လို့ တရုတ်အစိုးရက နောက်ပိုင်းမှာ တုံ့ပြန်ခဲ့ပါတယ်။
သမ္မတ ရှီကျင့်ဖျင်ကလည်း တရုတ်အစိုးရပိုင် နယ်မြေလို့ သတ်မှတ်ထားတဲ့ ထိုင်ဝမ်ကျွန်းကို လက်နက်တွေ ထောက်ပံ့နေတာ ရပ်တန့်ဖို့ သမ္မတ ဘိုင်ဒန်ကို ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင် နှစ်ဦးအကြား အပြုသဘော ပိုဆန်တဲ့ တွေ့ဆုံဆွေးနွေးမှု တစ်ခု လုပ်နိုင်ခဲ့တာဟာ လတ်တလောနှစ်ပိုင်းတွေအတွင်း ဆိုးဝါးလာနေတဲ့ ဆက်ဆံရေး ကောင်းမွန်လာစေဖို့ နှစ်နိုင်ငံစလုံးက လိုလားနေကြတယ် ဆိုတာကို ဖော်ပြနေပါတယ်။
ရှန်ဇီပြည်နယ် ရုံးဌာန မီးလောင်မှု အနည်းဆုံး လူ ၂၅ ဦး သေဆုံး
တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ဇီပြည်နယ်က ရုံးဌာနတစ်ခုမှာ မီးလောင်မှု ဖြစ်ခဲ့ရာမှာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့ပါတယ်။
မီးလောင်နေတဲ့ အဆောက်အအုံကနေ မီးတောက်တွေ၊ မီးခိုးလုံးကြီးတွေ လွင့်တက်လာနေတာကို ဆိုရှယ်မီဒီယာပေါ်က ပုံတွေမှာ တွေ့ရပါတယ်။
ကျောက်မီးသွေးတွင်း ကုမ္ပဏီတစ်ခုရဲ့ ရုံးဌာနဖြစ်တဲ့ အဲဒီအဆောက်အအုံထဲကနေ လူ ဒါဇင်ပေါင်းများစွာကို ကယ်ထုတ်ခဲ့ရပြီး လူ ၅၀ ကျော်လောက်ကို ဆေးရုံ တင်ပို့ခဲ့ရပါတယ်။
အခုအခါ မီးကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ အစိုးရ သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။