မေ ၇ ရက်၊ တနင်္ဂနွေနေ့ နိုင်ငံတကာ ထိပ်တန်း သတင်း- ထိုင်းရွေးကောက်ပွဲ ကြိုတင်မဲတွေ စပေးနေပြီ

ထိုင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ရေးထားတဲ့ ဖွဲ့စည်းပုံကို ကျော်ပြီး အစိုးရသစ် ပေါ်လာနိုင်မလား

ထိုင်းနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းတစ်ပတ်ပဲ လိုတော့ချိန်မှာ ထိုင်းပြည်သူတွေ ကြိုတင်မဲတွေ စတင် ပေးနေကြပြီ ဖြစ်ပါတယ်။

ကြိုတင်မဲ ပေးဖို့ စာရင်းပေးထားကြသူ အရေအတွက် ၂ သန်း ရှိပါတယ်။ ကြိုတင် စစ်တမ်းတွေ အရ လက်ရှိ ဝန်ကြီးချုပ် ပရာယွတ် ချန်-အိုချာရဲ့ အုပ်စုထက်စာရင် အဓိက အတိုက်အခံ ပါတီတွေ ဖြစ်တဲ့ Pheu Thai ပါတီနဲ့ Move Forward ပါတီတို့ဟာ လူကြိုက်များမှုမှာ အတော်လေး အသာစီးရနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီး တိုင်းပြည်အာဏာကို လွန်ခဲ့တဲ့ ၉ နှစ်တုန်းက စတင်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ပြင်ဆင် ရေးဆွဲထားတာမှာ အတိုက်အခံတွေ အနေနဲ့ နောက် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းဖို့ ဆိုတာ မဖြစ်နိုင်လောက်အောင် ပြုလုပ်ထားတယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။

ဘန်ကောက်မြို့လယ်က မဲရုံတစ်ရုံမှာတွေ့ရတဲ့ ထိုင်း အမျိုးသမီးတစ်ယောက် ပြောတာက .....

“ထိုင်းနိုင်ငံမှာ အသွင်သစ် ပြောင်းလဲလာတာကို မြင်တွေ့ချင်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရ ဘာတွေ လုပ်သွားခဲ့သလဲ ဆိုတာ မြင်တွေ့ ခဲ့ရပြီးပြီ၊ အခုတော့ ... ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ့် အစိုးရသစ် တစ်ရပ် ပေါ်ပေါက်လာဖို့ မျှော်လင့် နေပါတယ်” ဆိုပြီး ပြောသွားပါတယ်။

ကိုလိုနီရန်ငြိုးတွေ ပြေလည်စေဖို့ ဆိုးလ်ကို သွားတဲ့ ဂျပန် ဝန်ကြီးချုပ်

ဖူမိအို ကီရှီဒါဟာ ဆယ်စုနှစ် တစ်ခုကျော် ကာလအတွင်း တောင်ကိုရီးယား နိုင်ငံကို တရား၀င် သွားရောက်တဲ့ ပထမဆုံး ဂျပန်ဝန်ကြီးချုပ် တစ်ယောက် ဖြစ်လာပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ထူထောင်ဖို့ သင်္ကတေဆောင် ပြုလုပ်တဲ့ အနေနဲ့ ဂျပန်ဝန်ကြီးချုပ်ဟာ ဆိုးလ်မြို့တော်ကို ရောက်ရောက်ချင်း ပထမဆုံး သွားတဲ့ နေရာကတော့ ဂျပန်တွေ ကိုရီးယားကျွန်းကို ကိုလိုနီ အဖြစ် သိမ်းပိုက် အုပ်ချုပ်ခဲ့စဉ် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ရာက ကျဆုံးခဲ့ရတဲ့ ကိုရီးယား တော်လှန်ရေး စစ်သည်တွေရဲ့ သင်္ချိုင်း ဖြစ်ပါတယ်။

ဂျပန်ဟာ ကိုရီးယားကို ပြီးခဲ့တဲ့ ရာစုနှစ် ပထမ ထက်ဝက် ကာလတွေမှာ၊ နှစ်ပေါင်းများစွာ သိမ်းပိုက်ထားပြီး ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်ရေး ထူထောင်ခဲ့တာကြောင့် အခုချိန်ထိအောင် ကိုရီးယားတွေရဲ့ကြား ဂျပန် ဆန့်ကျင်ရေး စိတ်တွေ အပြင်းအထန် ဆက်ရှိနေပြီး၊ နှစ်နိုင်ငံ ဆက်ဆံရေးလည်း မကောင်းမွန်လှပါဘူး။

အခု ဂျပန်ဝန်ကြီးချုပ် ဖူမိအို ကီရှီဒါ ရောက်လာတဲ့ အခါ တောင်ကိုရီးယား သမ္မတ ယွန် ဆော့ခ် ယောလ် Yoon Suk Yeol ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဂျပန်နဲ့ကြား ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ပေးချင်တဲ့ စိတ်ဆန္ဒမျိုးကို တာဝန်ဝတ္တရား တစ်ခု အနေနဲ့ကို သူထားရှိတယ်လို့ မစ္စတာ ယွန်က ပြောခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရောက်လာတာကို ဆန္ဒပြနေကြတဲ့ တောင်ကိုရီးယား ပြည်သူတွေလည်း ရှိနေပါတယ်။

ဆန္ဒပြ အမျိုးသမီး တစ်ယောက် ပြောတာက ....

“ဂျပန်ဘက်က သူတို့ ကျူးလွန်ခဲ့သမျှ ဝန်ချတောင်းပန်ဖို့ ပထမ အချက် အနေနဲ့ ကျွန်မတို့ တောင်းဆိုတယ်။ ပြီးတော့၊ ကိုလိုနီပြု သိမ်းပိုက်ခဲ့တဲ့ ဥပဒေမဲ့ လုပ်ရပ် အဖြစ် လျော်ကြေးလည်း ပေးရမှာ ဖြစ်တယ်” ဆိုပြီး ပြောသွားပါတယ်။

ဗီယက်နမ်မှာလည်း အပူချိန် စံချိန်ကျိုးအောင် မြင့်တက်

ဗီယက်နမ်နိုင်ငံမှာ ၄၄ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်တဲ့ အထိ အပူချိန် မြင့်တက်ခဲ့ပါတယ်။ ဒါဟာ ဗီယက်နမ် သမိုင်းတလျှောက် မှတ်တမ်း တင်နိုင်ခဲ့သမျှထဲ စံချိန်တင် အပူချိန် ဖြစ်ပါတယ်။ အဲဒီလို စံချိန်တင် အပူချိန် မြင့်ခဲ့တဲ့ နေရာဟာ နိုင်ငံ မြောက်ပိုင်းက ပြည်နယ်တစ်ခု ဖြစ်တဲ့ ဟိုင်ဟွာ Thanh Hoa ဆိုတဲ့ နေရာမှာ ဖြစ်ပါတယ်။ အပူချိန် အမြင့်ဆုံး နေလယ်နေ့ခင်းချိန်တွေမှာ အပြင်မထွက်ပဲ အိမ်ထဲမှာပဲ နေကြဖို့ ဗီယက်နမ် အာဏာပိုင်တွေက သတိပေးနေပါတယ်။ ဒေသတွင်း ထိုင်းနဲ့ မြန်မာ နိုင်ငံတွေမှာလည်း အပူချိန် လွန်ကဲတဲ့ ရာသီဥတု တွေ့ကြုံ နေခဲ့ကြပါတယ်။

အာရပ်လိဂ်ထဲ ဆီးရီးယားကို ပြန်ထည့်လိုက်ပြီ

အာရပ်နိုင်ငံများအဖွဲ့ချုပ် အာရပ်လိဂ် ထဲမှာ ဆီးရီးယားကို ပြန်လည် ထည့်သွင်း လိုက်ကြပါတယ်။ အာရပ်လိဂ်ထဲကနေ ဆီးရီးယားကို အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ ထားခဲ့တာ ၁၂ နှစ် အကြာမှာ၊ အခုလို ပြန်ပြီး အဖွဲ့ဝင် အဖြစ် ပြန်ပြီး အသိအမှတ် ပြုဖို့ အာရပ်နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက သဘောတူ ခွင့်ပြု ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ လိုလား တောင်းဆိုသူတွေ အပေါ် ရက်စက် ကြမ်းကြုတ်စွာ ဖြိုခွင်းခဲ့ရာကနေ ပြည်တွင်းစစ် ပေါ်ပေါက် လာခဲ့တဲ့နောက် ဆီးရီးယားကို အာရပ်လိဂ်ထဲကနေ ထုတ်ပယ် ထားခဲ့တာ ဖြစ်ပါတယ်။

ဒမတ်စ်ကပ်စ်နဲ့ တခြား အာရပ်နိုင်ငံတွေကြား ဆက်ဆံရေး တင်းမာအေးခဲ နေရာကနေ အခုနှစ်ပိုင်းတွေမှာတော့ တိုးတက်မှုတွေ ပြန်လည် ရှိလာပြီး၊ ဆော်ဒီနဲ့ အီဂျစ် နိုင်ငံခြားရေး ဝန်ကြီးတွေ ဆီးရီးယားကို လတ်တလောမှာပဲ သွားခဲ့ကြသလို၊ ဆီးရီးယားနဲ့ တူနီးရှား နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးကိုလည်း အပြည့်အဝ အခြေအနေထိ ပြန်လည် ထားရှိလာတာကို တွေ့မြင်ခဲ့ရပါတယ်။

ရုရှားပိုက်နက်ထဲထိ ယူကရိန်း တိုက်ခိုက်နေပြီလား

ရုရှားနိုင်ငံ အနောက်ပိုင်း၊ ယူကရိန်းနဲ့ ကပ်နေတဲ့ ဘဲလ်ဂိုရော့ဒ် ဒေသထဲက ကျေးရွာတစ်ခုကို လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့တယ် ဆိုတဲ့ သတင်းတွေ ရထားပါတယ်။ ဒေသန္တရ အုပ်ချုပ်ရေးမှူးရဲ့ အဆိုအရ အဲဒီက လျှပ်စစ် ဓာတ်အားလိုင်းတွေ၊ ဂက်စ်ပိုက်လိုင်းတွေ ထိမှန် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ လူ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ အခုလို ရုရှားနိုင်ငံထဲထိ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ သူတို့ ဖြစ်တယ် ဆိုပြီးတော့ ယူကရိန်းဘက်ကတော့ မပြောပါဘူး။ ဒါပေမယ့် ယူကရိန်း ဘက်က တန်ပြန် ထိုးစစ်တွေ ပမာဏ ကြီးကြီးမားမား ပြုလုပ်ဖို့ ပြင်ဆင်နေပြီး၊ ရုရှားရဲ့ အခြေခံ အဆောက်အအုံတွေကို ဖျက်စီးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ယူကရိန်းက လောလောလတ်လတ်မှာပဲ ပြောထားပါတယ်။

ဆူဒန် ကနဦး စကားပြောပွဲတွေ တကယ်တမ်း အလုပ် ဖြစ်လာမလား

ဆူဒန်နိုင်ငံမှာ အုပ်စုကွဲပြီး တိုက်ခိုက်နေကြတဲ့ စစ်တပ်နဲ့ ပြည့်သူ့စစ်တွေဟာ နှစ်ဖက်ကြား ဆွေးနွေးတာတွေ ပြုလုပ်နိုင်ဖို့ ကနဦး စကား ပြောဆိုမှုတွေ ပြုလုပ် နေချိန်မှာပဲ၊ မြို့တော် ခါတွန် ရှိရာဆီ ပြည်သူ့စစ်တွေဘက်က စစ်ကူတွေ ထပ်မံစေလွှတ် နေတယ် ဆိုပြီး ဆူဒန် စစ်တပ်က စွပ်စွဲ ပြစ်တင်လိုက်ပါတယ်။

ကနဦး စကားပြောဆိုပွဲတွေကို ဆော်ဒီအာရေဗျ နိုင်ငံမှာ မနေ့ စနေနေ့က စပြီး ပြုလုပ်ဖို့ စီစဉ်ထားပြီး ဆူဒန် လက်နက်ကိုင် ၂ ဖွဲ့စလုံး ဘက်က ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ကြောင်း အတည်ပြုထားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ နှစ်ဖက် ကိုယ်စားလှယ်တွေ တိုက်ရိုက် တွေ့ဆုံ ဖြစ်ခဲ့ကြသလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြို့တော် ခါတွန်မှာတော့ နေရာအများစုကို ထိန်းချုပ်ထားတဲ့ RSF ပြည်သူ့စစ်တွေကို ဆူဒန် လေတပ်က ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ အခု ဆိုရင် သီတင်း သုံးပတ် ရှိနေပြီ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာကတည်းက အခုချိန်ထိအောင် အတည်ပြုထားနိုင်သမျှ သေဆုံးသူ အယောက် ၅၀၀ နီးပါး ရှိနေပြီ ဖြစ်ပြီး၊ လူ နှစ်ထောင့်ငါးရာ ဝန်းကျင်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိ ခဲ့ကြတယ်လို့ ဆူဒန် ဆရာဝန်တွေ အသိုင်းအဝိုင်းက ပြောကြပါတယ်။