တရုတ်သမ္မတ ရှီကျင့်ဖျင် ကွန်မြူနစ်ပါတီခေါင်းဆောင် အဖြစ်ဆက်ရှိမယ်

တရုတ်သမ္မတ ရှီကျင့်ဖျင်

ဓာတ်ပုံ ရင်းမြစ်, Reuters

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အာဏာရ ကွန်မြူနစ်ပါတီခေါင်းဆောင်အဖြစ် တတိယသက်တမ်းဆက်ရှိတော့မှာဖြစ်ပါတယ်။

ကွန်မြူနစ်ပါတီ ကွန်ဂရက်အပြီး ဘေကျင်းမြို့က ပြည်သူ့ခန်းမဆောင် စင်မြင့်ထက်ကို ကွန်မြူနစ်ပါတီရဲ့ အမြဲတမ်းကော်မတီအဖွဲ့ဝင်တွေ ထွက်လာတဲ့အခါ ရှီကျင့်ဖျင်က ဦးဆောင်ပြီး ထွက်လာတာဖြစ်ပါတယ်။

ဒါဟာ ရှီကျင့်ဖျင်အနေနဲ့ ပါတီခေါင်းဆောင်အဖြစ် တတိယသက်တမ်း ဆက်ပြီး ယူထားမယ်လို့ ပြသလိုက်တာလည်းဖြစ်ပါတယ်။

သူဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲဖြစ်တဲ့ ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း ဆက်ရှိနေမှာဖြစ်တာကြောင့် အဲဒီရာထူးအပါအဝင် တရုတ်နိုင်ငံရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတ ရာထူး၊ နောက် တရုတ်နိုင်ငံရဲ့ စစ်တပ်ကို အမိန့်ပေးနိုင်တဲ့ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးတွေကိုပါ ဆက်ယူထားမယ်လို့ နားလည်ရပါတယ်။

တရုတ်ပြည်တွင်းမှာ ခေါင်းဆောင်ကြီးလို့ ခေါ်ကြတဲ့ အသက် ၆၉ နှစ်အရွယ် မစ္စတာ ရှီဟာ အာဏာသက်တမ်းက နှစ်ကြိမ်သာဆိုတဲ့ ကန့်သတ်ချက်ကို ၂၀၁၈ မှာ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်တွေကို သမ္မတရှီကျင့်ဖျင်က ဦးဆောင်ပြီး ပြည့်သူ့ခန်းမဆောင်ရှိရာ ထွက်လာ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်တွေကို သမ္မတရှီကျင့်ဖျင်က ဦးဆောင်ပြီး ပြည့်သူ့ခန်းမဆောင်ရှိရာ ထွက်လာ

‘‘ကမ္ဘာကြီးက တရုတ်နိုင်ငံကိုလိုအပ်ပါတယ်’’- ရှီ

ပါတီခေါင်းဆောင်နေရာကို တတိယသက်တမ်းဆက်ယူမယ်လို့ ကြေညာလိုက်တဲ့ သမ္မတရှီဟာ ပါတီခေါင်းဆောင်ပိုင်းနေရာယူကြမယ့် အမြဲတမ်းကော်မတီအဖွဲ့ဝင်တွေကိုလည်း တပါတည်း ကြေညာလာပါတယ်။

မီဒီယာတွေနဲ့တွေ့ဆုံတဲ့သူ့မိန့်ခွန်းမှာတော့ မစ္စတာရှီဟာ တရုတ်ပြည်ကို ဘယ်လမ်းကြောင်းပေါ် ဦးတည်မလဲဆိုတဲ့ အရေးပါတဲ့အချက်ကိုလည်း ထည့်ပြောသွားတာတွေ့ရပါတယ်။

မစ္စတာရှီဟာ တရုတ်နိုင်ငံကို ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်မယ့် မူဝါဒကိုများ ကိုင်သုံးမလားဆိုတဲ့ မေးခွန်းတွေ မြင့်တက်ခဲ့ပေမဲ့ သူကတော့ ‘‘ကမ္ဘာကြီးမရှိဘဲ တရုတ်နိုင်ငံ တိုးတက်မှုဖြစ်မလာနိုင်သလို ကမ္ဘာကြီးကလည်း တရုတ်နိုင်ငံကို လိုအပ်ပါတယ်’’လို့ ပြောသွားပါတယ်။

‘‘နိုင်ငံ့(စီးပွားရေး)ကို ဖွင့်တာနဲ့ ပြုပြင်ပြောင်းလဲရေး မဆုတ်မနစ် အားထုတ်မှုတွေကို နှစ်ပေါင်း ၄၀ ကျော်ကြာ ပြုလုပ်လာတဲ့အခါ အံ့ဖွယ်နှစ်ခုကို ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒါကတော့ စီးပွားရေး လျင်လျင်မြန်မြန်တိုးတက်မှုနဲ့ ရေရှည်တည်တံ့တဲ့လူမှုဘဝတည်ငြိမ်မှုဖြစ်ပါတယ်’’

မီဒီယာနဲ့မိတ်ဆက်ချိန်တွေ့ရတဲ့ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မီဒီယာနဲ့မိတ်ဆက်ချိန်တွေ့ရတဲ့ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်ဖြစ်ပါတယ်။

ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းမှာ ဘယ်သူတွေပါဝင်လာလဲ

အသက် ၆၉ နှစ်အရွယ် မစ္စတာရှီကတော့ ပါတီထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ အထွေထွေအတွင်း ရေးမှူးနေရာမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။

  • လီကျင်း (အသက် ၆၃ နှစ်) - ပါတီအထွေထွေအတွင်းရေးမှူး(ရှန်ဟိုင်း) - သမ္မတရှီကျင့်ဖျင်က ရှန်ဟိုင်းပါတီအကြီးအကဲ လီကျင်းကို တရုတ်စီးပွားရေးကဏ္ဍအတွက် ခေါင်းဆောင်နေရာပေးလိုက်သလို နောက် နိုင်ငံ့ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ်အသစ်အဖြစ်လည်း ခန့်အပ်လိုက်ပါတယ်။
  • ခိုင့်ကျီ (အသက် ၆၆ နှစ်) - ပါတီအထွေထွေအတွင်းရေးမှူး(ဘေကျင်း) - သမ္မတ ရှီကျင့်ဖျင်ကို လူသိရှင်ကြားထောက်ခံသူ
  • တင်းရှဲ့ရှန် (အသက် ၆၀ နှစ်) - အထွေထွေရုံးညွန်ကြားရေးမှ - သမ္မတရှီကျင့်ဖျင်ရဲ့ အခုနှစ်ခရီးစဥ်တွေမှာ လိုက်ပါပြီး သမ္မတနားမှာ အနီးကပ်တွေ့ရသူ
  • လီရှီ (အသက် ၆၆ နှစ်) - ဂွမ်‌ဒေါင်းပြည်နယ်ပါတီအတွင်းရေးမှူး - သမ္မတရှီနဲ့ ခိုင်မာတဲ့ဆက်ဆံရေးထောင်ထားနိုင်သူ ဂွမ်ဒေါင်းပြည်နယ် ပါတီအတွင်းရေးမှူး၊ ပြည်နယ်အတွင်းစီးပွားရေးတိုးတက်နှုန်းကို လိမ်လည်ပြသခဲ့သူတွေကို အပြစ်ပေးဖို့ လောင်နင်းပြည်နယ်ကို တာဝန်ခံအဖြစ် စေလွှတ်ခြင်းခံရသူ
  • ကျောက်လီဂျီး (အသက် ၆၅ နှစ်) - ဗဟိုအဂတိမှုတိုက်ဖျက်ရေးအဖွဲ့အတွင်းရေးမှူး - နောက်တစ်ကြိမ် ထပ်မံရွေးချယ်ခံရတဲ့ပေါ်လစ်ဗြူရိုအမြဲတမ်းအဖွဲ့ဝင်
  • ဟုနီ (အသက် ၆၇ နှစ်) - အတွင်းဝန်ရုံးအတွင်းဝန် - နောက်တစ်ကြိမ် ထပ်မံရွေးချယ်ခံရတဲ့ပေါ်လစ်ဗြူရိုအမြဲတမ်းအဖွဲ့ဝင်

မစ္စတာရှီကတော့ ပေါ်လစ်ဗြူရို အမြဲတမ်းကော်မတီဝင်တွေကို မိတ်ဆက်ရင်း ‘‘သူတို့အားလုံးဟာ ခင်ဗျားတို့ ကောင်းကောင်းသိနေကြတဲ့သူတွေပါပဲ’’ လို့လည်း ပြောသွားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘယ်သူတွေက မစ္စတာရှီကို ဂုဏ်ပြုစကားပြောနေကြလဲ

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကလည်း နိုင်ငံ့ခေါင်းဆောင်နေရာကို တတိယအကြိမ်တာဝန်ထမ်းဆောင်မယ့် မစ္စတာရှီကို ဂုဏ်ပြုစကားပြောထားတယ်ဆိုပြီး သမ္မတနန်းတော် ကရင်မလင်ဘက်က ပြောလာပါတယ်။

ရုရှား-တရုတ် ၂ နိုင်ငံအကြား ဘက်စုံလွှမ်းခြုံနိုင်မယ့်တိုးတက်ရေးအတွက် ဆက်ပြီး လက်တွဲလုပ်ဖို့ မျှော်လင့်တဲ့အကြောင်း မစ္စတာ ပူတင်က မစ္စတာရှီကို ပြောထားပါတယ်။

တရုတ်နဲ့ရုရှားသမ္မတတို့ဟာ ကာဇက်စတန်မှာပြုလုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးညီလာခံမှာ နှစ်ဦးသီးသန့်တွေ့ဆုံပြီး သူတို့နှစ်နိုင်ငံရဲ့ ခိုင်ကြည်မှုကို ပြသထားပါတယ်။

ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်မှုမဖြစ်လေးခင် ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာတော့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာ အကန့်အသတ်မရှိတဲ့ ချစ်ကြည်ရင်းနှီးမှုရှိတယ်လို့ နှစ်ဖက်စလုံးက ကြေညာထားပါတယ်။

တစ်ခါ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကလည်း တရုတ်ခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်ခံရတဲ့ မစ္စတာရှီကို ဂုဏ်ပြုစာ ပို့လိုက်ပြီလို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းက သတင်းဖော်ပြပါတယ်။